Jan
23

အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၁)

Home > General Health, Training and Contest > အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၁)

Post written by Aung Aung (aungaung.aung24@gmail.com)

လေ့ကျင့်မှုလွန်ကဲခြင်းဆိုတာ အရှင်းဆုံး၊ အလွယ်ဆုံး စကားနဲ့ပြောရရင်တော့ ကစားသင့်တာထက်၊ ကစားတာပိုများတာ၊ လွန်ကျူးသွားတာကို ပြောတာဖြစ်ပါတယ်။ မြန်မာစကားမှာ “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားဟာ အလွန်အဓိပ္ပာယ်ရှိပြီး တာသွားလှပါတယ်။ ဘာပဲလုပ်လုပ် တစ်ခုခုလုပ်တာဟာ လိုတာထက် ပိုသွားရင် ဘေးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် လေ့ကျင့်မှုလွန်ကဲခြင်းဟာလည်း ကာယဗလသမားတွေရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆုတ်ယုတ်စေပါတယ်။

လေ့ကျင့်မှုလွန်ကဲခြင်းဟာ ကြောက်စရာ အလွန်ကောင်းတဲ့ အန္တာရာယ်တစ်ခုဖြစ်ပါတယ်။ မီးကို ချက်ချင်း ကိုင်မိလို့ ချက်ချင်း ပူသွားတဲ့ အန္တာရာယ်မျိုး မဟုတ်ဘူး။ ပုတ်သင်ညိုများ မလှုပ်တလှုပ်နဲ့ မသိမသာ တွားတွား သွားတာမျိုးနဲ့ ပိုတူပါတယ်။ လူသစ်တွေအဖို့ မဆိုထားနဲ့တော့ ၀ါရင့်နဲ့ ထိပ်သီး ကာယဗလမောင်တွေတောင် လေ့ကျင့်မှု လွန်ကဲခြင်းဒဏ်ကို တစ်ခါမဟုတ် တစ်ခါ ဒါမှမဟုတ် ထပ်ခါ ထပ်ခါ ခံတတ်ကြရတယ်။

လူသစ်နဲ့ အဆင့်လတ် ကာယဗလသမား အတော်များဖို့ လေ့ကျင့်မှု လွန်ကဲခြင်း ဖြစ်တတ်တဲ့ အဓိကအမှား တစ်ခုကတော့ ကာယဗလ ချိန်ပီယံတွေရဲ့ စာထဲကျင့်စဉ်တွေကို တစ်သွေမတိမ်း ပုံတူကူးပြီး လိုက်ကစား တက်ကြတဲ့ အမှားကြောင့် ဖြစ်ပါတယ်။ ချန်ပီယံတွေရဲ့ အကြံပေး လမ်းညွှန်ချက် တွေထဲမှာလဲ တစ်ခါတစ်ရံမှာ ပုံကြီးချဲ့ထားတာတွေ ပါတတ်ပါတယ်။ သူတို့ကစားတယ်ဆိုတဲ့ အလေးတွေကိုလဲ သူတို့တစ်ကယ် နိုင်တာထက် ပိုပြီးပြောတတ်ကြသူတွေလည်း ရှိပါတယ်။ ကြွက်သား အတိုင်းအတာတွေ မေးလိုက်ရင်လဲ အကောင်းဆုံး အချိန်တုန်းက ဘယ်နှစ်လက်မတောင် ရှိတာပေါ့ ဆိုပြီး အထူးသဖြင့် ရင်အုပ်၊လက်မောင်းနဲ့ ပေါင်ကြွက်သားတွေရဲ့ အတိုင်းအတာတွေကို နည်းနည်းလောက်ပိုပြီး လေလုံးထွားပြတက်တဲ့ ကာယဗလမောင်တွေ ရှိသလိုပဲပေါ့။

ကာယဗလလေ့ကျင့်မှု့ရဲ့ အောင်မြင်ခြင်းဟာ ဘယ်လောက်အထိ အများဆုံး၊ အပြင်းထန်ဆုံး ကစားတယ်ဆိုတဲ့ အပေါ်မှာ မူမတည်ပါဘူး။ ဘယ်လောက် စမတ်ကျကျ အကောင်းဆုံး စနစ်တကျ ကစားတက်သလဲဆိုတဲ့ အပေါ်မှာ အဓိကမူတည်ပါတယ်။ စမတ်ကျကျ စနစ်တကျ ကစားတက်တယ် ဆိုတာတခြား ထွေထွေထူးထူးတွေကို ဆိုချင်တာ မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်မှုလဲ ရှိတယ်။ ထိခိုက်ဒဏ်ရာရမှုလဲ ကင်းတယ်။ စိတ်ဓာတ်ရေးရာအရလဲ အမြဲကြံ့ခိုင်မှုနဲ့ ပြည့်စုံအောင် လေ့ကျင့်သွားနိုင်တယ် ဆိုတဲ့အချက်တွေကို ပြောတာ ဖြစ်ပါတယ်။

အဲဒီတော့ “လေ့ကျင့်မှုလွန်ကဲခြင်း” ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ။

ရုပ်ပိုင်း၊ ဦးနှောက်ပိုင်း၊ ခံစားမှုပိုင်းနဲ့ စိတ်ဓာတ်ရေးရာပိုင်းတွေမှာ သူတို့ရဲ့ ပြန်လည်အားပြည့်နိုင်စွမ်းထက် ပိုပြီးလွန်ကဲအောင် ဖိစီးမှုပေးပြီး အလုပ်လုပ်ခိုင်းခြင်းဟာ လေ့ကျင့်မှုလွန်ကဲခြင်း ဖြစ်ပါတယ်

ကာယဗလသမားတိုင်းဟာ အနည်းဆုံး တစ်ခါတစ်ရံမှာတော့ လေ့ကျင့်မှုလွန်ကဲသွားတတ်ကြတယ်ဆိုတာ ရဲရဲကြီး ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာကြွက်သားတွေက ဖွံ့ဖြိုးတိုးတက်မှု တန့်သွားပြီး ယုတ်လျော့မှုကို တင်ပြလာတဲ့အချိန်မျိုးကို ကြုံရတဲ့အခါမှာ သတိမထားဘဲ ဆက်ပြီးဖိကစားမိရင် လေ့ကျင့်မှုလွန်ကဲရာ ရောက်သွားပြီပေါ့။

ကောင်းပြီ လေ့ကျင့်မှုလွန်ကဲခြင်းကို ဖြစ်နေတာကို ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။ ဒီမေးခွန်းက အရေးကြီးတယ်။

အဖြေက ရိုးရိုးလေးပဲ။

ကြွက်သားတွေ အနားကို မရဘူး။ အနားမပေးဘူး။ အမြဲလှုပ်ရှားနေတယ်။ ပြီးတော့ ကြွက်သားတွေက ကြီးထွားမလာဘဲ တစ်ဖြည်းဖြည်းချင်း သေးလိုက် သွားတယ်။ ကျစ်သွားတယ်ဆိုရင် လေ့ကျင့်မှုလွန်ကဲနေပြီလို့သာ မှတ်ပေတော့။

ကိုယ်ခန္ဓာရဲ့ အခြေအနေကို အမြဲမျက်ခြည်မပြတ် အကဲခတ် သုံးသပ်ပါ။ ကိုယ့်ရဲ့ အတွေ့အကြုံ့ဟာ အရေး အကြီးဆုံးအချက် ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်တွေ့ရှိသုံးသပ်ချက်တွေကို အမြဲ မှန်မှန်ကန်ကန် အကဲဖြတ် ကြည့်ပါ။

အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၀)ချက်ဟာ လေ့ကျင့်မှုလွန်ကဲခြင်းချောက်ထဲကို ထိုးမကျ ရောက်အောင် တားဆီးပေးနိုင်မယ့် အချက်တွေ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမောင် (Mr. International) ဘွဲ့ရ ထိပ်သီးကာယဗလသမား “အန်ဒရေယပ်စ်-ကားလင်း” (Andreas Cahling)က ဖွင့်ဆိုထားပါတယ်။

၁။       ကိုယ်ခန္ဓာကို နားထောင်ပါ

LISTEN TO YOU BODY

အားလုံးထဲမှာ ဒီအချက်က အဓိကပင်မသော့ချက် ဖြစ်တယ်။ “ကိုယ့်ရဲ့ကိုယ်ခန္ဓာကို နားထောင်ပါ” ဆိုတဲ့ ဆောင်ပုဒ်ဟာ လေ့ကျင့်မှုလွန်ကဲခြင်း တစ်ခုတည်းအတွက် ပြောတာမဟုတ်ဘူး။ ကာယဗလလေ့ကျင့်မှု အလုံးစုံနဲ့ သက်ဆိုင်ပါတယ်။ ကိုယ်ခန္ဓာကြီးကတော့ လိုအပ်မှုအဆင့်ဆင့်တွေကို ပြောပြနေမှာပဲ။ ကိုယ်က ကောင်းကောင်း နားထောင်လိုက်နာတတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့သာ အရေးကြီးတယ်။

ကိုယ်ခန္ဓာရဲ့ ကြွက်သား အစိတ်အပိုင်းတွေရဲ့ အခြေအနေတွေကို နားလည်နိုင်စွမ်းကတော့ အတွေ့အကြုံနဲ့ အတူရလာမှာဖြစ်ပါတယ်။ ကစားတာများနေပြီး လွန်ကဲနေပြီး ကိုယ်ခန္ဓာက ပန်းလာပြီဆိုတဲ့ လက္ခဏာတွေပြလာရင် လေ့ကျင့်မှုကို ရပ်ပြစ်လိုက်ပြီး ပြန်ပြီး ပြုပြင်ချိန်ဆမှု ပြုလုပ်သွားပါ။ လေ့ကျင့်ရေး ဇယားတစ်ခုကို ပုံသေ စွဲစွဲမြဲမြဲထားပြီး အမြဲတမ်းကစား သွားမယ်ဆိုတဲ့ တစ်ယူသန်အစွဲ မထားပါနဲ့။

၂။       ကြွက်သားများကို ခဏခဏ မကစားပါနဲ့

DON’T TRAIN BODY PARTS TOO FREQUENTLY

ကိုယ်ခန္ဓာကြွက်သားတွေကို သုံးရက် (သို့မဟုတ်) လေးရက်ခွဲပြီး ဆက်တိုက် ကစားတဲ့ပုံစံဟာ လေ့ကျင့်မှု လွန်ကဲခြင်းကို ဦးတည်ဖို့ လမ်းများပါတယ်။ ကြွက်သားတိုင်းဟာ ကစားပြီးတဲ့အခါမှာ ပြန်လည်ပြုပြင်မှုနဲ့ ဖွံ့ဖြိုးမှု အတွက် လုံလုံလောက်လောက် အနားရဖို့ လိုအပ်ပါတယ်။ ကြွက်သားတစ်ခုကို တစ်ပတ်အတွင်းမှာ နှစ်ကြိမ်ကစား တာဟာ တိုးတက်မှုကို ဖင့်နှေးစေပါတယ်။ အထူးသဖြင့် ကြွက်သားတွေကို ကစားတဲ့အခါတိုင်းမှာ တချို့ကြွက်သားငယ်တွေ သွယ်ဝိုက်ပြီး လက်ဝေခံ ထိရောက်မှုရရှိကြတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရန် သတိပြုပါ။

ကြွက်သားတစ်ခုကို တစ်ပတ်အတွင်းမှာ နှစ်ကြိမ်ကစားတဲ့အတွက် ကိုယ်ကာယနဲ့ ကြွက်သားပင်ပန်းမှုထက် စိတ်ပိုင်းဆိုင်ရာပင်ပန်းမှု ဒဏ်ဖိစီးခံရမှာကို မလွဲမသွေ ကြုံရတတ်ပါတယ်။

ဒန်ဒရေယပ်စ်-ကားလင်းဟာ ကြွက်သားတစ်ခုကို ခုနှစ်ရက်၊ ရှစ်ရက်မှာ တစ်ကြိမ်ကစားတဲ့ လေ့ကျင့်ရေးစနစ်ကို လက်ငင်း ကျင့်သုံးလျက်ရှိပါတယ်။ သူနဲ့အတူ ကစားဖော်ကစားဖက် နှစ်ဦးကလဲသူ့ရဲ့ ကြွက်သားတစ်ခု တစ်ပတ်တစ်ကြိမ် ကစားတဲ့နည်းနဲ့ လေ့ကျင့်ခဲ့ကြတာ၊ တစ်ယောက်ဟာ (၄) အတွင်း မှာ ကိုယ်အလေးချိန် (၂၂၅) ပေါင်ကနေ (၂၄၅) အထိ ပေါင် (20) တက်လာလို့  ပျော်နေတာပဲလို့ ပြောပါတယ်။

၃။       သင့်တင့်သော အာဟာရကို ထိန်းသိမ်းမှီဝဲပါ။

MAINTAIN PROPER NUTRITION

ကြွက်သားတွေကို ဘယ်လောက်ဘဲ ပြင်းပြင်းထန်ထန် ကစားကစား၊ ကြွက်သားတွေ ပြန်အားပြည့်ပြီး ကြီးထွားစေမယ့် အာဟာရကောင်းတွေနဲ့ ပြန်မဖြည့်ပေးရင် ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်ရှိနိုင်ပါ့မလဲ။ ကယ်လိုရီအတွက် လိုအပ်တဲ့အာဟာရ ကယ်လိုရီ အလုံအလောက် ထောက်ပံ့မှုအပေးနိုင်ရင် ခန္ဓာကိုယ်ကြီးဟာ တိုးတက်မှုနဲ့ ဝေလာဝေပြီး၊ နောက်ဆုံး ချုံးချုံးကြတဲ့အဖြစ်ကို ရောက်သွားပါတယ်။

လေ့ကျင့်မှုလွန်ကဲနေတဲ့ ကာယဗလသမားတစ်ဦးအဖို့ စားချိန်နဲ့ကစားချိန် တိုက်ဆိုင်ခဲ့ရင် စားချိန်ကို အရင်ရွေး၊ သင့်တော်သလို စားသောက်မှုပေါ်မှာ မူတည်ပြီး နာရီပိုင်းလောက်နေပြီး ကစားသင့်ပါတယ်။ အန်ဒရေယပ်စ် ကားလင်းကတော့ မြန်မြန်အစာကြေလွယ်ပြီး မြန်မြန်ကစားလို့ရတဲ့ အစားအသောက်မျိုးကို ဦးစာပေးစားဖို့ အကြံပေးပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အာဟာရကို မှီဝဲတယ်ဆိုတာဟာ ကိုယ်ခန္ဓာလုပ်အား အတွက် လောင်စာစွမ်းအင် သန့်သန့်ပေးနိုင်မယ့် လတ်ဆတ်တဲ့ အစားအသောက် အာဟာရမျှတအောင် (အဆီဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင် အချိုးအစား မျှတအောင် ရွေးစားတတ်ရပါမယ်။ စည်သွပ်ဗူး၊ သားငါးနဲ့ အစား အသောက်တွေကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။

၎။       အယ်ရိုးဗစ်လေ့ကျင့်မှု မလွန်ကဲစေနဲ့

AVOID EXCESSIVE AEROBIC ACTIVITY

အယ်ရိုးဗစ်လေ့ကျင့်မှုဟာ အများကြီးအကျိုးပြုတာတွေ ရှိပါတယ်။ နှလုံးသွေးကြောကြံ့ခိုင်မှု အားကောင်းပြီး (Cardiovascular Fitness) အမောခံနိုင်ရည် တိုးတက်စေပါတယ်။ အဆီတွေကျစေပါတယ်။ ကိုယ်ခန္ဓာအတွင်း ဇီဝ ဖြစ်ပျက်မှု (Metabolism)ကို နှိုးဆွပေးပါတယ်။ လူကိုလည်း နေလို့ထိုင်လို့ပေါ့ပါး ကောင်းမွန်စေပါတယ်။

ဒါပေမယ့် အကျိုးပြုတဲ့ အလုပ်တစ်ခု ဖြစ်စေကာမူ လွန်ကဲသွားရင် အကျိုးဆုတ်ယုတ်မှုကို ဖြစ်စေနိုင်ပါတယ်။ အခုခေတ်မှာ အလွန်ခေတ်စားနေတဲ့ ဟိုက်ဒရေလစ်နဲ့ လုပ်ထားတဲ့ (Stair Master)မှာ နေရာမရွေ့၊ ဘယ်ညာ တစ်လှည့်စီနင်းတာပဲ လုပ်လုပ်။ “အသက်ရှည်စက်ဘီး” လို့ အဓိပ္ပာယ်ကောက်ယူလို့ ရနိုင်တဲ့ (Life Cycle) ကွန်ပျုတာနေရာ မရွေ့ စက်ဘီးပဲနင်းနင်း အချိန်ပေးတာ များလွန်းသွားရင် ကြွက်သား ဆက်အရွတ်တွေနဲ့ အဆစ် တွေကို မလိုအပ်တဲ့ ဒဏ်ပိစေနိုင်ပါတယ်။ ကြွက်သားထဲက အချိုသကြားဓာတ်တွေ လျော့သွားပြီး ခွန်အားယုတ် သွားနိုင်စေပါတယ်။ အထူးသဖြင့် မောင်ပြိုင်ပွဲဝင်ခါနီးမှ အစားအသောက်ကို ဂရုတစိုက် လျော့ပြီးစားနေတဲ့ ကာယဗလ သမားတွေအတွက် အလွန်အရေးကြီးပါတယ်။ အယ်ရိုးဗစ် ကစားတာများသွားလို့ ကြွက်သားထဲက ဂလိုက်ကိုဂျင်အချို သကြားဓာတ် (Muscle Glycogen) နည်းသွားရင် ပြိုင်ပွဲနေ့မှာ ကြွက်သားပြည့်ဝမှုပျောက်ပြီး ကြွက်သားတွေ ပြားတားတား(Flat) ဖြစ်သွားနိုင်ပါတယ်၊ ပြိုင်ပွဲနီး၊ ရက်သတ္တပတ်တစ်ပတ်မှ နှစ်ပတ်အလိုမှာ အဆီတွေ ကျန်နေသေးလို့ အယ်ရိုးဗစ်လေ့ကျင့်မှု ပိုပြီးပြုလုပ်ရမယ်ဆိုရင်တော့ အယ်ရိုးဗစ်လေ့ကျင့်မှု မှားခဲ့လို့ပဲ။ အဆီ ကျအောင် အယ်ရိုးဗစ်လေ့ကျင့်မှုကို ပြိုင်ပွဲနားနီးမှ မတရားဖိမလုပ်ဘဲ စောစောကတည်းက မှန်မှန်လုပ်လာခဲ့ရမှာ ဖြစ်ပါတယ်။

၅။       အရည်များများ သောက်ပါ

DRINK PLENTY OF FLUIDS

တကယ်တော့ ဒီအချက်ဟာ အစားအသောက်အာဟာရ သင်တင့်စွာ မှီဝဲရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်လိုက်လို့လည်း ရပါတယ်။ ဒါပေမယ့် အရည်သောက်တဲ့ကိစ္စဟာ အလွန်အရေးကြီးတဲ့ ထူးခြားချက်တစ်ခုဖြစ်လို့ သီးခြားအချက်အနေနဲ့  ခွဲထုတ်တင်ပြရတာ ဖြစ်ပါတယ်။ သန့်စင်တဲ့ ရေကိုများများ သောက်ပေးခြင်းအားဖြင့် လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ “လက်တစ်အက်စစ်အချဉ်ဓာတ်” (Lactic Acid)အပါအ၀င် တခြား အဆိပ်တက် စေတဲ့ ဓာတ်တွေနဲ့ အညစ်အကြေး ဓာတ်တွေ(Waist Products) တွေကို ကိုယ်ခန္ဓာအတွင်းက ဖယ်ရှင်းထုတ်လုပ်ပေးပါတယ်။

အများဆုံးမှားနေကြတဲ့ အမှားတစ်ခု ရှိပါတယ်။ အောင်ပြိုင်ပွဲနား၊ နီးရင် ကြွက်သားတွေထဲမှာ ရေကျန်နေပြီး ကြွက်သားပေါ်လွင်မှုကို ထိခိုက်မှာစိုးလို့ ပွဲနားနီးရင် ရေကို လျော့သောက်တာ (သို့မဟုတ်) တတ်နိုင်သလောက် မသောက်ဘဲနေတဲ့ အကျင့်ကို ကာယဗလသမား အတော်များများ လုပ်တတ်ကြပါတယ်။ အမှန်က ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်ဖြစ်စေတတ်တဲ့ ဓာတ်တွေအများကြီး စုဝေးနေရင် ကြွက်သားတွေနဲ့ အရေပြားအကြားမှာ ရေခိုနေအောင် ရေကိုထိန်းသိမ်းတက်တဲ့သဘောရှိပါတယ်။ အဲ့ဒီလို ရေပိုတွေ ကျန်မနေအောင် လုပ်လို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ သန့်စင်ရေများများကို သောက်ပေးခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲနီးကာလပဲဖြစ်ဖြစ် တခြားကာလပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာတွင်းက မစင်ကြယ်မှု့တွေကို စင်ကြယ်နေအောင်၊ ထုတ်ပစ်ပေးနိုင်တဲ့ နည်းလမ်းကတော့ သန့်စင်ရေကို များများသောက်ပေးခြင်း ဖြစ်ပါတယ်။ ဒါမှ ကိုယ်ခန္ဓာတွင်းမှာ သန့် စင်ပြီး အမြဲအားပြည့် အခြေအနေမှာ ရှိနေပါမယ်။

ဒါကြောင့် သန့်စင်ရေကို များများသောက်ပေးပါ။ နေ့စဉ်အနည်းဆုံး ဖန်ခွက်(၈) ခွက်သောက်ပေးပါ။ ခေတ်မှီကာယဗလသမားတွေဟာ ပြင်းပြင်းထန်ထန် ကစားနေချိန်မှာ 15-20 မိနစ်လောက်မှာ ရေတစ်ငုံ၊ နှစ်ငုံလောက်သောက်ပြီး ကစားနေကြပါတယ် ဆိုတာလေးကို တင်ပြရေးသားရင်း ဒုတိယ အပိုင်းကို နောက်တစ်ခေါက် မှာဆက်လက် တင်ပြသွားပါမယ်။


တင်ဆက်သူ။  ။အောင်အောင်(aungaung.aung24@gmail.com)

Related posts:

  1. အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၂)
  2. ချန်ပီယံတို့ပြောသော ချန်ပီယံဖြစ်ဖို့ အပိုင်း (၁)
  3. ဖလှက်ဝှီးလား ၏ ကာယဗလ ဒဿန အပိုင်း(၁)
  4. ဖလက်စ် ၀ှီးလား၏ ကာယဗလဒဿန အပိုင်း(၂)
  5. လီဟေနီ ၏ လူသစ်များအတွက် ပေးသော အကြံညဏ် အပိုင်း(၂)