Jun
15

ကယ်လိုရီ၊ ကယ်လိုရီ!

Home > Healthy Recipes, Weight Loss > ကယ်လိုရီ၊ ကယ်လိုရီ!

ကယ်လိုရီကို အစားအသောက်တွေထဲ ပါသည့် တစ်စုံတစ်ခု အနေနှင့် လူတိုင်းက ပြောဆိုတတ်ကြသည်။ တကယ်တော့ ကယ်လိုရီသည် အပူချိန်တိုင်းတာသည့် သိပ္ပံ ယူနစ်တစ်ခုသာဖြစ်သည်။ တစ်ကယ်လိုရီဆိုသည်မှာ ရေ တစ်ဂရမ်ကို အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်အောင်လုပ်ရာတွင် လိုအပ်သော စွမ်းအင်ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် အင်မတန် သေးငယ်သော စွမ်းအင်ပမာဏလေးဖြစ်သည့်အတွက် သိပ္ပံပညာရှင်များသည် ကီလိုကယ်လိုရီ(kilocalorie, kcal) ဟုဆိုသည့် ပိုကြီးမားသော ယူနစ်တစ်ခုကို အသုံးပြုကြသည်။ ထို kcal သည် ရေတစ်ကီလိုဂရမ်ကို တစ်ဒီဂရီစင်တီဂရိတ်တိုးအောင် ပေးရသော စွမ်းအင်ဖြစ်ပေမည်။ ၎င်းသည် ကယ်လိုရီ တစ်ထောင်နှင့် ညီမျှသည်။ တကယ်တော့ အစားအသောက်များ၏ စွမ်းအင်ပမာဏကို ကီလိုကယ်လိုရီနှင့်သာ တိုင်းတာထားသည်။ (အစားအသောက် အဖုံးများတွင် ရေးသားထားတတ်သည်။) သို့သော် လွယ်ကူရှင်းလင်းသွားအောင် အစားအသောက်အကြောင်း ပြောကြလျှင် ကျွန်ူပ်တို့သည် ကယ်လိုရီဟုသာ လွယ်လွယ်ဆိုလိုက်ကြသည်။ အဲသည့် ကယ်လိုရီကို အသုံးချမည်ဆိုလျှင်—

အဆီကျအောင် စားသောက်နည်း ဗျူဟာ

ကိုယ်ဘယ်လောက် ကယ်လိုရီစားသင့်လဲ ဆိုသည်ကို တွက်ချက်ပါ

တွက်ချက်နည်း နှစ်နည်းရှိသည်။

က) ကိုယ်လောလောဆယ်စားနေသော ကယ်လိုရီကို ခန့်မှန်းပါ၊ ထို့နောက် ၁၅ ရာခိုင်နှုန်း ဖြတ်တောက်ပါ။

ဤနည်းလမ်းသည် နဂိုကတည်းက ကယ်လိုရီ နည်းနည်းစားသောက်တတ်သော လူများအတွက် အကောင်းဆုံး အသုံးဝင်သည်။ ကယ်လိုရီကို ၁၅ % လျှော့လိုက်ခြင်းသည် ကယ်လိုရီ အများကြီး ရုတ်တရက်ချလိုက်သည့် အခါ တွေ့ရတတ်သော metabolic rate (ဇီဝဖြစ်ပျက်မှုနှုန်း) ကျသွားခြင်းမျိုး မဖြစ်နိုင်ပါ။ ကိုယ့်ရဲ့ တပတ်စာ စားသောက်သော အစားအစာများကို မှတ်ပါ။ တတ်နိုင်သမျှ တိကျပါစေ။ စားသည့် သောက်သည့် အရာမှန်သမျှ တိုင်းတာ ချိန်တွယ်ကာ တိတိကျကျမှတ်သားပါ။ ကယ်လိုရီတွေ ဘယ်လောက်ပါဝင်နေသလဲဆိုတာကို အစားအသောက် အဖုံးတွေကို ဖတ်ပါ။ အင်တာနက်မှာ ရှာပါ။ ထို ခုနှစ်ရက်လုံးက ကယ်လိုရီတွေ အားလုံးပေါင်းပါ။ ပြီးတော့ ခုနှစ်နှင့် စားလိုက်လျှင် တနေ့တာ ပျမ်းမျှကိုရမည်ဖြစ်သည်။ ထိုထဲမှာ ၁၅ % ကို နှုတ်ပါ။ (၀.၈၅ နှင့် မြှောက်ပါ။) ၎င်းသည် အဆီကျစေမည့် လိုအပ်သော စားသောက်သင့်သည့် တနေ့တာ ကယ်လိုရီဖြစ်သည်။

ခ) ကိုယ့် ကယ်လိုရီလိုအပ်မှုကို တွက်ပါ

ကိုယ်ကယ်လိုရီ ဘယ်လောက်စားသင့်သလဲ ဆိုသည်ကို တွက်ရန် အောက်ပါ ဖော်မြူလာများကို အသုံးချပါ။

၁။ ကိုယ့်ရဲ့ အခြေခံ ဇီဝဖြစ်ပျက်မှုနှုန်း(BMR) , Basal Metabolic Rate ကို ခန့်မှန်းပါ။

အမျိုးသမီးဆိုလျှင် BMR = weight in kg x 2 x 11 (or) weight in pound x 11

အမျိုးသားဆိုပါက BMR = weight in kg x 2 x 12 (or) weight in pound x 12

(ဥပမာ – ၆၀ ကီလို အမျိုးသမီးတစ်ဦးအတွက် ဆိုပါက BMR = 60 x 2 x 11 = 1,320 )

၂။ ကိုယ့်ရဲ့ လှုပ်ရှားမှု ပမာဏကို ခန့်မှန်းပါ

သိပ်လှုပ်လှုပ်ရှားရှား မရှိတတ်သော လူ — BMR x ၂၀ %

အနည်းငယ် လှုပ်ရှားသော လူ (လမ်းလျှောက်ခြင်းနှင့် တစ်ပတ်ကို လေ့ကျင့်ခန်း တစ်ကြိမ်နှစ်ကြိမ် လုပ်တတ်သော လူ) — BMR x ၃၀%

အတော်အသင့် လှုပ်ရှားသော လူ(တစ်ပတ်ကို လေ့ကျင့်ခန်း နှစ်ကြိမ် သုံးကြိမ် လုပ်သောလူ) — BMR x ၄၀%

လှုပ်ရှားလေ့ရှိသော လူ(တစ်ပတ်ကို သုံးကြိမ်ထက် လေ့ကျင့်သူ) — BMR x ၅၀%

အလွန်တက်ကြွသော လူ(နေ့စဉ် လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်သူ) — BMR x ၇၀%

(ဥပမာ အတော်အသင့်လှုပ်ရှားသော ၆၀ ကီလို အမျိုးသမီးအတွက် ဆိုလျှင် — ၁၃၂၀ x ၄၀% = ၅၂၈)

၃။ ထိုနှစ်ခုကို ပေါင်းပြီး ကိုယ့်ရဲ့ တစ်နေ့တာ ကယ်လိုရီ လိုအပ်မှုကို တွက်ချက်ပါ

(ဥပမာ အတော်အသင့်လှုပ်ရှားသော ၆၀ ကီလို အမျိုးသမီး အတွက် ဆိုလျှင် — ၁၃၂၀ + ၅၂၈ = ၁၈၄၈) ၎င်းအဖြေသည် ကိုယ်တစ်နေ့ကို ကိုယ့်ဘော်ဒီဝိတ်ထိန်းထားရန် လောင်ကျွမ်းသော ကယ်လိုရီ ပမာဏဖြစ်သည်။ သို့သော် ကိုယ့်မှာ ပုံမှန် ကိုယ်ခန္ဓာမျိုး ပိုင်ဆိုင်ထားမှဖြစ်မည်။ အကယ်၍ ပျမ်းမျှထက် ကြီးမားသော ကိုယ်ခန္ဓာ ရှိသူများဆိုလျှင် နောက်ထပ် ကယ်လိုရီ ၁၅၀ ထပ်ပေါင်းပါ။

ထို့နောက်မှာတော့ အဆီကျဖို့ အကောင်းဆုံးနည်းလမ်းသည် ထိုလိုအပ်သော ကယ်လိုရီထက် လျော့စားခြင်းပါပဲ။ ကိုယ်လိုအပ်တာထက် ကယ်လိုရီထက် ပိုစားလျှင် ခန္ဓာကိုယ်သည် ၎င်းတို့ကို အဆီအဖြစ်သိုလှောင်ပါလိမ့်မည်။ အဲသည်လောက် ရှင်းပါသည်။

အဆီ တစ်ပေါင်အတွက် ကယ်လိုရီ ဘယ်လောက်လိုပါလဲ? အဖြေသည် အဆီကျသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ၊ ကယ်လိုရီ ၃၅၀၀ ၀န်းကျင်သာဖြစ်သည်။ ကိုယ်လိုအပ်တာထက် ကယ်လိုရီ ၃၅၀၀ ပိုစားလျှင် ကိုယ့်ဘော်ဒီဝိတ်မှာ အဆီ တစ်ပေါင်တက်လာမည်ဖြစ်သည်။ ထို့အတူ ကိုယ်လိုအပ်သည်ထက် ကယ်လိုရီ ၃၅၀၀ လျော့စားလျှင် တစ်ပေါင်ကျမည်ဖြစ်သည်။

ထို့ကြောင့် တစ်ပတ်ကို တစ်ပေါင်ကျချင်လျှင် ကိုယ်စားနေကျ (တစ်နေ့တာ လိုအပ်သည်) ထက် တစ်နေ့ကို ကယ်လိုရီ ၃၅၀ လျော့စားပါ။ နောက်ပြီး ကိုယ့်လှုပ်ရှားမှုကိုလည်း ကယ်လိုရီ တစ်နေ့ကို ၁၅၀ လောက်ပိုဖြုန်းနိုင်အောင် လုပ်ပါ။ ထို့အတူ တစ်ပတ်ကို ကီလိုဝက်ကနေ တစ်ကီလို (တစ်ပေါင်ကနေ နှစ်ပေါင်) ဘော်ဒီဝိတ်ကျခြင်းသည်သာ အန္တရာယ်ကင်းသော အကျိုးရှိသည့် အဆီချနည်းသာဖြစ်သည်။ တစ်ပတ်ကို နှစ်ပေါင်ထက် ပိုကျနေလျှင် ကိုယ့်ကြွက်သားထုထည်နှင့် အရည်အသွေးပါကျနေပြီဖြစ်သည်။

ကိုယ်များများကစားနိုင်လေလေ ပိုပြီး ကယ်လိုရီ လောင်ကျွမ်းလေလေဖြစ်သည်။ လမ်းညွှန်အနေဖြင့် ကိုယ့်ရဲ့ အမြင့်မားဆုံး သွေးခုန်နှုန်း (Maximum heart rate, MHR) ရဲ့ ၆၀% လောက်ထိ အနည်းဆုံး ရောက်အောင် ကစားသင့်သည်။ ကိုယ့်ရဲ့ အသက်(နှစ်)ကို ၂၂၀ ထဲမှ နှုတ်ပါ။ ပြီးတော့ ၀.၆နှင့် မြှောက်ပါ။ ကိုယ့်ရဲ့ fitness အမြန်ဆုံးတိုးတက်ချင်လျှင် ကိုယ့် MHR ရဲ့ ၆၀-၈၅% လောက်ထိ အလုပ်လုပ်ပါ။

ဥပမာ — အသက်သုံးဆယ်အရွယ် ကာယဗလမောင်တစ်ယောက် သူ့ MHR ရဲ့ ၆၀-၈၅% လောက် ကစားချင်လျှင်

၂၂၀ – ၃၀ = ၁၉၀

၁၉၀ x ၀.၆ = ၁၁၄

၁၉၀ x ၀.၈၅ = ၁၆၂

သူ့ရဲ့ မျှော်မှန်းထားသော နှလုံးခုန်နှုန်းသည် တစ်မိနစ်ကို ၁၁၄ မှ ၁၆၂ အထိ ရှိရမည်ဖြစ်သည်။ ၁၁၄ထက် လျော့ပြီး သူကစားခဲ့လျှင် သူ့ နှလုံး၊ အဆုတ်နှင့် အဆီချခြင်း လုပ်ငန်းစဉ်တို့သည် ကောင်းကောင်း အကျိုးရှိစွာ လုပ်နိုင်မည်မဟုတ်။ ၁၆၂ထက် ပိုကစားခဲ့လျှင်လည်း အဆီချခြင်းအပြင် ကြွက်သားကျခြင်းများကိုပါ ထိခိုက်လာနိုင်သည်။

ဆရာ ဦးတင်မောင်ဆွေ၏ စာအုပ်ထဲမှ အစားအသောက်နှင့် ကယ်လိုရီ တွဲပြထားသည်ကို ရည်ညွှန်းပါရစေ။ download ဆွဲရန်။ (ဆရာ ကျေနပ်လိမ့်မည်ဟု ဆုတောင်းမိပါသည်။ ဆရာ့ရဲ့ စာအုပ်ကိုတော့ မြန်မာပြည်မှာ ၀ိတ်မသူတိုင်းသိကြပါလိမ့်မည်။ သို့သော် တိုင်းတပါးမှ ကစားသူများအတွက်က တကြောင်း၊ ဆရာ့စာအုပ်နှင့် မရင်းနှီးသူများအတွက်က တကြောင်း၊ on-screen ပေါ်မှာ အလျှင်အမြန်ကိုးကားနိုင်ဖို့က တကြောင်းကြောင့်မို့ ကျွန်တော့်မှာ ရှိသည့် ဆရာ့ရဲ့ ပထမဆုံး အကြိမ်မြောက်က စာအုပ်လေးထဲက ကောက်နုတ်လိုက်ပါသည်။ စာအုပ်က ခုနှစ်နှစ်ကျော်ပြီမို့ နည်းနည်းဟောင်းနွမ်းနေပါပြီ။ အခုနောက်ပိုင်းမှာတော့ နောက်ထပ်တည်းဖြတ်အကြိမ်ရေများ ရိုက်နှိပ်သည်ဖြစ်သော်လည်း ဤအပိုင်းတွင် ပြောင်းလဲခြင်းမရှိပါ။ ဆရာက မရှိတော့ပေမယ့်လည်း ဆရာ့ရဲ့ စာအုပ်တွေကတော့ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေသာ အမြဲဖြစ်နေမည်ဖြစ်သည်။ ဆရာ ကျောက်ဘီလူး ဦးတင်မောင်ဆွေကို ကျွန်တော်တို့ ကျေးဇူးအထူးတင်ရမည်ဖြစ်သည်။)

Related posts:

  1. သင့် အာဟာရအတွက် ကယ်လိုရီ တွက်တတ်ပြီလား?
  2. ထိပ်ဆုံးက အစားအသောက် ၄၀
  3. အစားအသောက်ဆိုင်ရာ ပဟေဠိ ၃ ခုအတွက် အဖြေများ
  4. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း
  5. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ