ကျွန်တော့်အကြောင်း

“Body-Building is Nation-Building!”

“Strive for excellence, exceed yourself, love your friends, speak the truth, practise fidelity, and honour your father and mother. These principles will help you master yourself, make you strong, give you hope and put you on the path to greatness!” -   Joe Weider

မင်းတို့ ကာယဗလကွာ ကစားနေတာ အားကစားတစ်ခု ဟုတ်ရဲ့လား?။
အလားတူပင် မင်း တို့ ၀ိတ်မနေတာ sport တစ်ခုရော ဟုတ်ရဲ့လား?။

ဒီမေးခွန်းတွေကို ကျွန်တော် လွန်ခဲ့သည့် အကြိမ်တစ်ရာလောက်ကတည်းက မဖြေတော့ပါ။ သူတို့၏ sport ဆိုသည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် နားမလည်ပါ။ သူတို့ စနူကာကစားတာ ကိုတောင် sport ဟုဆိုသည့်အတွက် ပိုနားမလည် နိုင်တော့ပါ။ အာနိုးရွှာဇီနက်ဂါးလည်း အလားတူ မေးခွန်းများ အဆက်မပြတ်မေးခံရသည်မှာ သေချာပါသည်။ သူပြောခဲ့သည်။

“ Obviously, a lot of people look at you, and they think it’s kind of strange what you’re doing, but those are the people who don’t know much about it. As soon as you find out what bodybuilding is about, then it’s just like another thing. I mean, it’s not any stranger than going in a car and trying to go in a quarter-mile five seconds. That, for me, is strange.”   -  Arnold Schwarzenegger.

“သိသိသာသာပဲ လူတွေ သင့်ကို ကြည့်ပြီး သင်လုပ်နေတာတွေကို အထူးအဆန်းသဖွယ် ဖြစ်နေကြလိမ့်မည်။ သို့သော် သည်လူတွေသည် အဲသည့်အကြောင်းကို ဘာမှန်းမသိကြ၍ သာဖြစ်သည်။ သူတို့ bodybuilding ဆိုတာ ဘာ ဆိုတာ တွေ့သွားလျှင် တစ်မျိုးဖြစ် သွားလိမ့်မည်။ ဆိုလိုသည်မှာ အဲဒါသည် ကားတစ်စီးထဲကိုဝင်၊ တစ်မိုင်ရဲ့ လေးပုံတစ်ပုံကို ငါးစက္ကန့်လောက်နှင့် အရောက်မောင်းတာလောက်မထူးဆန်းပါ။ ကျွန်တော့်အတွက်တော့ အဲသည်လို ကိစ္စကထူးဆန်းနေသည်”။တဲ့။ မှန်တာပေါ့။ ကိုယ့်ခန္ဓာကိုယ်ကို အကောင်းဆုံးဖြစ် အောင် ပြုပြင် ပြင်ဆင်ပြီး ပြိုင်ဆိုင်ခြင်းသည် အလွန်သဘာဝကျသော ဖြစ်ရပ်ဖြစ်သည်။ ငှင်းသည် ဘောလုံးလေးတစ်လုံးကို တုတ်တစ်ချောင်းနှင့် ကျွင်းတစ်ကျွင်းထဲ ၀င်အောင် လိုက်ရိုက် နေတာလောက် မထူးဆန်းပါ။ ထို့အတူပင် အဲသည်ဘောလုံးလေးလိုမျိုးပင် ဟိုဖက်သည်ဖက် မြေပေါ်မကျအောင် စည်းမကျော်အောင် လိုက်ရိုက်နေတာလောက်လည်း မထူးဆန်းပါ။

ကျွန်တော်တို့ကို တခါတလေထူးဆန်းတာထက်ပင် အတ္တဘောကြီးတွေလို့တစ်မျိုး၊ ကြောက်စရာကြီးတွေလို့တစ်မျိုး၊ အထင်ကြီးအားကျစရာ(ကျွန်တော်မြင်ခဲ့သလို)လို့တစ်မျိုး အမျိုးမျိုးမြင်ကြပါသေးသည်။ ဒီဟာကို စော်ကားလျှင်တော့ သင်သည် အနုပညာတိုင်းကို စော်ကားနေခြင်းဖြစ်သွားသည်။ ကျွန်တော်တို့နှင့် ပန်းချီပန်းပုပညာ အလွန်တူ၏။ သူတို့က ပန်းချီကား၊ ကျောက်တုံးတွေကို ထုဆစ်သည်။ ကျွန်တော်တို့က ကိုယ့်ခန္ဓာကို ကိုယ်ထု ဆစ်သည်။ ဒါပဲကွာသည်။ ကိုယ်ဟန်ပြသည့်အခါ ညက်ညက်ညောညောဖြစ်ခြင်းကလည်း အနုပညာတစ်မျိုး။ တီးလုံးနှင့် အညီ ဖြေဖျော်ခြင်းကလည်း အနုပညာတစ်မျိုး။ ကျွန်တော်တို့တွင် အနုပညာမျိုးစုံ ပေါင်းစုထားရသည်။ (ဒါကြောင့်ပင် အလေးကစားသူများ နောင်တွင် ရုပ်ရှင်မင်းသား၊ မင်းသမီးဖြစ်လာသည်။(အထင်ရှားဆုံးဥပမာ အာနိုးရွှာဇီနက်ဂါး၊ အာနိုးဆို တောရွာဇနပုဒ်က ကလေးလေးကစနာမည်သိသည်အထိ အောင်မြင်ခဲ့သည်)။ ကမ္ဘာ့နပန်း သမား၊ အလှပြသမားတွေဖြစ်လာသည် (ဂျွန်စီနာ၊ သည် ရော့ခ်)။ နာမည်ကျော် အဆိုကျော်တွေလည်း ဖြစ်လာသည်(ကီဗင် လဗ်ဗရွန်း၊ ခရစ် ဒစ်ကာဆန်)။ နောက်လည်း တခြား ဖြစ်သွားတာတွေ အများကြီးရှိသေး၏)

ကဲ နိုင်ဝေ မင်း မေးထားတဲ့ မေးခွန်းမဖြေရသေးဘူး။ ဒါ အားကစားလားကွ? အတင်းအကျပ် မေးလာလျှင်တော့ ဖြေရတော့မည်။ မဟုတ်ဘူး။ ခင်ဗျားတို့ သတ်မှတ်နေတဲ့ ဖျော်ဖြေမှုတွေ၊ လောင်းကစားတွေနှင့် ရောနေသည့် အားကစားဆိုတာမျိုးလုံးဝမဟုတ်။ ကြိုးဝိုင်းထဲ လူနှစ်ယောက် ထိုးသတ်နေတာကို အရသာခံကြည့်ရမည့် ပုံစံမျိုး မဟုတ်။ ကျွန်တော်တို့ဗလတွေ အလှတွေသည် သူများအတွက် ဖျော်ဖြေဖို့ သိပ်မဖြစ်။ ဒါကြောင့်လည်း လူကြိုက်နည်း နေခြင်းဖြစ်နိုင်သည်။ ဘာကြောင့်လဲ။ အဖြေသည် ကျွန်တော် တို့ bodybuilding သည် ဘ၀နေမှု ပုံစံတစ်မျိုးဖြစ်၍သာဖြစ်သည်။ ကျွန်တော်တို့အတွက် အလေးတွေကစားပြီး စင်ပေါ်တက်ညှစ်ရခြင်းဆိုသည်မှာ အစိတ်အပိုင်း သေးသေးလေးတစ်ပိုင်းသာရှိသေးသည်။ ကျွန်တော်တို့ နေထိုင်ကျင့်ကြံနိုင်သမျှ အကောင်းဆုံးနေထိုင်ကျင့်ကြံခြင်းသည် bodybuilding ဖြစ်သည်။

ကျွန်တော်တို့ ပေါင်သုံးရာ အလေးကြီး ပခုံးပေါ်တင်နိုင်ခြင်း၏ နောက်ကွယ်တွင် ကြီးမားသန်မာ သောစိတ်ဓာတ်ရှိနေသည်။ စနစ်ကျသော စားသောက်ပုံရှိနေသည်။ အချိန်မှန်သော အိပ်ချိန်နား ချိန်ရှိနေသည်။ နေ့စဉ်နေ့စဉ် ဒါတွေကိုပဲ စားသောက်၊ ဒီအလေးတွေကိုပဲ ‘မ’နေရခြင်း၏ နောက်ကွယ်တွင် ခိုင်မြဲသော ဇွဲလုံ့လရှိနေသည်။ မလျှော့သော သည်းခံခြင်းတရားရှိနေသည်။ ကျွန်တော်တို့ဘ၀၏ စိတ်ဓာတ်ကျရခြင်း၊ စိတ်ရှုပ်ထွေးရခြင်းတို့ကို သည်အလေးတွေထဲမှာ ညှစ်ထုတ်ပစ်လိုက်ရသည့်အတွက် ဒေါသမာန်မာနကင်းခြင်းဆိုတာတွေရှိသည်။ စိတ်ဓာတ် ကျန်းမာကြံ့ခိုင်ခြင်းဆိုတာတွေရှိသည်။ အဆုံးစွန်ဆိုရလျှင် ပြီးပြည့်စုံသော ဘ၀နေထိုင်မှု ပုံစံရှိနေသည်။ ဒါကို ကောင်းကောင်းသိနေသော ကျွန်တော်တို့၏ ဆရာကြီးများက ကာယကြံ့ ခိုင် ပြည့်မဏ္ဍိုင် ဆိုသည့် “Body-building is Nation-building” ဆိုသော ဆောင်ပုဒ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဒါကို နယ်ချဲ့အင်္ဂလိပ်တွေကလည်း ကောင်းကောင်းသိသည်။ မြန်မာ့ကာယဗလဖခင်ကြီး ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ မြန်မာလူငယ်များကြား ကာယဗလပျံ့ပွားအောင်လုပ်နေခြင်းကို အတင်းပိတ်ပင်သည်။ မြန်မာ့ဒီးဒုတ်ဂျာနယ် အမှတ် ၁၅၊ ၁၉၃၄ခုနှစ်တွင် ဖော်ပြထားသည်မှာ “ကာယဗလပြည့်စုံသောသူသည် ကျန်းမာ၏။ ကျန်းမာသောသူသည် ဥာဏ်လတ်ဆတ်၏။ ဥာဏ်လတ်ဆတ်သောသူသည် ဟုတ်တိုင်းမှန်ရာ သိမြင်စဉ်းစားနိုင်၏။ ကာယဗလပြည့်စုံလျှင် ကြောက်ရွံ့သောစိတ်တို့ ကင်းကုန်၏။ သို့ဖြစ်ရကား ကျွန်စိတ်၊ ကြောက်စိတ်တို့ လွှမ်းမိုး လျှက်ရှိသော မြန်မာပြည်ကြီးတွင် တက်လူ အမျိုးသား၊ တက်လူ အမျိုးသမီးလေးများသည် ထိုကျွန်စိတ်၊ကြောက်စိတ်များကို ကာယဗလလေ့ကျင့်ခြင်းဖြင့် တွန်းလှန်လျှက်ရှိနေကြပေ၏။” ဒါကို ဗိုလ်ချုပ်အောင်ဆန်းလည်း ကောင်းကောင်းသိခဲ့ပြီး သူ့မိန့်ခွန်းတစ်ခုတွင် ဟန်ပြအားကစား တွေအစား၊ တိုင်းပြည်အတွက် အကျိုးရှိစေမည့် မြန်မာလူငယ်များအတွက် စိတ်ဓာတ်မြင့်တင် စေမည့် အလေးမ၊ ကာယဗလအားကစားများ ကစားကြရန် တိုက်တွန်းခဲ့သည်။

ကမ္ဘာကရော၊ ကမ္ဘာ့ကာယဗလဖခင်ကြီး ဂျိုးဝီဒါက ဆိုခဲ့သည်။
“Bodybuilding will always have a great future, so long as people realise that bodybuilding is the greatest form of exercise they can do.  It is the basis of every physical activity.”

“Bodybuilding တွင် ကြီးကျယ်မြင့်မားသော အနာဂတ် ထာဝရရှိ၏။ လူတွေသိလာကြ လိမ့်မည်။ Bodybuilding သည် သူတို့လုပ်နိုင်သမျှ လေ့ကျင့်ခန်းများတွင် အကောင်းဆုံးဆိုတာ တွေ့ရှိလာကြလိမ့်မည်။ ငှင်းသည် ကိုယ်ခန္ဓာ လှုပ်ရှားပြုမူတိုင်း၏ အခြေခံဖြစ်သည်။” ဟူ၍။

ကမ္ဘာတ၀န်းမှာလည်း တဖြည်းဖြည်းသိလာကြ၏။ သိသိသာသာ လိုက်စားလာကြ၏။ ရုပ်ရှင်မင်းသားတိုင်းလိုလို ဗလတွေနှင့် ဖြစ်လာသည်။ (မြန်မာမင်းသားတွေကိုလည်း ဖြစ်စေချင်သည်။) ကမ္ဘာတ၀န်းတွင် ဂျိုးဝီဒါ ဟောကိန်းထုတ်ထားသလို ဖြစ်လာခဲ့ပြီ။ ဘာကြိုပြောခဲ့လို့လဲ။ ၁၉၅၀တွင် ဂျိုးဝီဒါက bodybuilding သည် ရောဂါကာကွယ်ရေးမှသည် ကမ္ဘာ့နိုင်ငံရေးတွေအထိ အကျိုးသက်ရောက်လိမ့်မည်ဆိုသော စာတမ်းတစ်ခု ထုတ်ဝေခဲ့သည်။ သူသည် ထိတ်လန့်ဖွယ်ဖြစ်အောင်ကို တိတိကျကျ မှန်မှန်ကန်ကန် ကြိုတင်အတပ်ပြောခဲ့သည်။ အောက်ပါတို့မှာ သူဟောကိန်းထုတ်ခဲ့သည်မှ အနည်းငယ်တို့ဖြစ်သည်။

“I predict that bodybuilding will spread to every corner of the world and that it will one day be recognised as the king of all sports and physical activities.”

“I predict that those who practise bodybuilding will live longer, happier and more useful lives.”

“I predict that bodybuilding will one day become one of the greatest forces in existence, and that it may be hailed as one of the activities that actually saved civilisation from itself.”

“Bodybuilding သည် ကမ္ဘာ့နေရာတိုင်းကို ပျံ့နှံ့ပြီး တနေ့သောအခါ အားကစားအားလုံးနှင့် ကိုယ်လက်လှုပ်ရှားမှုအားလုံး၏ ဘုရင်အဖြစ်သတ်မှတ်ခံရလိမ့်မည်ဟု ကျွန်တော် ကြိုမြင်သည်။”
“Bodybuilding ကို လိုက်စားကြသူများသည် အသက်ရှည်ရှည်နေရလိမ့်မည်။ ပိုမိုပျော်ရွှင်ပြီး ပိုမို အသုံးဝင်သော အကျိုးရှိသော ဘ၀များကို တည်ဆောက်နိုင်ကြလိမ့်မည်ဟု ကျွန်တော် ကြိုမြင်သည်။”
“Bodybuilding သည် တစ်နေ့သောအခါ ရှိရှိသမျှထဲတွင် အကြီးမားဆုံးအင်အားကြီး တစ်ရပ် ဖြစ်လာပြီး ခေတ်မီလူမှုအဖွဲ့အစည်းကြီးကို ကယ်တယ်မည့် လုပ်ဆောင်မှုများထဲမှ တစ်ခုအဖြစ် ကြိုဆိုဂုဏ်ပြုခြင်းခံရလိမ့်မည်ဟု ကျွန်တော် ကြိုမြင်သည်။”

ကျွန်တော့်အကြောင်း

ကျွန်တော် ဘာကောင်လဲ။ ကျွန်တော်နေ့စဉ်နေ့တိုင်းရှုံးနိမ့်နေသည့်ကောင်ပါ။ ဘာလုပ်လုပ် ဘာကိုင်ကိုင် အမှားမှားအယွင်းယွင်းနှင့် တလွဲလွဲတချော်ချော် ဖြစ်နေသည့်ကောင်ပါ။ သို့သော် ကျွန်တော့်မှာ ထူးခြားတာက အဲဒါတွေကြောင့် ကျွန်တော့်ရဲ့ စိတ်ထက်သန်မှု လျော့မသွားခဲ့ပါ။ အဲဒါတွေကို နောက်ဆုတ်စရာ၊ ရပ်ပစ်လိုက်စရာ ဆိုင်းဘုတ်တွေအဖြစ်မမြင်တတ်ခြင်းပါဘဲ။ တခါတလေ အဲဒါတွေကြောင့် ပို၍စိတ်အားထက်သန်လာတာတွေတောင်ရှိ၏။

ကျွန်တော်နိုင်ေ၀၀င်းသည် ယခု ရန်ကုန်တွင် ကျွန်တော့်ချစ်မိဘတွေနှင့် နေထိုင်ပြီး ကျွန်တော့်မှာ လက်တွဲဖော် ၄ ယောက်ရှိ၏။
ပထမလက်တွဲဖော် - ဖြူဖြူ

ကျွန်တော် သူနှင့်အထက်တန်း ကျောင်းသားဘ၀ကတည်းက ဖူးစာစုံခဲ့ပြီး အရင်ဆုံးစတွဲခဲ့ပြီး အရေးကြီးဆုံးလက်တွဲဖော်ဖြစ်သည်။ ယခုသူနှင့် ကျွန်တော်တို့၏ အချစ်က ပေါက်ဖွားလာသော သားဦးလေးတစ်ယောက် ရင်ဝယ်ပိုက်ထားရပြီဖြစ်သည်။ သူတို့တွေသည် ကျွန်တော့်အသက်နှင့်တမျှ တန်ဖိုးထားရသော သူများ ဖြစ်၏။

ဒုတိယလက်တွဲဖော် – ကာယဗလ

ဖြူဖြူနှင့် တွေ့ပြီး တစ်နှစ်လောက်အကြာမှာ တွေ့ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်မှန်ပြတင်းကို နှာခေါင်းနှင့်ပြားနေအောင် ကပ်ထားပြီး ကြည့်နေသည်ကို မကြည့်ရပ်၍ ကျွန်တော့်အကိုနှင့် ကျွန်တော့်လက်ဦးဆရာ ကိုသားသားတို့က အထဲကိုဆွဲခေါ်လိုက်ခြင်းဖြစ်သည်။ ထိုမှစ၍ ကျွန်တော်သည် bodybuilding lifestyle ဖြင့် နေထိုင်ခဲ့သည်။ ကျွန်တော့်ရင်ထဲ ကာယဗလ သစ်စေ့လေး စတင်စိုက်ပျိုးပေးခဲ့သော ကျွန်တော့် တစ်ဦးတည်းသော အကို ဖြိုးေ၀၀င်းသည် ယခု လန်ဒန်တွင် အောင်မြင်စွာ နေထိုင်လုပ်ကိုင်လျှက်ရှိပြီး ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော အကူအညီများနှင့် ကူညီနေဆဲပါ။ အကို “အကို စိုက်ခဲ့တဲ့ သစ်စေ့လေးသည် အခု ပင်စည်ကြီးနှင့် အကိုင်းအခက် ဝေေ၀ဆာဆာနှင့် သစ်ပင်ကြီးတစ်ပင်ဖြစ်လာပြီး အသီးတွေတောင် စ သီးနေပြီ။ ကျေးဇူးကမ္ဘာပါ အကို။”

တတိယလက်တွဲဖော် - ဆေးပညာ

ကျွန်တော်သည် ဒုတိယနှစ် အမ်ဘီဘီအက်စ် နှစ်ကုန်လောက်မှစ၍ ဘာကျူရှင်မယူတော့ဘဲ ကိုယ့်ဘာသာကိုယ် စာကျက်လေ့လာပြီး တစ်နှစ်တစ်တန်း ပုံမှန်အောင်ခဲ့သည်။ ယခုလည်းဘဲ စာကျက်လေ့လာနေဆဲပါ။ ဒါသည် မွန်မြတ်လှသော အလုပ်ကို လေးစားကာ လုပ်နေရသည့် အတွက် ကျေနပ်မိခြင်းကြောင့်ဖြစ်သည်။ (Thank you, Saya Ye Myint Kyaw for inspiration)

စတုတ္တလက်တွဲဖော် - ကိုယ့်အသိပညာကိုယ်ဖြန့်ဖြူးခြင်း

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ လောကကြီးကို အကျိုးပြုသွားစေချင်သော ဆန္ဒနှင့်ဆို ဘာလုပ်လုပ် အလွန်ပျော်ပါသည်။ ကလေးတွေမွေး၊ ကိုယ်ပိုင်စီးပွားရေးလေးထောင်၊ နောက်မြေးတွေရ၊ အသက်တွေကြီး သင်္ချိုင်းကုန်းသွားပြီး လောကကြီးကို နှမ်းတစ်စေ့မှ အကျိုးမပြုခဲ့သူမျိုး ကျွန်တော်မဖြစ်ချင်ပါ။

ကျွန်တော်ကိုင်စွဲနေသော ကိုးကားချက်နှစ်ချက် -

၁) “Nothing is impossible!”

၂) “The mark of a true hero is humility!”

ကျွန်တော်သွားနေသာ လမ်းစဉ်သုံးခု

1) Dream on

သင့်မှာ မှန်ကန်သည် သင့်မြတ်လှသည်ဟု ခံစားမိသော အိပ်မက်တွေရှိပါသလား။ ရှိခဲ့တယ်ဆိုလျှင် ပြန်ခေါ်ပါ။ မရှိခဲ့ဘူးဆိုလည်း ရှိအောင်လုပ်ပါ။ ကျွန်တော်တို့ စိတ်ကူးယဉ်မမျှော်မှန်းသော နေရာကို ကျွန်တော်တို့ဘယ်တော့မှ မရောက်ပါ။ မြင်ပါ။ ကိုယ်ဖြစ်ချင်သော အနာဂတ်ကို ကွတ်ကွတ်ကွင်းကွင်းမြင်ပါ။ ကိုယ်တိုင်ရောက်နေသလို ခံစားပါ။ အချိန်တိုင်း ခံစားပါ။ စွဲစွဲလမ်းလမ်းမြင်မက်ပါ။ ထိုအိပ်မက်ကို သင့်သွေးကြောထဲမှာ စီးဆင်းနေပါစေ၊ သင်ရှုသွင်းရှုထုတ်နေသော လေထဲမှာ ပါပါစေ။ ထိုကဲ့သို့ ဖြစ်သွားလျှင် သင့်မသိစိတ်က မှတ်မိသွားလျှင် သင်ဘာလုပ်လုပ်နောက်ကွယ်မှာ အဲသည့်သင့်ရည်မှန်းချက်က ချိတ်ပါလာလိမ့်မည်။ ဒါဆို သင်သေချာပေါက် တနေ့ သင့်အိပ်မက်အတိုင်းဖြစ်လာလိမ့်မည်။

2) Believe in yourself

အခုနေ ကိုယ်ပျူတာရှေ့ထိုင်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ကိုယ့်အိပ်မက်ကိုယ် ယုံကြည်ခြင်းကို ဆိုလိုသည်မဟုတ်။ ကိုယ်စိတ်တွေတက်ကြွနေသည့်အချိန်မှာ ယုံကြည်ခြင်းသာမဟုတ်။ ဘ၀ရဲ့အခက်ခဲအကြမ်းတမ်းဆုံးအချိန်၊ စုတ်ပြတ်သက်နေအောင်ခံရတဲ့အချိန်၊ နှစ်ပြားမတန်အောင် နှိမ်ချခံရတဲ့အချိန်၊ ခွေးလိုဝက်လို ပြောခံရတဲ့အချိန် ထိုအချိန်များမှာ ယုံကြည်ခြင်းကို ထိန်းထားနိုင်ခြင်းကို ဆိုလိုသည်။ ဒါတွေသည် သင့်အိပ်မက် အကောင်အထည်ဖော်လျှင် မလွဲမသွေ အနီးစပ်ဆုံးကြုံရမည့် အနေအထားဖြစ်သည်။ ဒီတွင် သင့်ဖာသာ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက အိပ်မက် အကောင်အထည်ပေါ်ခြင်း၊ မပေါ်ခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။

3) Action Action

ဒါသည် အာနိုး၏ လက်စွဲစကားဖြစ်သည်။ ကျွန်တော်သည် အာနိုးကို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးလူသားအဖြစ်ခံယူထားသည်။ ရွာထဲက ကလေးလေးတစ်ယောက် မေးကြည့်ပါ။ ဘီလ်ဂိတ်ကို သိလား၊ အာနိုးကို သိလား။ သူ့နာမည်သည် ယုတ်စွအဆုံး တောထဲက ခွေးတွေဆီတောင်ပျံ့နှံ့သွားခဲ့သည်။ ခွေးကို အာနိုးလို့နာမည်ပေးကြ၍ဖြစ်သည်။ သူသည် အသက်၁၉နှစ်နှင့် အပြိုင်အဆိုင်အလွန်များသည့် မောင်စကြာဝဠာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြီးတော့ရော အိမ်မြေစီးပွားရေးတွေလုပ်ပြီး မီလျံနာဖြစ်ခဲ့သည်။ ပြီးတော့ရော ကမ္ဘာ့နံပါတ်တစ် ဟောလီဝုတ်မင်းသားကြီးဖြစ်ခဲ့သည်။ ပြီးတော့ရော အမေရိကန် ကယ်လီဖိုးနီးရားပြည်နယ်၏ မြို့တော်ဝန်ဖြစ်ခဲ့သည်။ ပြီးတော့ရော ကမ္ဘာ့ရေးရာများတွင် သူများနှင့် မတူသော အမြင်များဖြင့် အောင်မြင်စွာဖြေရှင်းနိုင်သော ပရဟိတလုပ်ငန်းရှင်ကြီးဖြစ်ပြီး အားကစားပေါင်းများစွာကို ကမကထ အားပေးအားမြောက်ပြုသူကြီးဖြစ်သည်။ သူတည်ဆောက်ထားသော အာနိုးကလပ်စစ်ကာယဗလမောင်ပြိုင်ပွဲသည် မောင်အိုလံပီယာပြီး ဒုတိယအကြီးမားဆုံး ဆုတံဆိပ်ကြီးဖြစ်သည်။ ကဲ အိပ်မက်လည်းရှိပြီ။ ကိုယ့်ကိုယ်ကိုလည်း ယုံပြီ။ ဒါဆို အာနိုးပြောခဲ့သလို “Failure is not an option.  Everyone has to succeed.” ရှုံးနိမ့်မှုသည် ရွေးချယ်စရာမဟုတ်။ လူတိုင်းအောင်မြင်ရမည်။ ဆိုပြီး အသားကုန်တာ ကြိုးစားပေတော့။ အပြိုင်အဆိုင် အနိုင်မခံ၊ အရှုံးမပေးကြိုးစားပေတော့။

(ကျွန်တော့် ဘ၀အတွေ့အကြုံ၊ ဗဟုသုတများကို www.breakoutlife.com တွင် တွေ့နိုင်သည်။ ကျွန်တော့်အကို ဖြိုးေ၀၀င်း တည်ထောင်ထားသော ဘလော့ဂ်ဖြစ်သည်။ ကျွန်တော့်အကိုကြောင့်သာမဟုတ်လျှင် ကျွန်တော် ဘာ ဘလော့ဂ်မှ ရေးနိုင်မည်မဟုတ်။)

ကျွန်တော့်အကြိုက်ဇာတ်ကား -Kungfu Panda
Kungfu Panda The secrets of the furious five
Sevenpounds
ကျွန်တော့အကြိုက်စာအုပ် – Outlier-The Story of Success by Malcom Gladwell

မှတ်ချက်။   ။ နိုင်ေ၀၀င်းသည် လောလောဆယ်တွင် မိသားစုနှင့် အချိန်ပေးနေထိုင်ခြင်း၊ စာဖတ်ခြင်း၊ ၀ိတ်မခြင်းတို့ဖြင့် မအားမလပ်ဖြစ်နေ၏။ ဆွေးနွေးဝေဖန်ခြင်းသည် ကောင်းပါသည်။ Myanmarfitness ကလည်း အမြဲကြိုဆိုပါသည်။ သို့သော် မနာလိုစွာဖြင့် စော်ကားသော စကားများ၊ မေးလ်များကို လက်ခံ ရှင်းပြနေမည်မဟုတ်ပါ။ အကယ်၍ Myanmarfitness ၀ိုင်းတော်သားများ၏ personality ကို စော်ကားခဲ့လျှင် ကျွန်တော်တို့ ဗလကြီးများသည် သင့်ကို ဂုတ်ချိုးသတ်ပစ်မည် ဖြစ်ကြောင်း။