Jan
24

အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၂)

Home > General Health, Training and Contest > အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၂)

Post written by Aung Aung (aungaung.aung24@gmail.com)

လေ့ကျင့်မှုလွန်ကဲခြင်းနှင့် ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အပိုင်း(၁) ရဲ့ အဆက်ဖြစ်တဲ့ အပိုင်း(၂) ကို ဆက်လက် တင်ပြပေးသွားပါမယ်။

၆။       မှန်ကန်စွာကစား အန္တရယ်ရှိတဲ့ လေ့ကျင့်ခန်းများရှောင်ရှား

USE PROPER TRAINING FORM AND AVOID HIGH-RISK EXERCISES

ပေါ့ပေါ့ဆဆနဲ့ တော်ရိလျော်ရိကစားရင် အရွတ်တွေနဲ့ အဆစ်တွေမှာ မလိုအပ်ဘဲ ဒဏ်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ပုံစံမမှန်ရင် အရွတ်နဲ့ အဆစ်တွေ အလုပ်လုပ်ပုံလည်း ပုံမှန်မဟုတ်နိုင်တော့ဘူး။ လိုချင်တဲ့ အားစိုက်မှု အရှိန်လည်း မရနိုင်တော့ဘူး။ ကစားပုံ ကစားနည်းစနစ် မမှန်ခြင်းရဲ့ အဆိုးရွားဆုံး ရလာဘ်ကတော့ ကြွက်သားတွေ ထိခိုက်ဒဏ်ရာ ရစေတက်ခြင်း ဖြစ်ပါတယ်။

ထိခိုက် ဒဏ်ရာရမှု့နဲ့ ကိုယ်ခန္ဓာကို ထိခိုက်နာကြင်မှု့စေမှု့ဖြစ်စေတဲ့ နေရာမှာ “အန္တရယ်ဖြစ်စေနိုင်တဲ့ လေ့ကျင့်ခန်းများ” (High-risk Movement Exercises) လည်း ပါဝင်ပါတယ်။ ရင်ဘတ်အောက်မှာ အထောက်အကူ ပါဘဲနဲ့ အလေးကြီးတွေနဲ့ ခါးကိုင်းဆွဲတင် (Bent Rowings) “ဒူးဆန့်၊ ခါးကုန်းဆွဲမ” (Stuff-leg Dead Lifts)နဲ့ ပခုံးပေါ် အလေးထမ်းပြီး ခါးရှေ့ကိုင်း (Good Morning) လေ့ကျင့်ခန်းမျိုးတွေ ပါဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ ကြွက်သားကြီးထွားသန်မာမှု အကျိုးပြုလေ့ကျင့်ခန်းတွေ မှန်ပါတယ်။ ဒါပေမယ့် တစ်ခါ ထိခိုက်နာကျင်မှုဖြစ်ရင် ရက်ရှည်ကြာတဲ့ ဒဏ်ရာမျိုး ရတတ်ပါတယ်။ အထူးသဖြင့် ဒီလေ့ကျင့်ခန်းမျိုးတွေဟာ လေ့ကျင့်မှု လွန်ကဲပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ကာယဗလ သမားတစ်ယောက်ကို အလွယ်တကူ ထိခိုက်နာကျင်စေမှု ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားရပါမယ်။

၇။       အိပ်ရေးဝအောင် အိပ်ပါ။

GET ENOUGH SLEEP

အားကစားရုံထဲမှာ အားကြိုးမာန်တက် ကစားနေချိန်မှာ ကြွက်သားတွေ ကြီးထွားလာတယ်လို့ ထင်ရပါတယ်။ ကြွက်သားတွေမှာ သွေးပြည့်ပြီး ဖောင်းလာတာကို ကြီးထွားလာပြီလို့ ထင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကြွက်သားတွေ အဲဒီလိုဖောင်းကြွလာတာဟာ ခဏတာလေး သာကြာတဲ့ ရေပွက်ပမာ တစ်သက်လျာ သဘောတရား သာဖြစ်ပါတယ်။ တကယ်က မှန်ကန်ပြီး ပိုမိုတည်မြဲခိုင်မာတဲ့ ကြွက်သားကြီးထွားမှုဖွံ့ဖြိုးမှုဟာ ကောင်းကောင်းအနားရပြီး အိပ်ရေးဝမှသာ ဖြစ်နိုင်ပါတယ်။ ကြွက်သားတွေ ကြီးထွားမှုရည်မှန်းချက်အတွက် “အရည်အသွေးပြည့်ဝတဲ့ အနားယူ အားပြန်ဖြည့်တင်းမှု” (Quality Recuperation) မရှိမဖြစ် လိုအပ်ပါတယ်။ အနားမရခြင်းဟာ ကြွက်သားဖွံ့ဖြိုး တိုးတက်မှုကို သိသာစွာ ထိခိုက်ဆုတ်ယုတ်စေပါတယ်။

အိပ်ရေးဝအောင် ဘယ်လိုပုံစံနဲ့ အိပ်ရမလဲ၊ ဘယ်နှစ်နာရီကြာ အိပ်ရမလဲဆိုတဲ့ လိုအပ်ချက်ကတော့ တစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ လေ့ကျင့်မှုအတိုင်းအတာနဲ့ တခြားလိုအပ်ချက် အလက်တွေပေါ်မှာ မူတည်ပါတယ်။ ညစဉ် ဘယ်နှစ်နာရီအိပ်ရင် ကောင်းကောင်း အနားရပြီလို့ တရားသေမှတ်ထားလို့လည်း မရပါဘူး။ လေ့ကျင့်ချိန်အတွင်း တစ်ကြော့နဲ့တစ်ကြော့အကြား နားတတ်ဖို့လည်း လိုပါသေးတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်နေချိန်မှာ တစ်ကြော့နဲ့ တစ်ကြော့အကြား အထိုက်အလျောက် နားကိုနားရပါမယ်။ ကစားနေတုန်းမှာ မောလာရင် နွမ်းလာရင်လဲ နားလိုက်ရမှာကို ၀န်မလေးပါနဲ့ သိပ်ဆာပြီး ဗိုက်ဟာလာလို့ ဟိုက်တာမျိုးဖြစ်တယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါး အစာ နည်းနည်းပါးပါးစားဖို့ မမေ့ပါနဲ့။ ကစားနေရင်း မောပန်းကာမျိုးဖြစ်ရင် လူပြန်ပြီး လန်းဆန်းအားပြည့်သွားအောင် ခဏနားလိုက်ပါ။ ပြီးတော့မှ စတိုင်ကျကျ လေ့ကျင့်ချိန်ပြီးအောင် ဆက်ကစားပါ။ (ဆက်မကစားနိုင်တော့ လောက်အောင် ပင်ပန်းအားယုတ်မှုမျိုးနဲ့ ကြုံလာခဲ့ရင်လည်း လေ့ကျင့်မှုကို ချက်ချင်းရပ်ပြီး အနားယူပြစ်လိုက်ဖို့ သတ္တိ ရှိပါ။ ရှက်စရာ ကြောက်စရာ မလိုပါ။)

၈။       ကြွက်သားအကောင်းဆုံး ဖောင်းပွချိန်ထက် ပိုပြီး ကျော်မကစားပါနဲ့

DON’T TRAIN PAST YOUR PUMP

အာနိုးနှိုင်းယှဉ်ပြောပြတဲ့ နမူနာတစ်ခုက စွဲမှတ်ရလောက်တယ်၊ လိင်ကိစ္စမှာ အကောင်းဆုံး အတိုင်းအတာ ထက် ပိုသွားရင် မကောင်းသလို ကြွက်သားတွေ သွေးပြည့်ပြီး အကောင်းဆုံးဖောင်း ပွချိန်ထက် ပိုပြီး ကျော်ကစားလို့ မကောင်းပါဘူးတဲ့။ ကြွက်သားတွေ သွေးတွေပူပြီး ဖောင်းပွလာတာကို အပြည့်ဝဆုံး ဖောင်းကြွမှုရတဲ့အထိ ဆက်ပြီး ကစားတာ ကောင်းပါတယ်။ ဒါပေမယ့် ကြွက်သား အပြည့်အ၀ ဖောင်းကြွမှုပြန်ကျလာချိန်မှာ ဆက်ပြီးကစားတာ မကောင်းပါဘူး။ ပိုပြီး အရှင်းဆုံး ဥပမာနဲ့ပြောရရင် ထမင်းစားတာ အရသာရှိရှိ၊ ဗိုက်တင်းကျေနပ်မှုရပြီးချိန်မှာ ထပ်ပြီး လောဘတကြီးစားရင် အရသာပျက်သွားနိုင်တဲ့ သဘောအတိုင်းပါပဲ။

ကစားချိန်မှာ အားလဲပြည့်ပြီး ကြွက်သားဖောင်းကြွမှုကိုလဲ အတိုင်းအတာအထိ ထိန်းထားနိုင်စေတဲ့ နည်းလမ်းကောင်း တစ်ခုကတော့ ကစားရင်းလျော့သွားတဲ့ ကြွက်သား ဂလိုက်ကိုဂျင် အချိုဓာတ်ကို ကာဘိုဟိုက်ဒြိတ် ဖျော်ရည် (အနောက်တိုင်းမှာ Carbohydrate Drinks များ သီးခြားထုတ်လုပ်ရောင်းချသည်) ကို လေ့ကျင့်ချိန်အတွင်း တမြုံ့မြုံ့သောက်ခြင်း ဖြစ်ပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ကတော့ ပျားရည်ကို ရေနွေးနဲ့ကျဲကျဲဖျော်ထားပြီး သောက်ခြင်းဟာ သကြားနန်းချင်းနဲ့ ချိုနေအောင် လုပ်ထားတာမဟုတ်တဲ့ လိမ္မော်သစ်သီးဖျော် ရည်အကောင်း စားသောက်ခြင်းတို့ ဖြစ်ပါတယ်။

၉။       စိတ်ပင်ပန်းနွမ်းနယ်မှု မဖြစ်ပါစေနဲ့

AVOID PSYCHOLOGICAL BURNOUT

လေ့ကျင့်မှုလွန်ကဲတယ်ဆိုတာ ကြွက်သားတွေနဲ့သာ ဆိုင်တာမဟုတ်ဘူး။ လေ့ကျင့်မှုလွန်ကဲရင် စိတ်ဓာတ် ရေးရာအပိုင်းမှာလည်း ထိခိုက်ခံစားမှုတွေ ရှိလာနိုင်ပါတယ်။ လုပ်ရိုးလုပ်စဉ်ကြီး စက်ကွင်းထဲမှာ မိနေပြီး ဒီအားကစားရုံကိုပဲသွား ဒီလူတွေနဲ့ ဒီအချိန်မှာ ဒီလေ့ကျင့်ခန်းတွေကို ဒီအလေးမပစ္စည်းတွေနဲ့ ဒီအကြိမ် ဒီအကြော့ တွေအတိုင်း ကစားရတာ၊ ကြာလာတော့လည်း စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု လွန်ကဲခြင်းဒဏ်ကို ခံစားရတတ်ပါတယ်။ ကိုယ်ကာယပိုင်းဆိုင်ရာ လေ့ကျင့်မှု လွန်ကဲခြင်းအချက်တွေကို မထိန်းနိုင်ရင် စိတ်ပိုင်းပင်ပန်းနွမ်းနယ်မှုပါ ဖြစ်လာမှာ မုချဖြစ်ပါတယ်။

ဒီပြဿနာတွေအတွက် အဖြေကတော့ “အပြောင်းအလဲ” လုပ်ယူဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။ အလေးအနက် ကစားတတ်တဲ့ ကာယဗလသမား ကောင်းတွေကတော့ သူတို့ရဲ့ လက်ရှိအားကစားရုံ တစ်ခုခုကို အခိုက်အတန့် ပြေညာင်းကစား တတ်ကြပါတယ်။ အပြောင်းအလဲလုပ်ပြီး ကစားတာဟာ ကြွက်သားဖွံ့ဖြိုးမှုအတွက်သာ အကျိုးပြုတာ မဟုတ်ဘူး။ စိတ်ဓာတ်ရေးရာ၊ ပင်ပန်းနွမ်းနယ် ငြီးငွေ့မှုကိုလည်း အသစ်အဆန်း အပြောင်းအလဲနဲ့ အစားထိုးပေးပြီး လန်းဆန်းစေပါတယ်။

စိတ်ပင်ပန်းလွန်ကဲခြင်း ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ လက်တွေ့မကျတဲ့ ရေတိုရည်မှန်းချက်များထားရှိခြင်း ကြောင့်လည်း ဖြစ်ပါတယ်။ သူများတွေအတွက် တိုးတက်တယ်ဆိုတဲ့ လေ့ကျင့်စဉ်တွေအတိုင်း ပုံတူကူးပြီး လိုက်ကစားရာက ဖြစ်မလာတော့ စိတ်ထိခိုက်ပင်ပန်းရရော။ လက်တွေ့မကျတဲ့ မျှော်မှန်းချက်တွေဟာ စိတ်ပျက်စရာ ဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ သဘောရှိပါတယ်။

အဲဒါကြောင့် စိတ်ဓာတ်မကျစေရဘဲနဲ့ အောင်မြင်မှုရနိုင်တဲ့ လက်တွေ့ကျတဲ့ ရည်မှန်းချက်များကိုသာ ထားရှိဖို့ အရေးကြီးပါတယ်။

၁၀။     အလေး အပေါ့ ခွဲကစားပါ

CYCLE YOUR HEAVY AND LIGHT TRAINING

လေ့ကျင့်ချိန် တစ်ခုနဲ့တစ်ခု သေချာခွဲကစား တတ်ဖို့သာ မကပါဘူး။ လေ့ကျင့်ချိန်တစ်ခုအတွင်းမှာပဲ ခွဲကစား တတ်ဖို့ လိုပါတယ်။ အရှိန်ပြင်းပြင်း၊ ပင်ပင်ပန်းပန်း ကစားရတဲ့ တစ်ခါလာလဲ မည်းပြာပုဆိုး ပြင်းထန်တဲ့ လေ့ကျင့်ရေး ပုံစံတစ်ခုကို ကိုယ်ခန္ဓာကြီးနဲ့ စိတ်ပိုင်းတို့က ဘယ်လိုလုပ်ပြီး ကြာရှည်အပင်ပန်းခံပြီး ကစားနိုင်ပါ့မလဲ။

သတိပြုရမှာ တစ်ခုရှိသေးတယ်။ တချို့ လေ့ကျင့်ခန်းတွေက ကျန်နေတဲ့ လေ့ကျင့်ခန်းတွေထက် အလေး များများနဲ့ ပိုကစားသင့်တာ ရှိပါတယ်။ ဥပမာကောင်းတစ်ခု ပြုရရင်တော့ အလေးများများကို ခြေထောက်နဲ့ ကန်တွန်းလို့ သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးရှိတယ်။ အလေးများများနဲ့ မကစားသင့်တာ ကတော့ ပခုံးအိုးအတွက် ဒမ်ဘယ်ဘားတိုနဲ့ ဘေးတိုက် (သို့မဟုတ်) ရှေ့တည့်တည့် မတင်တဲ့ လေ့ကျင့်ခန်းတွေ Dumbell Side Lateral Raises ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကျတော့ အလေးပေါ့ပေါ့ (သို့မဟုတ်) တော်တော်ပေါ့ပေါ့ အလေးနဲ့ တိတိကျကျ ကြပ်ကြပ်မတ်မတ်ပုံစံနဲ့ ကစားရပါမယ်။ ဒီလေ့ကျင့်ခန်းတွေဟာ ပခုံးကို ဒဏ်ရာရစေတတ်ပြီး ဖြစ်လိုက်ရင်လည်း ဒဏ်ရာက ကြာတတ်လို့ ချန်ပီယံကာယဗလ သမားတွေဟာ အတော်ဂရုစိုက် ကစားတတ် ကြပါတယ်။

“အလေးတစ်လှည့်” နဲ့ “အပေါ့တစ်လှည့်” အပိုင်းခွဲကစားမယ် ဆိုရင် မတူတဲ့ ကစားနည်းတွေကို တစ်လှည့်စီ ရောကစားတဲ့ “ရောယှက်လေ့ကျင့်နည်း” (Cross Training)လုပ်တဲ့ ကာယဗလသမားတွေဆီက ပညာအတုခိုး သင့်ပါတယ်။ အပြေး၊ ရေကူး၊ စက်ဘီးစီး၊ အယ်ရိုးဗစ်အကနဲ့ ခွန်စိုက်အားစိုက် လမ်းလျှောက်ခြင်းတွေကို အပြောင်း အလဲနဲ့ ရောယှက်လေ့ ကျင့်ကြတဲ့သူတွေဟာ ကြွက်သားတွေကို အမြဲတမ်းပုံသေ တစ်မျိုးတည်း လေ့ကျင့်ပေးတာမျိုး မဖြစ်စေဘဲ တစ်ခုနဲ့တစ်ခု မတူအောင် ထောင့်စုံအောင် လေ့ကျင့်ပေးတာမျိုး လုပ်ကြပါတယ်။ အလားတူပါပဲ။ ကာယဗလလေ့ကျင့်မှုမှာလည်း လေ့ကျင့်ခန်းမျိုးစုံပြီး အကြိမ်အကြော့ အလေးဝန်နဲ့ ကစားတဲ့ ထောင့်မတူအောင် အပြောင်းအလဲနဲ့ ကစားသွားရင် လေ့ကျင့်မှုလွန်ကဲခြင်းနဲ့ ကြွက်သားများ အပန်းကျ နွမ်းနယ်ထိုင်းမှိုင်းခြင်းတို့ကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

လေ့ကျင့်မှု မလွန်ကဲရေးအတွက် သတ်သတ်မှတ်မှတ် နည်းလမ်းတွေကို တင်ပြပြီးပါပြီ။ လက်တွေ့လိုက်နာ ကျင့်သုံးတတ်ဖို့သာ လိုပါတော့တယ်။ ကိုယ်ခန္ဓာကိုယ်က ညွှန်ပြပြောဆိုမှုကို ကောင်းကောင်း နားထောင်လိုက်နာ တတ်ဖို့၊ ကိုယ့်အရည်အသွေးကို ထက်အောင် လိုက်နာတတ်ဖို့၊ ကိုယ့်အရည်အသွေးကို ထက်အောင် သွေးယူရမှာက ကိုယ့်တာဝန်သာဖြစ်ပါတယ်။

ဒီအကြံပေး ထောက်ခံချက်တွေကို ကိုယ့်ရဲ့လေ့ကျင့်မှုအစီအစဉ်အတွက် လက်တွေ့အသုံးချသွားရင် ကာယပိုင်း၊ စိတ်ပိုင်းမှာ သိမ်သိမ်မွေ့မွေ့၊ ဘယ်လိုတိုး တက်ပြောင်းလဲလာ မလဲဆိုတာကို ခံစားသုံးသပ်ကြည့်ပါ။ ကိုယ်ခန္ဓာကြီးရဲ့ ပြောစကားကို ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးတာနဲ့အမျှ လေ့ကျင့်မှုအတွက် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေပေး တတ်လာမယ်။ စိတ်ပျက်စရာနဲ့ ပင်ပန်းနွမ်းနယ်စရာတွေနဲ့ ကင်းဝေးလာတာကို တွေ့ရပါလိမ့်မယ်လို့ ချန်ပီယံ အန်ဒရေယပ်စ်ကားလင်း၏ အကြံညဏ်ပေးချက်လေးကို တင်ပြလိုက်ပါတယ်။ ကျွန်တော်တို့ဆိုဒ်မှာလည်း လေ့ကျင့်မှုလွန်ကဲခြင်းနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို သတိပေးစကားတွေ ၊ချန်ပီယံတွေရဲ့ ကစားနည်းတွေကို အတုမခိုးဖို့ ရေးသားပေးနေပါတယ်။ အရင်ကလည်း (အတုခိုးမမှားအောင် သတိထားရှောင်) ဆိုတဲ့ ဆောင်းပါးလေးမှာ တင်ဆက်ပြီးသား ဖြစ်ပါတယ်။ ယနေ့ထိတိုင် ဂျင်မ် အများစုမှာ လူငယ်တစ်ချို့ဟာ ကြွက်သားကြီး ထွားချင်ဇောနှင့် တစ်ပတ်(၆)ရက် ကစားသူ ၊ လေ့ကျင့်ခန်း အများကြီးကို သုံးရက်ကစား တစ်ရက်နားလေ့ ကျင့်သူများ၊ အလေးများများနိုင်လျင် ကြွက်သားကြီးထွားမယ်ဆိုပြီး အဆမတန် အလေးများထည့်ပြီး ညာဝါးကစား နေကြတာတွေ ဒါတွေဟာ အခြေခံအဆင့် သမားတွေအနေနဲ့ လုံးဝမပြုလုပ်သင့်ပါဘူး။ ကျွန်တော်တို့ရဲ့ ကာယဗလ အားကစားဟာ အခုရေတွင်းတူး အခုရေကြည်သောက်ချင်တဲ့ လူစားတွေအတွက် လုံးဝကို မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ယနေ့ လူငယ်အများစုဟာ (၂)လ (၃)လလောက် ကစားကြည့်ပြီး မတိုးတက်လာတာနဲ့ ကာယဗလ အားကစားကို အမျိုးမျိုးဝေဖန်ပြီး နောက်ကြောင်းပြန်လှည့် သွားကြသူတွေ များပါတယ်။ တကယ်တော့ သူတို့ ကိုယ်တိုင်ဟာ တကယ်ဝါသနာပါလို့ ကစားတာထက် သူများကစားထားတဲ့ ဘော်ဒီလှပနေတာကို အားကျပြီး ဖြတ်လမ်းကနေ ကြီးထွားချင်ဇောနဲ့ လေ့ကျင့်မှုလွန်ကဲပြီး နောက်ဆုံးတော့လည်း ဘာမှမထူးလာပါဘူးကွာ ဆိုပြီးဇတ်သိမ်းသွားကြသူတွေ မနည်းပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆိုဒ်မှာ ဖတ်ရှုလေ့လာသူ ၀ါသနာရှင် လူသစ်လေးတွေအနေနဲ့ အဆင့်မကျော်ပါနဲ့ လို့ သတိပေးချင်ပါတယ်။ ဘယ်အရာမဆိုတန်ဆေး လွန်ဘေးပါ။ လေ့ကျင့်ခန်း ၊ အာဟာရ ၊နည်းစနစ် အပိုင်းတွေနဲ့ ပတ်သက်ပြီး အခု ကိုနိုင်ဦး ဆိုဒ်မှာတင်ထားတဲ့ optimum bodybuilding theories ဆိုတဲ့ စာအုပ်ကလေးက တော်တော်လေးကို ပြည့်စုံပြီး ကောင်းမွန်ပါတယ်။ ရည်မှန်းချက်အမျိုးမျိုးနှင့် ကာယဗလ အားကစားကို လေ့ကျင့်နေကြသူတွေအတွက် အခုလို ကာယဗလဗဟုသု စာပေတွေ ရှားပါးနေချိန်မှ အချိန်ကုန်ခံ ၊ငွေကုန်ခံ၊ ဦးနှောက်အစားခံပြီး လေ့လာရှာဖွေထားသမျှကို ၀ါသနာ အရင်းခံပြီး ကြိုးစားပြုစုပေးထားတဲ့ ကိုနိုင်ဦးကို ချီးကျူးပါတယ်။ တစ်ဖက်ကလည်း အခုလိုမျိုး ကျွန်တော်တို့ညီ အစ်ကိုတွေ လေံလာနိုင်အောင် မြန်မာပြည်မှာ ပထမဦးဆုံး ကာယဗလ အားကစားဆိုဒ်တစ်ခုကို စွန့်စွန့်စားစား တည်ထောင်ပေးတဲ့ အလုပ်ကိစ္စတွေကြားက မအားလပ်နိုင်ပေမယ့် လေ့လာသူ ၀ါသနာရှင်တွေ ဖတ်ရှုနိုင်အောင် အချိန်ပေးပြီး ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို ဆိုဒ်မှာတင်ပေးနေတဲ့ ကိုယ်တိုင်လည်း ၀ါသနာပါ ပြိုင်ပွဲတွေ အများကြီးပြိုင်လာတဲ့ ဒေါက်တာနိုင်ေ၀၀င်း ရဲ့ကျေးဇူးကိုလည်း မမေ့သင့်ပါဘူး။ နောက်ပိုင်းမှာလည်း ချန်ပီယံတွေရဲ့ ကာယဗလ အယူအဆတွေ အကြံပေးချက်တွေကို တင်ဆက်ပေးသွားပါမယ်။

တင်ဆက်သူ။   ။အောင်အောင်(aungaung.aung24@gmail.com)

Related posts:

  1. အန်ဒရေယပ်စ် ကားလင်း၏ လေ့ကျင့်မှုမလွန်ကဲစေဖို့ အချက်(၁၀)ချက် အပိုင်း(၁)
  2. လီဟေနီ ၏ လူသစ်များအတွက် ပေးသော အကြံညဏ် အပိုင်း(၂)
  3. ဖလှက်ဝှီးလား ၏ ကာယဗလ ဒဿန အပိုင်း(၁)
  4. ချန်ပီယံတို့ပြောသော ချန်ပီယံဖြစ်ဖို့ အပိုင်း (၁)
  5. ဖလက်စ် ၀ှီးလား၏ ကာယဗလဒဿန အပိုင်း(၂)