Dec
28

ဘယ်လို ထွားကျိုင်းရမလဲ ဆိုသည့်အပေါ် အဖြေ ၂၀

Home > Training and Contest > ဘယ်လို ထွားကျိုင်းရမလဲ ဆိုသည့်အပေါ် အဖြေ ၂၀

ထိပ်ပိုင်းက ကာယဗလမောင်များကို မေးကြသော မေးခွန်းများထဲတွင် အများဆုံး မေးကြသည် မှာ “ပုံမှန် ပျမ်းမျှ ကာယဗလ လေ့ကျင့်သူတစ်ယောက်က ကြီးထွား ကြီးမားချင်တယ်ဆိုလျှင် ခင်ဗျားတို့ ဘယ်လို အကြံပေးမလဲ?” ဆိုတာပါပဲ။ ဤမေးခွန်းသည် ချန်ပီယံများကို နှောင်ကြိုးက လွတ်ပေးလိုက်ပြီး အဓိက အရေးကြီးဆုံး သင်ခန်းစာများကို သင်ပြပေးစေပါသည်။ သူတို့၏ နှစ်ပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိခဲ့သော သင်ခန်းစာများကို ဖော်ထုတ်စေပါသည်။ ယခုတစ်ခါ ချန်ပီယံများစွာနှင့် တွေ့ဆုံမေးမြန်းပြီးမှ ရရှိခဲ့သော Knowledge များထဲမှ အကောင်းတကာ့ အကောင်းဆုံးများကို မျှဝေပေးမည်ဖြစ်သည်။

သည်တွင် ဖော်ပြမည်မှာ ကြီးအောင်ဘယ်လိုလုပ်မလဲ ဆိုသည့်မေးခွန်းအပေါ် အဖြေနှစ်ဆယ်ကို အဆင့်များအကြမ်းဖျဉ်း ခွဲကာ တင်ပြထားသည်။ တချို့သည် ထင်ရှားပေါ်လွင်သည်။ တချို့သည် တခြားအဖြေတွေနှင့် ဆန့်ကျင်သလိုထင်ရသည်။ တချို့သည် သင့်အတွက် အသစ်ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် သင့်အပေါ် ကြာရှည်စွဲထားသည့် အကျင့်ဆိုးကြီးကို ထိုးနှက်လိုက်သလို ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့အားလုံးကို စုစည်းလိုက်လျှင်တော့ တချိန်တုန်းက သင့်လို ထုထည်လေးနှင့် သင့်လို ကြီးထွားချင်စိတ် ပြင်းထန်ခဲ့ကြသော ကမ္ဘာ့ထိပ်သီး ကာယဗလမောင်များထဲမှ ကြီးထွားသန်မာထွားကျိုင်းဖို့ရန် အပြည့်စုံဆုံး ကျင့်ကြံနည်း နှစ်ဆယ်ဖြစ်လာပါသည်။

၂၀) လေ့ကျင့်ကစားခြင်းကို ပြင်းပြင်းထန်ထန် သဘောထားပါ

ချန်ပီယံများနှင့် ငတုံးများကြား ကွာခြားသွားစေသော အချက်တစ်ချက်မှာ ချန်ပီယံတို့သည် ဂျင်မ်ကို ကြည်လင်ပြတ်သားသော ရည်မှန်းချက်များနှင့် သွားခြင်းဖြစ်သည်။ ကာယဗလသည် ပျော်ရွှင်ဖွယ်တစ်ခုဖြစ်သင့်သော်လည်း အပြောင်အပျက်တစ်ခု လုံးဝမဖြစ်သင့်ပါ။ ဂျင်မ် အပြင်ဖက်ကပဲ ဖြစ်ဖြစ်၊ အတွင်းထဲကပဲဖြစ်ဖြစ် ဘယ်အနှောင့်အယှက်ကမှ သင့်လေ့ကျင့်ချိန်ကို နှေးကွေးသွားစေအောင် မပြုလုပ်စေပါနှင့်။ သင့်လေ့ကျင့်မှုပြင်းအားကို မှေးမှိန်မသွားပါစေနှင့်။

၁၉) အကျော့များကို ကြွက်သားအားကုန်သည်အထိ သို့မဟုတ် အားကုန်ပြီး ကျော်လွန်သွားသည်အထိ တွန်းထိုးကစားပါ

ကာယဗလသမားတိုင်းကတော့ ဒါကို သိပ်လက်မခံချင်ကြပါ။ သို့သော်လည်း ထိပ်သီး အများစုကတော့ အောင်မြင်မှုအတွက် သော့ချက်သည် သင်နောက်တစ်ကြိမ် မကစားနိုင်တော့သည်အထိ တကယ်ကစားခြင်းဖြစ်သည်ဟု ၀န်ခံကြသည်။ အဲသည့်နောက် ရပ်လိုက်လျှင်ရပ် သို့မဟုတ် နောက်အကြိမ်များကို အတင်းအဓမ္မ အကြိမ်ရေများနှင့်ဖြစ်စေ၊ အလေးလျှော့လျှော့ကစားသည်ဖြစ်စေ၊ ညာကစားသည်ဖြစ်စေ နည်းမျိုးစုံသုံးပြီးဆက်ကစားပါဟူ၍။

၁၈) အချိုးအစားကျသော ကိုယ်ခန္ဓာရအောင် အမြဲတမ်းကြိုးပမ်းပါ

၎င်းသည် သုံးဖန်များလွန်းသောကြောင့် ရိုးအီနေသလို ထင်ရသော အကြံပေးချက်ဖြစ်သည်။ တကယ်လက်တွေ့မှာတော့ ၎င်းသည် ကာယဗလမောင်အများစု အခက်ကြုံနေသည့် ကိစ္စတစ်ခုကို လုပ်ရခြင်းဖြစ်သည်။ ကိုယ့်အဆိုးရွားဆုံး အစိတ်အပိုင်းကို အာရုံပိုစိုက်ပြိး ကိုယ့်အကောင်းဆုံး အစိတ်အပိုင်းကို နည်းနည်းလျှော့လိုက်ခြင်းပင်။ (အားအနည်းဆုံးအစိတ်အပိုင်းကို သင့်လေ့ကျင့်ချိန်များမှာ ပထမဆုံးကစားပြီး အရေအတွက်များများ၊ ပြင်းအားများများနှင့် ကစားပါ။)

၁၇) သင် အလေးထမ်းထိုင်ထ၊ ပက်လက်အိပ် ရင်ဘတ်တွန်းနှင့် ဒတ်လစ်ဖ်တို့ကို ကစားကို ကစားရမည်

၁၆) သင် အလေးထမ်းထိုင်ထ၊ ပက်လက်အိပ် ရင်ဘတ်တွန်းနှင့် ဒတ်လစ်ဖ်တို့ကို အားလုံးကစားစရာမလိုပါ

ရွန်နီကိုးလ်မင်းအပါအ၀င် ကာယဗလချန်ပီယံများသည် အဲသည့် ပါဝါလေ့ကျင့်ခန်း သုံးမျိုးစလုံးကို ကစားကြသည်။ တခြား ပုဂ္ဂိုလ်များကတော့ သူတို့ထဲက တစ်မျိုး သို့မဟုတ် နှစ်မျိုးသည် အကြီးအကျယ်ဂုဏ်မြင့်ထားခံရပြီး ရှောင်ရှားသင့်သည့် လေ့ကျင့်ခန်းများဟု ယုံကြည်ကြသည်။ အဲသည့်လေ့ကျင့်ခန်းများကို ကစားကြည့်ပါ။ သင့်အတွက် အသုံးဝင် အကျိုးရှိလား လေ့လာကြည့်ပါ။ ဥပမာ ဒိုရီယံရိတ်စ်သည် သူ့ပေါင်များသည် အလေးထမ်းထိုင်ထ ထက် ပက်လက်အိပ် ခြေကန်လေ့ကျင့်ခန်းကို ပိုပြီး တုန့်ပြန်သည်ကို လေ့လာသိရှိခဲ့သည်။ သို့သော် ဒါလည်းပဲ သူသည် နှစ်မျိုးစလုံးကို ကစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သင်လည်း နံပါတ်၁၇တွင် ဖော်ပြထားသလို သုံးမျိုးလုံးကို ကစားပါ။ သင့်အတွက် အမြန်ဆုံး အကျိုးရှိစေမည့် ၎င်းပါဝါလေ့ကျင့်ခန်း သုံးမျိုးလုံးကို လုပ်ပါ။ သို့သော် နံပါတ် ၁၆ ကတော့ ပိုကောင်းသော ယေဘုယျ စည်းမျဉ်းဖြစ်သည်။ သင်သည် အတိအကျ ဘယ်လေ့ကျင့်ခန်းကိုမှ ကစားသင့်သည်ဟူ၍ မရှိ။ ကိုယ့်အတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းကိုသာ ရွေးချယ်ကစားပါ။

၁၅) ဘေးအန္တရာယ် ကင်းကင်းကစားပါ၊ ပြီးမှ ၀မ်းနည်းမနေပါနှင့်

သွေးပူလုပ်ခြင်းသည် မလိုအပ်သော ဝေယျာဝစ္စတစ်မျိုးလို့ ထင်နေရတတ်သည်။ သင် မထိခိုက်၊ ဒဏ်ရာမရခင်ထိပေါ့! ပြင်းထန်သော ကြွှက်သားဒဏ်ရာများ၊ အဆစ်လွဲခဲ့သည်များ၊ ကြွက်သားစုတ်ပြဲခဲ့သည်များကို ခံစားခဲ့ရသော ကစားသမားများထဲမှ လေ့လာနိုင်သော အကောင်းဆုံးသင်ခန်းစာ တစ်ခုသည် သင့်အတွက် ကာယဗလအကျိုးအမြတ်များ ဖြတ်တောက်ရပ်တန့် ပိတ်ပင်လိုက်မည့် အဲသည့် မကောင်းဆိုးဝါး ဒဏ်ရာများကို ဘယ်လို ရှောင်ရှားရမလဲဆိုတာပဲဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်မျိုးစီကို အလေးပေါ့ပေါ့နှင့်စပြီး ကိုယ့် အလေးဆုံး အလေးထိ ပစ်ရမစ်ပုံ တဖြည်းဖြည်းတိုး သွေးပူသွားပါ။ နောက်ပြီး သင်တကယ် အလေးပြားကြီး တွေထည့် ကစားတော့မည်ဆိုလျှင် အတွေ့အကြုံရင့်ကျက်သော ကစားသမားတစ်ယောက် အနည်းဆုံး စောင့်ကြည့်နေပါစေ။

၁၄) အကျော့ တစ်ကျော့စီကို ခက်ခဲအောင်လုပ်ကစားပါ။ လွယ်လွယ်လေး မကစားပါနှင့်

တ၀က်တပျက် အကြိမ်ရေများနှင့် မြောက်ကြွမြောက်ကြွ ကစားခြင်းသည် အလေးတွေကိုတော့ ပိုနိုင်စေပါသည်။ သို့သော် ကြွက်သားထိရောက်မှုတော့ နည်းသွားပြီး ထိခိုက်ဒဏ်ရာ ရနိုင်သည့် အခွင့်အရေးကိုလည်း ပိုများသွားစေသည်။ အရှိန်လေးကို ထိန်းပြီး အပြည့်အ၀ရွှေ့လျားမှုနှင့် ကစားပါ။

၁၅) အလေးအလွတ်များသည် အကောင်းဆုံးဖြစ်သည်

စက်တွေသည် ကာယဗလလေ့ကျင့်စဉ်အားလုံး လိုလိုတွင်တော့ နေရာရထားသင့်သည်။ သို့သော် ဘာဘယ်လ်တွေ၊ ဒမ်ဘယ်လ်တွေကိုတော့ ကျော်မသွားပါနှင့်။ အခုနောက်ပိုင်းတွင် ရင်အုပ်နှင့် ဆုံလေ့ကျင့်ခန်းများကို စက်ပေါ်မှာသာ အများဆုံးကစားကြသော ထိခိုက်ဒဏ်ရာ ရှောင်ရှားချင်သည့် ချန်ပီယံများပင်လျှင် သူတို့၏ အကောင်းဆုံး ရလဒ်များသည် ဘာဘယ်၊ ဒမ်ဘယ်များနှင့် ရင်အုပ်တွန်း၊ ဆုံတွန်းသည့် လေ့ကျင့်ခန်းများမှ ရခဲ့ခြင်းဖြစ်သည်ဟု ကြွေးကြော်ကြသည်။ အလေးလွတ်များနှင့် အခြေခံ ကွန်ပေါင်းလေ့ကျင့်ခန်းများသည် ဂျေးကတ်တလာနှင့် ရွန်နီကိုးလ်မင်းတို့၏ လေ့ကျင့်စဉ်များတွင် အဓိက လေ့ကျင့်ခန်းများဖြစ်နေဆဲပါ။

၁၂) ပုံမှန် ပြောင်းပါ

ကြေးစား ကာယဗလမောင် အနည်းငယ်သည် လေ့ကျင့်စဉ် တစ်မျိုးတည်းကိုပဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာထိတောင် စွဲစွဲမြဲမြဲ ကစားတတ်ကြသည်။ သို့သော် အများစုကတော့ သူတို့လေ့ကျင့်ချိန်များကို ပုံမှန်လှည့်ပြောင်းကစားနေကြသည်။ သူတို့ လေ့ကျင့်ခန်းများကို ပြောင်းသည်။ သူတို့ ကစားသော လေ့ကျင့်ခန်းအစဉ်လိုက်ကို လှည့်ကစားသည်။ သို့မှသာ သူတို့ ကြွက်သားတွေကို လန်းလန်းဆန်းဆန်း နည်းလမ်းမျိုးစုံနှင့် ဖိအားပေးနိုင်မည်ဖြစ်သည်။

၁၁) ကိုယ့်ထက် အတွေ့အကြုံရှိသည့် ကာယဗလလေ့ကျင့်သူများထဲမှ ကိုယ်တတ်နိုင်သလောက် လေ့လာ သင်ယူပါ

၁၀) ကိုယ်နှင့် ဘယ်အရာ အသုံးဝင်မလဲ လေ့လာရှာဖွေပါ၊ သူများနှင့် အသုံးဝင်မည့်အရာကို ရှာမနေနှင့်

ထိုဆိုစကားနှစ်မျိုးသည် ပူးတွဲကာ အသုံးဝင်သည်။ အင်တာနက်မှ၊ လေ့ကျင့်မှု ဗီဒီယိုများမှ၊ သင့် အပေါင်းအဖော် ကာယဗလသမားများမှ သင်ယူ လေ့လာနေမှု ဘယ်တော့မှ မရပ်ပါနှင့်။ လေ့ကျင့်ကစားနည်း သဘောတရားမျိုးစုံ၊ နည်းလမ်းမျိုးစုံ၊ လေ့ကျင့်ခန်းမျိုးစုံမှသည် လေ့ကျင့်ချိန်မျိုးစုံထိအောင် အမျိုးမျိုးအသုံးချ လေ့ကျင့်ပါ။ အဲသည့်ထဲမှ ကိုယ့် အတွက် အကျိုးရှိဆုံးတွေကို စုစည်းထားပြီး အသုံးမကျတာတွေကို လွင့်ပစ်လိုက်ပါ။

၉) ကြွက်သားတွေအပေါ် အာရုံစိုက်ပါ။ အလေးတွေပေါ် အာရုံမစိုက်ပါနှင့်

ပစ်လိုက်သောဘောလုံးကို ခရစ်ကတ် ရိုက်တံနှင့် ရိုက်ဖို့လွှဲလိုက်သောအခါ ရိုက်တံ၏ ရွေ့လျားမှုကို အာရုံစိုက်နေပါသလား? အဲသည်လို အာရုံစိုက်နေလျှင် ဘောလုံး သင့်ကိုယ်ကို လာမှန်ဖို့တော့ သေချာနေပြီ။ အဲသည်လိုပဲ သံချောင်းကို တူနှင့်ရိုက်နေသောအခါ သင်ဘာကို အာရုံစိုက်နေသလဲ? တူကို မြင့်မြင့် လွှဲလိုက်၊ ပြန်ချလိုက်လုပ်နေသည်ကို လိုက်ကြည့် အာရုံစိုက်နေလျှင်တော့ သင်ရိုက်မိမည်မှာ သံချောင်းတော့ မဟုတ်၊ သင့်လက်မ ဖြစ်ပေလိမ့်မည်။ ရိုက်တံတွေ၊ တူတွေလိုပဲ ကျွန်တော်တို့၏ အလေးတွေသည် ကိရိယာတစ်မျိုးသာဖြစ်သည်။ အလေးတွေ လမ်းကြောင်းကို လိုက်အာရုံစိုက်နေလျှင်တော့ သင်သည် သင်လေ့ကျင့်နေသော ကြွက်သားအပေါ် အပြည့်အ၀ ခံစား အာရုံထားကစားနေသည် မဟုတ်တော့။ အလေးတွေကို မေ့လိုက်ပါ။ သင့်ကြွက်သားတွေ ဘယ်လိုဆန့်နေသည်၊ ဘယ်လိုညှစ်နေသည်ကိုသာ အာရုံစိုက်ပါ။

၈) အာဟာရသည် ပဓာနဖြစ်သည်

ဤအဖြေ နှစ်ဆယ်သည် ကစားနည်း လမ်းညွှန်ချည်းပဲလို့ ထင်စရာရှိသည်။ သို့သော် သင်သည် လေ့ကျင့်ခြင်းမှ အာဟာရကို မထုတ်ပယ်နိုင်ပါ။ နောက်ဆုံးမှာ သင်၏ မကစားခင်နှင့် ကစားပြီး စားချိန်များ (ပရိုတိန်း ဖျော်ရည်များလည်း ဖြစ်နိုင်သည်) သည် သင့်ကြီးထွားဖို့ရန် အရေးကြီးဆုံး စားချိန်များဖြစ်သည်။ ကစားသမားအများစုသည် မကြီးထွားကြခြင်းမှာ သူတို့၏ လေ့ကျင့်ချိန်မှားယွင်းမှုကြောင့်မဟုတ်ပဲ သူတို့ စားသောက်နည်း မှားယွင်းမှုကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် တစ်နေ့စီတွင် ပရိုတိန်းနှင့် တခြား အရေးကြီးသော အာဟာရများ လုံလုံလောက်လောက်ရအောင် သေချာစီစဉ်စားပါ။

၇) ဟဲဗီး ကစားပါ

သည် လမ်းညွှန်ချက်သည် လာမည့်နံပါတ် ၆နှင့် ဆန့်ကျင်နေသလို ထင်ရသည်။ တကယ်တော့ ကာယဗလမောင် အချို့သည် ထုထည်နှင့် ခွန်အားအတွက် တခါတရံ အကြိမ်ရေနည်းနည်းနှင့် ဟဲဗီးကစားဖို့ရန် လုံးဝကို တိုက်တွန်းသည်။ သို့သော် ကျန်သည့် အချိန်များမှာတော့ ဟဲဗီး ကစားပါ ဆိုသည်မှာ သင့်ကိုယ်သင် အန္တ ရာယ် ကင်းကင်းနှင့် အတတ်နိုင်ဆုံး ကစားဖို့ ချန်ပီယံများ၏ အားပေးစကားတစ်ခွန်းသာဖြစ်သည်။

၆) အတော်အသင့် အကြိမ်ရေများသည် များသောအားဖြင့် အကောင်းဆုံးဖြစ်သည်

တချို့ချန်ပီယံများသည် သူတို့၏ အလေးဆုံးအကျော့များတွင် ၄ကြိမ်ကနေ ၇ကြိမ်ထိသာ ကစားလေ့ရှိသည်။ အနည်းငယ်သော ကာယဗလမောင်အချို့ကတော့ ၁၃ကြိမ်ကနေ ၂၀ကြိမ်အတွင်း ပုံမှန်ကစားလေ့ရှိသည်။ သို့သော် အများစုသည် ၈ကြိမ် ကနေ ၁၂ကြိမ်အတွင်းသာ ထားကစားရန် ထောက်ခံကြသည်။ ခြေသလုံးနှင့်ဗိုက်ခါးသည် ဤယေဘုယျစည်းမျဉ်း၏ ခြွင်းချက်ဖြစ်သည်။ များစွာသော ကာယဗလမောင်များသည် ထို အစိတ်အပိုင်းများအတွက် ၁၃-၂၀ ကြိမ်ထိ ကစားရန် တိုက်တွန်းကြသည်။

၅) ကိုယ့် အတိုင်းအတာကို ကိုယ်သိပါ။ ကိုယ့်အထွာနှင့် ကိုယ်ကစားပါ

၎) အရင်တစ်ချိန်ကထက် သာအောင် ကိုယ့်ကိုယ်ကို တွန်းထိုးကစားဖို့ရန် ကြိုးစားပါ

ဤအချက်နှစ်ချက်သည် ဆန့်ကျင်နေသလို ထင်ရသည်။ သို့သော် တကယ်တော့ သူတို့နှစ်ချက်သည် ဖြည့်ဖက်များဖြစ်သည်။ ပထမတစ်ချက်သည် သင့်လျော်သော ကာကွယ်မှုများ ကြိုယူထားရန် နှိုးဆော်ထားပြီး ကိုယ်ကစားချင်သော အကြိမ်ရေ အနည်းဆုံးကို ပုံသဏ္ဌာန်မှန်မှန်ဖြင့် ကစားဖို့ စိတ်အချဆုံး အလေးကို သုံးကစားရန် တိုက်တွန်းထားသည့် အချက်ဖြစ်သည်။ ဒုတိယတစ်ချက်သည် ခွန်အားသည် သန်မာထွားကြိုင်းဖို့ရန် သော့ချက်ဖြစ်သောကြောင့် အရင်တစ်ခေါက်ကထက် တစ်ကြိမ်ပိုသည်ဖြစ်စေ၊ အလေးနည်းနည်း ပိုထည့်လိုက်သည်ဖြစ်စေ တစ်ခုခုတော့ ပိုသွားအောင် အမြဲကြိုးစားကစားဖို့ ဆော်သြထားခြင်းဖြစ်သည်။ နံပါတ် ၅ နှင့် ကိုယ့်ကိုယ်ကို ကာကွယ်ပြီး နံပါတ် ၄ နှင့် ပိုထွားကြိုင်းအောင် ကိုယ့်ကိုယ်ကို အားပေးပါ။

၃) ထွားဖို့ နားပါ

သင် မလေ့ကျင့်နေစဉ်တွင် သင်ထွားနေသည်ဆိုသော အချက်သည် ကာယဗလလေ့ကျင့်မှု၏ အမှန်တရားကြီး များထဲမှ တစ်ခုဖြစ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်းတစ်မျိုးကို နောက်တစ်ကြိမ် ပြန်မကစားခင်တွင် ကောင်းကောင်းအနားပေးဖို့ သေသေချာချာ စီစဉ်ထားပါ။ အစိတ်အပိုင်းများစုအတွက် ပြန်ကစားဖို့ရန် တချိန်နှင့် တစ်ချိန်ကြားမှာ ၄၈-၇၂ နာရီအထိ နားသင့်သည်။

၂) ပုံစံမှန်မှန် စနစ်ကျကျ နည်းလမ်းနှင့်သာ အမြဲတမ်းကစားပါ

လေ့ကျင့်မှုတွင် အများဆုံးမှားကြသော အမှားတစ်ရပ်သည် လေ့ကျင့်ခန်းများကို ပုံစံမှန်မှန် မကစားကြခြင်းပါပဲ။ ထို့ကြောင့် ထိချင်သည့် ကြွက်သားပေါ် ထိရောက်မှုနည်းသွားပါသည်။ ကစားသက်ရင့်သော ကာယဗလကစားသမားများသည် အကျင့်ဆိုးများနှင့် အသားကျသွားတတ်သည်။ သို့မဟုတ် လေ့ကျင့်ခန်းတစ်ခုကို အကောင်းဆုံးပုံစံမှန်မှန် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကို မလေ့လာခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့်သူတို့မှာ အကျိုးရှိတာက နည်းပြီး ထိခိုက်ဒဏ်ရာတွေက များလာခြင်းဖြစ်သည်။ လေ့ကျင့်ခန်းတစ်ခုစီအပေါ် အကောင်းဆုံး ဘယ်လိုလေ့ကျင့် သင့်သလဲ ဆိုသည်ကို ပြန်စမ်းစစ်ပါ။

၁) တသတ်မတ်တည်း မလျှော့တမ်း ဇွဲကောင်းကောင်းနှင့် ပေလုပ်ခြင်းသည် ရေရှည်တွင် အောင်နိုင်လိမ့်မည်

ကာယဗလသည် မာရသွန်ပြေးပွဲဖြစ်သည်။ တာတို ပြေးပွဲမဟုတ်။ သင်သည် ပထမတစ်နှစ်၊ နှစ်နှစ် ကစားပြီးလျှင် သင်၏ တိုးတက်မှု နှေးကွေးသွားပါလိမ့်မည်။ တကယ့် အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြသူများသည် နှစ်ပေါင်းများစွာ မဆုတ်မနစ်သော ဇွဲ၊ အလျှော့မပေးသော ပြင်းအားများနှင့် မရမနေ ကြိုးပမ်းကြသူများသာဖြစ်သည်။ သူတို့သည် ကြွက်သားဖွံ့ဖြိုးဖို့ရန် လုံ့လ၀ီရိယဖြင့် တတ်နိုင်သလောက် ရှာဖွေစူးစမ်းကြသည်။ သူတို့သည် ဥာဏ်ပညာ အမြော်အမြင်ကို တိုးတက်အောင် အမြဲအားထုတ်နေကြသူများသာဖြစ်သည်။

Related posts:

  1. အောက်ပိုင်း မှန်မှန်ကန်ကန် ထိုင်တတ်ပြီလား?
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၆ နှင့် ၇
  3. နိုင်ဦး-119 ၏ 2011- ပရိုဂရမ် အသစ်
  4. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
  5. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅