Feb
23

Supplements အကြောင်း တစေ့တစောင်း

Home > General Health > Supplements အကြောင်း တစေ့တစောင်း

ကာယဗလသမား တစ်ယောက်အိမ်သို့သွားကြည့်လျှင် supplement ဗူးတစ်ဗူးတော့ အနည်းဆုံးတွေ့ရလိမ့်မည်။ ကလေးတစ်ယောက် ယူကစားနေသည်ဖြစ်စေ၊ နောက်ဖေးမီးဖိုချောင်ထဲ ဟင်းချိုမှုန့် ထည့်ထားသည်ဖြစ်စေ၊ သူလောလောလတ်လတ် သောက်နေသည်ဖြစ်စေ တနည်းနည်းနှင့်တော့ ဗူးကြီး၊ ဗူးလတ်၊ ဗူးငယ်တစ်ခုခုတော့ တွေ့ရစမြဲ။ ကာယဗလအတွက် အစားအသောက်ဟူသည် အရေးကြီးသလို supplements ဟူသည်လည်း အရေးကြီးပါသည်။ သို့သော် ထိုအတွက် ကျွန်တော်တို့မှာ ဘာဗဟုသုတမှ မရှိခဲ့ကြ။ ထိုအခါ ရောင်းတာများကို မသိနားမလည်စွာ ၀ယ်ယူသုံးစွဲမိသောအခါ supplement များသည် ခုတ်ရာတခြား ရှရာတခြားတွေဖြစ်ကုန်သည်။ ထိုတံတိုင်းကို ချိုးဖောက်နိုင်ရန်အတွက် ကျွန်တော်တို့မှာ သိပ္ပံနည်းကျ အချက်အလက်များနှင့် လက်စွဲစာအုပ် ရှိပြီဖြစ်ပြီ။ download ဆွဲပြီး စိတ်တိုင်းကျ သုံးစွဲနိုင်ပြီဖြစ်သည်။ ထို့နောက် နောက်တစ်ဆင့်သို့ ဆက်ရတော့မည်ဖြစ်သည်။

၁) ဆေးရွေးချယ်ရမယ်။

ကိုယ့်တနေ့တာတလျှောက် တကယ့်လိုအပ်သည့် အချိန်တွေမှာ လုံးဝအံဝင်ခွင်ကျဖြစ်မည့် supplement တွေ ကျွန်တော်တို့လိုချင်သည်။ သောက်သလောက် အကျိုးဖြစ်ထွန်းတာကို ကျွန်တော်တို့ လိုလားသည်။ ရွေးချယ်စရာ နှစ်ခုရှိသည်။ ကျွန်တော်တို့ သိပ္ပံတက္ကသိုလ်တစ်ခုမှာ PhD ရအောင်ယူ။ ပစ္စည်းကိရိယာအပြည့်အစုံနှင့် ဓာတ်ခွဲခန်းတစ်ခုဝယ်။ တပ်ဆင်။ လိုချင်တဲ့ ဆေးအစိတ်အပိုင်းလေးတွေကို သေချာခွဲခြမ်းစိတ်ဖြာ။ ဂျူတီကုတ်အဖြူရောင်ကြီးနှင့် အရူးကြီးလို အလုပ်လုပ်ပြီး ဆေးတွေကို နေ့စဉ်နေ့တိုင်း ပေါင်းစပ်ထုတ်ဖော်။ ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့။ သို့သော် ထိုထက် လွယ်ကူသော နည်းတစ်နည်းရှိသေးသည်။

ယခုအခါ ဆေးထုတ်လုပ်သူများသည် အကောင်းဆုံး supplement များစွာကို ပေါင်းစပ်ပြီး ဗူးတစ်ဗူးထဲမှာ ထုတ်လုပ်ထားကြသည်။ ကျွန်တော်တို့ဘက်က လိုချင်သည့် ပေါင်းစပ်မှုကိုသာ စဉ်းစားလိုက်၊ ထိုအတိုင်း ဈေးကွက်မှာ ရှိနိုင်သည်။ ကာယဗလ ဖြည့်စွက်စာကို multivitamin တွေကဲ့သို့ပင် အဆင်ပြေ လွယ်ကူအောင် လုပ်ထားခြင်းဖြစ်သည်။

ဆေးကောင်တာတွေပေါ်မှ အကောင်းဆုံးဆိုသည့် ပေါင်းစပ်ထားတာတွေကို ယခု ဖော်ပြမည့် စာရင်းနှင့် လေ့လာချိန်ထိုးပြီး အနီးစပ်ဆုံး ရှာဖွေကြရအောင်။

က) မကစားခင် ဘာသောက်ရင် ကောင်းမလဲ…

ထုထည်နှင့် ခွန်အားအတွက် အကောင်းဆုံးဆေးပေါင်းစပ်မှုနှင့် supplement များကို သုံးစွဲရန် အကောင်းဆုံးအချိန်သည် မကစားခင်အချိန်တွင်ဖြစ်သည်။ များစွာသော ဆေးကုမ္ပဏီများသည် ခွန်အား၊ ညှစ်အား၊ စိတ်စွမ်းအားတို့ ပိုကောင်းစေအောင် arginine, creatine နှင့် caffeine တို့ကို တစ်ဗူးတည်းပေါင်းစပ်ကာ ထုတ်လုပ်ထားကြသည်။ တကယ်ဝယ်တော့မည်ဆိုလျှင်လည်း ၎င်းတို့သုံးမျိုးပါတာကိုရှာကာ မကစားခင် သောက်ရန် စီစဉ်ထားပါ။

ထို့ကြောင့် မကစားခင်အတွက်

ARGININE + CREATINE + CAFFEINE

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

ခ) ကစားပြီး ဘာသောက်ရင် ကောင်းမလဲ…

လေ့ကျင့်ကစားပြီးလျှင် ကုန်သွားသော muscle glycogen ကို ဖြည့်ဆည်းရန်နှင့် ကြွက်သားကြီးထွားမှုကို လှုံ့ဆော်ပေးရန် whey shake နှင့် လျှင်မြန်စွာ ခြေဖျက်နိုင်သော ကဆီဓာတ်တို့ပေါင်းစပ်ပြီး သောက်သုံးရန် အရေးကြီးသည်။ ထို့ပြင် ကြွက်သားထဲမှ creatine, glutamine နှင့် branched-chain amino acids တို့ကိုလည်း ပြန်လည်း ဖြည့်တင်းပေးဖို့လိုပေမည်။ ထိုသုံးမျိုးအတွက်တော့ ပေါင်းပြီး ထုတ်လုပ်ထားတာတွေရှိသည်။

ထို့ကြောင့် ကစားပြီးသောက်ရန်အတွက်

WHEY (၎င်းကတော့ သီးသန့်ဖြစ်လိမ့်မည်) + CREATINE + GLUTAMINE + BRANCHED-CHAIN AMINO ACIDS(BCAAs)

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

ဂ) တက်စထရို စတီရုန်းတက်ချင်ရင် ဘာသောက်ရင် ကောင်းမလဲ..

ကာယဗလသမားများအတွက် တက်စထရိုစတီရုန်းသည် အလွန်အရေးပါသော တည်ဆောက်ဟော်မုန်း(the most critical anabolic hormone) တစ်မျိုးဖြစ်သည်။ ၎င်းသည် ကြွက်သားဖွံ့ဖြိုးမှုနှင့် ခွန်အားကို တက်စေပြီး အဆီကိုတောင် ကျစေသည်။ ယနေ့ခေတ် တက်စထရိုစတီရုန်း မြင့်တင်ဆေးများသည် နည်းလမ်းမျိုးစုံကနေ ထိုဟော်မုန်းကို တိုးပွားပေးသော ဓာတ်များစွာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည်။ သူတို့ထဲမှ တက်စထရိုစတီရုန်း ပိုထိရောက်စွာတက်စေသော အချို့ဆေးများတွင် Tribulus Terrestris, Euryoma longfolia Jack နှင့် Forskolin တို့ပါဝင်ကြသည်။ သူတို့ label ကဆေးညွှန်းများကိုလည်း လိုက်နာပါ။ သို့သော်လည်း ကြွက်သားခွန်အား ချက်ချင်းထိုးတက်စေဖို့အတွက် မကစားခင်တစ်နာရီလောက်မှာတော့ တစ်ကြိမ် သောက်ဖြစ်အောင်သောက်ပါ။

ထို့ကြောင့် တက်စထရိုစတီရုန်း တိုးဖို့အတွက်..

TRIBULUS + EURYCOMA LONGFOLIA JACK + FORSKOLIN

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

ဃ) အဆီချဖို့ ဘာသောက်ရင် ကောင်းမလဲ…


အဆီချဖို့ အကောင်းဆုံးသည် အဆီဆဲလ်များမှ အဆီထုတ်လွှင့်မှုနှင့် ကိုယ်ခန္ဓာ ဇီဝဖြစ်ပျက်မှုတို့ကို မြန်ဆန်တိုးတက်စေမည့် အကျိုးကျေးဇူးများပေးစွမ်းနိုင်သော ဆေးကိုမှီဝဲခြင်းဖြစ်သည်။ Supplement ထုတ်လုပ်သူများကလည်း ဒါကိုသိပြီး ထိုအရည်အချင်းများနှင့်ဆေးများကို ပေါင်းစပ်ထားကြသည်။

အဆီချဖို့အတွက်

GREEN TEA EXTRACT + EVODIAMINE + CARNITINE
(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

င) ညအိပ်ခါနီး ဘာသောက်ရင် ကောင်းမလဲ…

အကယ်၍ နေ့စဉ် တစ်နေ့လုံးစားသမျှကို ကောင်းမွန်စွာ ပြုပြင်ထားသော်လည်း ညအိပ်ခါနီးအတွက် စဉ်းစားမထားလျှင် ကျွန်တော်တို့သည် တကယ့်ကြွက်သားဖွံ့ဖြိုးမှုအတွက် အနှောင့်အယှက်ကြီးတစ်ခု လုပ်နေခြင်းဖြစ်သည်။

ညအိပ်ခါနီး ဖော်မြူလာသည်

CASEIN + 20-BETA-ECDYSTERONE + THEANINE

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

အထက်တွင် ဖော်ပြခဲ့သမျှသည် အကောင်းဆုံးဥပမာတစ်ခုသာဖြစ်သည်။ တခြား အလားတူတွေကို ရွေးချယ်နိုင်ပေသည်။

နောက်တစ်ချက်ကို သွားကြပါဦးစို့..

၂) ပိုက်ဆံနှင့် ချင့်ချိန်ရဦးမယ်။

စစ်မှန်သော ကာယဗလ အစားအသောက်သည် အမှုန့်တွေ မဟုတ်ပါ။ whole food တွေသာဖြစ်သည်။ သို့သော်လည်း supplement များသည် အကျိုးဖြစ်စေသည် ဆိုတာကိုလည်း ငြင်းလို့မရပါ။ အလွန်အမင်း အစွမ်းထက်ခဲ့သော creatine ကိုကျေးဇူးတင်ရမည်ဖြစ်သည်။ ၎င်းကို ချိန်ထိုးနှိုင်းယှဉ်ကာ ဆေးကုမ္ပဏီများသည် သူ့ထက်ငါ အပြိုင် ပိုကောင်း၊ ပိုဈေးချိုအောင် ဖန်တီးလာကြသည်။ ယနေ့ခေတ်တွင် ရွေးချယ်စရာတွေ များပြားလွန်းလှသည်။ ခုနကဖော်ပြခဲ့သည့် မင်းသားကြီး creatine နှင့် နိုက်ထရစ်အောက်ဆိုဒ်ပေါင်းမည်၊ တက်စထရိုစတီရုန်း တိုးတာတွေနှင့်ရောမည်။ အမျိုးမျိုးထုတ်လုပ်လာကြသည်။ သို့သော် ပွင့်ပွင့်လင်းလင်းဆိုကြရအောင်။ ဆေးကုမ္ပဏီက စပွန်ဆာတွေပေး၊ မရေမတွက်နိုင်တဲ့ fund တွေနှင့်မြှောက်စားထားသည့် ဖိုးရွှေ ကြော်ငြာမင်းသားကာယဗလမောင်ကြီးများ ကျွန်တော်တို့မဖြစ်နိုင်ပါ။ သူတို့ ကြော်ငြာတာတွေကို မျက်စိလည်သွားလျှင် ကျွန်တော်တို့ ပိုက်ဆံအိတ်တွေ ပြားကပ်သွားနိုင်သည်။ ယခုဖော်ပြမည်မှာ လက်တွေ့ဘ၀ တကယ့် ကာယဗလကစားသမားများအတွက် ချင့်ချိန်ကြည့်ကြရန်ဖြစ်သည်။

ကျွန်တော်တို့သည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ အဲသည့်နှစ်ခုကြားက ဖြစ်စေ၊ ကာယဗလကို အမှန်အကန်စိတ်ဝင်စားပါက ပိုလျှံသည့် ပိုက်ဆံလေးတချို့ကို တခြားနေရာတွင် သုံးမည့်အစား supplement အတွက် ချန်ထားမည်သာဖြစ်သည်။ (အလွန်အမင်းဆင်းရဲ ကြပ်တည်းနေသူများအတွက်တော့ မပါပါ။ ထိုသူများမှာ အရင်ဆုံး ၀င်ငွေကောင်းအောင်သာ ကြိုးစားပြီး ပဲနှင့် အသားငါးသာလျှင် မှီဝဲထားပါဦး။)

က) ဆင်းရဲသူ…

ချို့တဲ့သော ကျောင်းသားလေးများ၊ ၀င်ငွေနည်းပါးနေသေးသော ပုဂ္ဂိုလ်များ၊အတွက် supplement တွေဝယ်ဖို့ ပိုက်ဆံများများစားစား စုမိမည်မဟုတ်။ သို့သော် ထိုအချက်ကြောင့် ကာယဗလ အိပ်မက်ကို စွန့်လွှတ်စရာမလိုပါ။ အောက်ပါ ဖော်ပြမည်များသည် အလိုအပ်ဆုံးနှင့် အကျိုးရှိဆုံး အခြေခံ supplement များဖြစ်ပြီး ၎င်းတို့နှင့် အတူ ကြွက်သားများ အပြိုင်းပြိုင်းထနေသော လက်မောင်းကြီး၊ ကိုယ်လုံးကြီး တည်ဆောက်နိုင်ပါသည်။

MULTIVITAMIN / MULTIMINERAL

ကာယဗလသမားများအတွက် အရေးကြီးဆုံး supplement တစ်ခုသည် multivitamin/ multimineral ဖြစ်သည်။ သူတို့တွင် ကြွက်သားကြီးထွားဖို့ရန် အလိုအပ်ဆုံးအခြေခံ micronutrient များပါဝင်သည်။ သင်သည် ထို ဆေးများကို ကာယဗလဖြည့်စွက်အဖြစ် စဉ်းစားချင်မှ စဉ်းစားမည်ဖြစ်သည်။ သို့သော် သည်လို စဉ်းစားကြည့်ပါ။ vitamin or mineral တစ်ခုကလေးကိုတောင် သင့်ကိုယ်မှာ နည်းပါးသွားလျှင် သင်၏ ကြီးထွားနှုန်းသည် အလွန်အမင်း ထိခိုက်သွားပေလိမ့်မည်။

ဗီတာမင် အစုံပါသော အားဆေးတစ်ခု ၀ယ်ပါ။ မနက်ခင်းစာနှင့် ညစာတို့တွင် တစ်လုံးစီ တစ်နေ့နှစ်လုံးသောက်ပါ။

MIXED PROTEIN

ပုံမှန်အားဖြင့် မကစားခင်နှင့် ကစားပြီး ချက်ချင်း whey protein သောက်ခြင်းကို ညွှန်းကြသော်လည်း ၀င်ငွေနည်းသော ပုဂ္ဂိုလ်များကတော့ အလားတူ ကောင်းနိုင်သော ရောရက် ပရိုတိန်းများသုံးစွဲနိုင်သည်။ Whey and casein ပေါင်းစပ်ထားသော အရောများက ပိုဈေးသက်သာသည်။ (Whey နှင့် Casein တို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

CREATINE

(၎င်း၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။) ယုံပါ။ ထို supplement ကိုတော့ မလွတ်စေပါနှင့်။ Plain Creatine Monohydrate (အဆင့်မြင့် creatine များနှင့် တန်းတူ ကောင်းနိုင်သည်။) သည် တတ်နိုင်၊ ၀ယ်နိုင်သော အနေအထားမှာ ရှိသည်။

ခ)အလယ်အလတ် ချမ်းသာသူ…

ဂုဏ်ယူပါသည်။ သင်သည် ကျောင်းပြီး ကောင်းပြီးပြီး အလုပ် ကောင်းကောင်းရနေပေမည်။ ထိုသူများအတွက် ဆင်းရဲသူများ သောက်သည့် စာရင်းအပြင်

ARGININE

(၎င်း၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။) ဈေးအသက်သာဆုံးသည် plain and simple L-arginine ဖြစ်သည်။ ၎င်းသည် အဆင့်မြင့်ဈေးကြီးသည့် arginine များနှင့် မတူဘဲ သူ့နည်းနှင့်သူကောင်းသည်။ သို့သော် ဈေးကြီး အဆင့်မြင့် arginine များကတော့ ခန္ဓာကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ပမာဏ ပိုများစေသည်။ ထို arginine များကိုတော့ ဦးစားပေး ရွေးချယ်သင့်သည်။

GLUTAMINE

(၎င်း၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။) ကြွက်သားများ၏ glutamine ပမာဏ ကောင်းကောင်း သိုလှောင်ထိန်းသိမ်းထားရန် အရေးကြီးသည်။

BRANCHED-CHAIN AMINO ACIDS(BCAAs)

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။) သူတို့သည် တနေ့ကို အကြိမ်ပေါင်းများစွာ သောက်ခိုင်းထားလျှင် အလွန် ဈေးကြီးပေလိမ့်မည်။ Leucine များများ ပါသော ဆေးအမျိုးအစားကို သုံးပါ။ Leucine ပိုပါက တနေ့နည်းနည်းသာ သောက်လျှင် အကျိုးဖြစ်ထွန်းသည်။

ဂ) ချမ်းသာသူ…

သင့်အဖေထဲက မုန့်ဖိုးဆိုပြီး တစ်သောင်းလောက် တောင်းချင်တိုင်း တောင်းလို့ရလျှင် သို့မဟုတ် လုပ်သားငါးဆယ်ကျော်ရှိသည့် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားလျှင် သို့မဟုတ် သိန်းတစ်ထောင် ထီပေါက်ထားလျှင် သင့် supplement တွေအတွက် ဘာမျှ တွန့်တိုနေစရာမလို။ ဖွံ့ဖြိုးမှုနှင့် ခွန်အား အပေးနိုင်ဆုံး ဆေးများဖြစ်အောင် ပြင်ဆင်ထားပါ။ ခုနက ဆင်းရဲသူနှင့် အလယ်အလတ်သမားများ၏ ဆေးများကိုလည်း သောက်ပါ။ (သို့သော် အရော ပရိုတိန်းအစား whey သီးသန့်၊ casein သီးသန့်သောက်ပါ။) ထို့အပြင်

WHEY PROTEIN ISOLATE

CASEIN PRTEIN

TRIBULUS TERRESTRIS

ECDYSTERONE

(၎င်းတို့၏ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံနှင့် သောက်ရမည့် ဆေးညွှန်းတို့ကို လက်စွဲစာအုပ်တွင် ကြည့်ပါ။)

မည်သည့်ကစားသမားမဆို supplement များကို သူတို့အတွက် ပေးဆပ်ခြင်း မဖြစ်စေဘဲ ကိုယ့်အတွက် ပေးဆပ်စေခိုင်းခြင်း ဖြစ်ကြရန် မျှော်လင့်ပါသည်။

Related posts:

  1. ပရိုတိန်းနှင့်ကြွက်သားထုထည်
  2. ဗယ်လီအကြောင်း တစေ့တစောင်း
  3. 2010 Crusher ပြိုင်ပွဲအကြောင်း တစေ့တစောင်း
  4. မြန်မာ ကာယဗလသမား များအတွက် မီးဖိုချောင်မှ ဈေးကြီး supplement တစ်ခု