စိတ်၏ ပေါက်ကွဲရာ နေရာ
Home > General Health, Training and Contest, motivation > စိတ်၏ ပေါက်ကွဲရာ နေရာ“Higher levels of body satisfaction are associated with higher levels of self esteem.” – O.P.Ghai in Ghai Essential Pediatrics Textbook
ကျွန်တော်တို့ ဆိုက်ကို တည်ထောင်ခဲ့သည်မှာ အနည်းငယ် ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ ရည်မှန်းချက်များသည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်။ သို့သော် ကျွန်တော်တို့၏ ရည်မှန်းချက်များတွင် အလေးတွေနှင့်သာနေ၊ အလေးတွေနှင့်သာပျော်ပြီး ဗလတွေကိုသာ ချစ်မြတ်နိုးနေပါဟူသော ရည်မှန်းချက်မျိုး လုံးဝမရှိ။ ထိုကဲ့သို့ ဖြစ်ရန် ကျွန်တော်တို့ အားမပေး။ ကမ္ဘာပေါ်တွင် ကာယဗလအားကစားသက်သက်နှင့် အသက်မွေးနိုင်သောသူ လက်ချိုးရေလို့ရသည်။ မောင်အိုလံပီယာပြိုင်ပွဲဝင်တိုင်းပင် သည်အားကစားနှင့် အသက်မွေးလို့မရ။ တခြားစီးပွားရေးတစ်ခု လုပ်ကိုလုပ်ရသည်။ Gym တွေ ဖွင့်ရသည်။ ရုပ်ရှင်လောကထဲဝင်ရသည်။ Supplement industry တွေ တည်ထောင်ရသည်။ တခြား စီးပွားရေးတစ်ခုခုလုပ်ရသည်။ မြန်မာတွေမှာလည်း ထိုနည်းလည်းကောင်း။ ကျွန်တော်တို့သူငယ်ချင်း ကိုအောင်အောင် ရေးထားသည်ကိုလည်း ကြည့်ပါ။
နေရာတိုင်းတွင်ရှိသလို ကျွန်တော်တို့ ကာယဗလတွင်လည်း စုန်းပြူးတွေ ရှိပါသည်။ ဥပမာ ကျွန်တော်အသိ နာမည်ကြီးကာယဗလမောင် တစ်ယောက် (အခုတော့ သူလည်း မပြိုင်တော့ပါ။) ဆိုလျှင် ပြောသည်မှာ “သည်အလေးတွေကို နဖူးကချွေး ခြေမကျအောင် မ၊ အိမ်က အမေက ရေအိုးလေးမခိုင်းတော့ကျ မ မ ချင်တော့ဘူးကွာ။” တကယ်လည်း သူသည် gym ထဲတွင် အလေးတွေကို ပေါင် တစ်ရာအထက်တွေချည်း မ သော်လည်း အပြင်မှာ ရေအိုးတစ်လုံးကို ကောင်းကောင်းမ မည့်ပုံမပေါက်။ ထိုကဲ့သို့တော့ မဖြစ်သင့်ပါ။ ထို့အတူ အလေးတွေကို အလွဲသုံးစားလုပ်နေသည့် ယနေ့ မယ်အိုလံပီယာကြီးများ ဆိုသည်လည်း မဖြစ်သင့်ပါ။ ဂျိုးဝီဒါသည် နောက်ပိုင်းတွင် Mrs. Fitness Olympia, Mrs. Figure Olympia စသည်ဖြင့် ဖြစ်သင့်သော ကိစ္စတွေကို များများစားစား အစားသွင်းလာသည်။ မိန်းမတစ်ယောက်အတွက် ဗလကြီးနှင့် ဆိုလျှင် ဒါသည် သဘာဝကို ဆန့်ကျင်ကြီးထွားလာခြင်းသာ ဖြစ်သည်။ အလေးကစားချင်သော မိန်းကလေးတစ်ယောက် သူတို့ကို ကြည့်ပြီး ကစားချင်စိတ်တောင် ကုန်သွားနိုင်သည်။ ဆိုလိုချင်သည်မှာ အလေးတွေသည် ကျွန်တော်တို့အတွက် ဘ၀မဖြစ်သင့်ပါ။ ထို သံမဏိများသည် ကျွန်တော်တို့ဘ၀အတွက် အထောက်အကူ ပစ္စည်းကရိယာများသာ ဖြစ်သည်။ ထိုအရာများကို ဘယ်လို အကျိုးပိုရှိအောင် အသုံးချမလဲ။ ကြည့်ကြရအောင်။
ကစားရုံသည် အားရပါးရ စိတ်ထွက်ပေါက်ကြီးဖြစ်သည်။
Training မှန်နေသော ကစားသမားတစ်ယောက်၏ အပြုအမူ၊ မျက်နှာအနေအထားများကို သေချာလေ့လာကြည့်ပါ။ သူတို့သည် အစားအသောက်ထိန်းပြီး ပြင်းပြင်းထန်ထန်ကစားမှုကြောင့် ပင်ပန်းနွမ်းနယ်ပုံပေါက်နေနိုင်သော်လည်း သင်ပြုံးမပြမီအရင် သူတို့က ပြုံးပြလိမ့်မည်သာဖြစ်သည်။ ကစားရုံထဲတွင် အလေးတွေကစားနေစဉ် ပြင်းထန်ရှုံ့မဲ့နေသော မျက်နှာမျိုးရှိနေသော်လည်း ကစားရုံအပြင်ဖက်တွင် သူတို့လောက် ဘယ်သူမှ မျက်နှာသည် ကြည်လင်မနေနိုင်။ တခြားသော တချို့ပုဂ္ဂိုလ်များ၏ stress များလွန်းသော အမူအရာ၊ မျက်နှာထားမျိုး၏ ထွက်ပေါက်သည် နောက်ဆုံး သူတို့အိမ်မိသားစုဆီ ရောက်သွားတတ်သည်။ ကိုယ့်မိဘ၊ ကိုယ့်မိန်းမတွေကို အော်သည်၊ ကလေးတွေကို ငေါက်သည်၊ မျက်နှာက အမြဲသုန်မှုန်နေပြီး စိတ်အလိုမကျဖြစ်နေရသည်။ သူတို့အတွက် ဘယ်လို အောင်မြင်မှုကို သွားတိုင်းတာမည်နည်း။
တကယ်တော့ အိမ်က ကိုယ့်မိသားစုဝင်တွေကို အော်မည့်အစား ကစားရုံထဲမှာ သွားအော်လိုက်ပါ။ ကိုယ့်ရဲ့ အဆိုးအမြင်တွေးတွေကို ကစားရုံထဲမှာ သွားလွှင့်ပစ်လိုက်ပါ။ အားရပါးရ ကစားပစ်လိုက်ပါ။ ကစားပြီးသည့်အချိန်တွင် မိမိစိတ်အစဉ်သည် ပြန်လည် ကြည်လင်လာလိမ့်မည်။ ဘာကြောင့်ဆို ကျွန်တော်တို့ ဦးနှောက်က endorphin ဆိုသော ဓာတ်တစ်မျိုး ထုတ်လွင့်လိုက်သောကြောင့်ဖြစ်သည်။ ထိုဓာတ်ကို အကောင်းဆုံး အသုံးချရသော် –
ကစားနည်းစနစ်ဇယား ဆွဲထားပါ
ထို endorphin သည် ပြင်ပမှ morphine (မူးယစ်ဆေးဝါး)နှင့် ဓာတ်သဘာဝချင်း ဆင်တူနီးပါးရှိသည်။ endorphin က ပြင်ပမှမ၀င် ကိုယ့်ဦးနှောက်မှသာ ထုတ်ခြင်းသာဖြစ်သည်။ ဘိန်းဆွဲသူများ ဘိန်းသုံးပြီးလျှင် ဘယ်လို နေလို့ထိုင်လို့ ကောင်းနေသနည်း။ အဲသည်လို နီးပါးပင် endorphin ထွက်လာလျှင်လည်း ကျွန်တော်တို့ နေလို့ထိုင်လို့ကောင်းသည်။ စနစ်ကျနေသော လုပ်စရာ ကိစ္စများ ပြီးမြောက်လျှင်လည်း ထွက်တတ်သည်။ ဒါကြောင့်လည်း ဘုရားမှန်မှန် ရှိခိုးခြင်း၊ တရားထိုင်ခြင်း စသည်ဖြင့်တို့သည်လည်း အလားတူ အကျိုးသက်ရောက်မှုရှိနေခြင်းဖြစ်သည်။ အလေးကို ပြင်းပြင်းထန်ထန်ကစားပစ်ခြင်းတွင် သွေးလည်ပတ်မှုကောင်းသွားစေသည့် အားသာချက်ရှိနေသည်။ ခက်ခဲပင်ပန်းသည်ဟု ထင်ခဲ့သော အလေးပြား၊ သံချောင်းများကို အနိုင်ယူပြီးပြီ ဆိုသော ခံစားချက်မျိုးကလည်း ရှိနေပြန်သည်။ အားလုံးပေါင်းစုလိုက်သော် အထိရောက်ဆုံး endorphin ထွက်အောင် စနစ်တိတိကျကျဆွဲရန်သာလိုတော့သည်။ အများကြီးမနိုင်မနင်း ဆွဲထားပြီး လိုက်မလုပ်နိုင်လျှင် ဘိန်းပျက်သော သူများလို ကျွန်တော်တို့ ဖရိုဖရဲဖြစ်ရုံသာ ရှိမည်။ ဘာမှ အကျိုးမရှိ။ ကိုယ့် အလုပ်အနေအထား၊ ကိုယ့်အချိန်နှင့် ကိုယ် ညှိထားပါ။ ဖြစ်နိုင်လျှင် မနက်စောစော ကစားပစ်ခြင်းသည် အကောင်းဆုံးပင်။ ဒါမှ ကျန်သည့်အချိန်များတွင် စိတ်ကြည်လင်လန်းဆန်းနေမည်ဖြစ်သည်။ စနစ်ဆွဲဖို့ အကောင်းဆုံးဥပမာ ပြရသော် ဒိုရီယံရိတ်စ်၏ ပထမပိုင်း နှစ်နှစ်နီးပါး လေ့ကျင့်ပြီး ကာယဗလ ဆုများပင် ဆွတ်ခူးခဲ့သော လေ့ကျင့်စဉ် –
မကစားခင်တိုင်း စက်ဘီးစက်ပေါ် ၁၀ မိနစ်သွေးပူနင်း၊ ကြွက်သားအားလုံးကို နည်းနည်းချင်း သွေးပူ အကြောလျှော့ပါ။
လေ့ကျင့်စဉ် တစ်
အစိတ်အပိုင်း လေ့ကျင့်ခန်း အကျော့ အကြိမ်
ရင်အုပ် ပက်လက်အိပ် ရင်ဘတ်တွန်း ၃ ၈
့ ခုံစောင်းအိပ် ရင်ဘတ်တွန်း ၃ ၈
့ ခုံစောင်းအိပ် ဖလိုင်းလ် ၂ ၈-၁၀
နောက်ကျော တန်းခိုဆွဲတက်/ပူလီဆွဲချပြန်တင် ၃ ၈
့ ဘားရှည် ခါးကိုင်းဆွဲတင် ၃ ၈
့ ဒတ်ဒ်လစ်ဖ် ၃ ၈
ဆုံဂုတ် ဘားရှည်လည်ပင်းနောက်ထား ဆုံတွန်း ၃ ၈
့ ဘားတို ဘေးခွဲမ ၂ ၈
့ ခါးကိုင်း ဘားတို ဘေးခွဲမ ၂ ၈
ဗိုက်ခါး အိပ်ထ မတင် ၃ အားကုန်သည်အထိ
့ တွဲလွဲခို ခြေမြှောက် ၃ အားကုန်သည်အထိ
လေ့ကျင့်စဉ် နှစ်
အစိတ်အပိုင်း လေ့ကျင့်ခန်း အကျော့ အကြိမ်
ပေါင် အလေးထမ်း ထိုင်ထ ၄ ၈
့ ဟက်စကွဝ်တ် ၃ ၈
ပေါင်နောက်သား ၀မ်းလျားမှောက် ပေါင်တွင်းကွေး ၃ ၈
ခြေသလုံး မတ်တတ်ရပ် ခြေဖျားထောက်ကြွ ၃ ၈
လက်မောင်း ဘားရှည် လက်မောင်းကွေး ၃ ၈
့ ခုံစောင်းပေါ်လက်တင် ဒမ်ဘယ် လက်မောင်းကွေး ၂ ၈
့ ပူလီကြိုး လက်မောင်းနောက်သားဖိချ ၃ ၈
့ ပက်လက်အိပ် လက်မောင်းနောက်သားဆန့် ၂ ၈
ထိုလေ့ကျင့်စဉ်နှစ်မျိုးကို ဆယ့်လေးရက် (နှစ်ပတ်အတွင်း) ဤသို့ကစားပါ။
တနင်္လာ - လေ့ကျင့်စဉ်တစ်
အင်္ဂါ - နား
ဗုဒ္ဓဟူး - လေ့ကျင့်စဉ် နှစ်
ကြာသပတေး - နား
သောကြာ - နား
စနေ - လေ့ကျင့်စဉ် တစ်
တနင်္ဂနွေ - နား
တနင်္လာ - လေ့ကျင့်စဉ် နှစ်
အင်္ဂါ - နား
ဗုဒ္ဓဟူး - နား
ကြာသပတေး - လေ့ကျင့်စဉ် တစ်
သောကြာ - နား
စနေ - လေ့ကျင့်စဉ် နှစ်
တနင်္ဂနွေ - နား
(ပြီး အစ တနင်္လာက ပြန်စပါ။)
ကိုယ့်ဘ၀ကို ကိုယ်ပြန်ဆန်းစစ်ပါ
အထက်ပါနည်းစဉ်နှင့်ဆို ကိုယ့်မှာ အချိန်တွေအများကြီးရလိမ့်မည်။ ထိရောက်မှုကရော? လေ့ကျင့်စဉ်တစ်ချိန်မှာ တစ်နာရီလောက်သာ ကစားခဲ့သော ဒိုရီယံရိတ်စ်သည် ထိုနည်းစနစ်နှင့်အတူ ပြိုင်ပွဲပေါင်းများစွာမှာ ပထမရခဲ့ပြီးပြီ။ နောက်ပိုင်းကာလများမှသာ မောင်အိုလံပီယာအတွက် ပိုပြင်ဆင်လိုက်ရသည်။ အရေးကြီးသည်မှာ အာရုံစိုက် ပြင်းပြင်းထန်ထန် ကစားရမည်သာဖြစ်သည်။ နောက်ပြီး အစားအသောက်ကို အာရုံစိုက်ရမည်သာဖြစ်သည်။ အစားအသောက်အကြောင်း ကျွန်တော်တို့ ဆိုက်မှာ ရှာဖတ်လို့ရသည်။ အစားအသောက်နှင့် ပတ်သက်လို့လည်း ကိုယ့်အထွာနှင့် ကိုယ်သာစားပါ။ ဘာမှမတတ်နိုင်လည်း ပဲမျိုးနွယ်တွေ များများ ချက်စားပါ။ ကိုယ့် ကာယအတွက် စိတ်ချရတဲ့ စနစ်ဇယား ဆွဲပြီးရင် ကိုယ့်မှာ ဘာလုပ်နိုင်လဲ ဘေးဘီကိုကြည့်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်ဘ၀အတွက် ဘာအကျိုးရှိဆုံးလဲ သေချာ ဆုံးဖြတ်ပါ။ အနာဂတ်မှာ ၀င်ငွေ ထောက်ပံ့နိုင်တဲ့ နေရာတွေ ကိုလေ့လာစူးစမ်းပါ။ ကာယဗလကနေတော့ မဖြစ်နိုင်ပါ။
ကျွန်တော်ကရော သည်စာတွေရေးပြီး၊ ၀ိတ်တွေမပြီး အချိန်ဖြုန်းနေတာလား။ လုံးဝမဟုတ်။ ကျွန်တော်စာဖတ်ရင်း ရေးရင်းသာဖြစ်သည်။ ကိုယ်ကများများပေးလေ၊ ကိုယ့်အတွက် များများပိုအကျိုးရှိလေဆိုသည့် အတိုင်းဖြစ်သည်။ ကိုယ့်တတ်ထားတာတွေကို ကိုယ့်အားလပ်ချိန်၊ စာဖတ်ချိန်ထဲမှ ဖတ်ပြီး ရေးရုံသာဖြစ်သည်။ အဓိက ကိုယ့်ကျောင်းစာကို ဖတ်ဖို့၊ မှတ်ဖို့ ဘယ်တော့မှ မမေ့။ ကိုယ့်ဆေးပညာကနေသာ ကိုယ့်အတွက် ၀င်ငွေရှာနိုင်ဖို့လည်း အမြဲကြိုးစားနေမည်သာဖြစ်သည်။ သင့်အနေနဲ့ရော။ ကိုယ့်အတွက် bodybuilding ဆိုတဲ့ ကျောထောက်နောက်ခံကြီးရှိနေလျှင် သူများတကာထက် ကိုယ်သည် စိတ်ဓာတ်ရေးရာအရ သာနေမည်ဖြစ်သည်။ ကျန်းမာရေးအရ ကျော်တက်နေမည်ဖြစ်သည်။ အကြမ်းပတမ်းခံနိုင်မှုတွင် တပန်းသာနေမည်သာဖြစ်သည်။ ပြီးလျှင် တခြား ကိစ္စတွေမှာ ကိုယ့်အတွက် အကျိုးရှိဆုံးတွေကိုသာ လိုက်ရှာပြီး လုပ်ပါလေတော့။ အိမ်မှာ ရေအိုးထမ်းပေးဖို့လည်း ၀န်လေးမနေပါနှင့်တော့။ ကိုယ့်မိသားစု အောင်မြင်အောင် ကြိုးစားဖို့ ကိုယ့်ဗလကြံ့ခိုင်မှုကို တုံးခုပြီး ကျော်လွှားသွားပါလေတော့။
အခြေခံအကျဆုံး ရိုးသားမှုကို bodybuilding တွင်တွေ့နိုင်သည်
ရင်အုပ်တွန်းနေချိန်တွင် အလေးပေါ့ပေါ့လေးနှင့်သာ တွန်းနေသရွေ့တော့ ရင်အုပ် ကြီးမား ကျယ်ပြန့်လာမည်မဟုတ်သည်မှာ သေချာသည်။ အလေးများများနှင့် တွန်းနေချိန် အာရုံလွတ်ပြီး တခြား ကိစ္စတစ်ခုခုစဉ်းစား၊ ပေါ့ပေါ့ကစားလိုက်ပါက ကိုယ့် လည်ပင်းရိုး၊ သို့မဟုတ် နံရိုးကျိုးဖို့သာ ရှိသည်။ ကိုယ့်စည်းမျဉ်းစည်းကမ်းကို ဘယ်သူကမှ ဆွဲပေးမည်မဟုတ် ကိုယ့်ဖာသာသာ ဆွဲရမည်ဖြစ်သည်။ ကိုယ်အဆီတွေ စားလိုက်ပြီး သူများကို လိုက်အားကိုးနေလို့ အဆီကျလာမည်မဟုတ်။ အဲ.. အဆီကျဆေးအပြင်းစားဆိုတာတွေ၊ အဆီကို ခွဲစိတ်ထုတ်မည့်ဟာတွေကတော့ သိတဲ့အတိုင်းပင်။ ကိုယ်ပဲ ခံရမည်သာဖြစ်သည်။ ကိုယ်ဘာလုပ်လုပ် ကိုယ့်မှာပဲ တာဝန်ရှိသည်မှာ bodybuilding တွင် ရှိသည်။ ထို့အတူ သင်ဘယ်လောက်ပဲ အသက်ကြီးကြီး၊ ငယ်ငယ် သင်ကြိုးစားကစားထားမည်ဆိုလျှင် သင်စင်ပေါ်တက်ပြိုင်နိုင်သည်။ ဘယ်လောက်ပဲ ဝေးကွာနေပစေ၊ အထက်တွင် ဆိုခဲ့သည့် ခွဲခြားထားတဲ့ ကိုယ့်စနစ်အတိုင်း ကောင်းကောင်းလိုက်နာနိုင်မည်ဆိုလျှင် မောင်မြန်မာ ဘာလို့မရနိုင်ရမလဲ။ ချန်ပီယံဘာကြောင့် မဖြစ်နိုင်ရမလဲ။ တဖက်တလမ်းက ကိုယ့်အလုပ်ကိုယ်လုပ်ရင်း bodybuilding မှ ရိုးသားမှုကို ဖော်ထုတ်စားနိုင်သည်။ မောင်မြန်မာရရင်း နိုင်ငံခြားကို သွားပြိုင်နိုင်သည်။ ကိုယ့်အလုပ်က ၀င်ငွေကောင်းလာလျှင် supplement တွေ ဖြည့်ပြီး နိုင်ငံခြားမှာ နိုင်အောင်ပြိုင်နိုင်သည်။ နိုင်ငံခြားမှာ ကိုယ့်နာမည်ကောင်းလျှင် သူတို့နှင့် ညှိနှိုင်းပြီး ကိုယ့် seminar တွေ လုပ်နိုင်သည်။ ကိုယ့်ကို supplement ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာအောင် ပူးပေါင်းနိုင်သည်။ ကမ္ဘာတလွှား မိသားစုနှင့်အတူ လှုပ်ရှားသွားလာနေနိုင်လိမ့်မည်။ ဒိုရီယံရိတ်စ်နှင့် သွားတွေ့နိုင်သည်။ ကောင်းလိုက်တဲ့ နည်းလမ်းတွေ။ သို့သော် ကျွန်တော်ကတော့ လမ်းမှာပဲ ရှိသေးသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကာယဗလမှလည်း လမ်းကြောရှိနေတာကို သိစေချင်ပါသည်။ သူငယ်ချင်းတို့လည်း ဖော်ထုတ်မိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်..
Related posts:







တကယ်ကောင်းတဲ.ပို.စ်လေးပါ။ bodybuilding ဆိုတာခန္ဓာကိုယ် ကြွက်သားတင်ကြီးထွားအောင်လေ.ကျင်.တာမဟုတ်ပဲ ၊ စိတ်ဓါတ် နဲ. ခံနိုင်ရည် ကိုပါကြီးထွားတိုးတက်စေတဲ.ကစားနည်းဆိုတာ ဒီပို.စ်လေးကပေါ်လွင်စေပါတယ် ။ ကျွန်တော် ဒီဆိုဒ်လေးကို နေ.စဉ်ဝင်ဖတ်ဖြစ်ပါတယ်။comment တွေရေးချင်ပေမယ်. စာရိုက်နှေးတာရယ် ၊အလုပ်အပြောင်းအရွှေ.လုပ်နေတာရယ်ကြောင်. မရေးဖြစ်တာပါ။ ဆိုဒ်တည်ထောင်တဲ. ညီအကိုအားလုံး ကျေးဇူးပါဗျာ ။ အလုပ်ထဲမှာတနေကုန်ရခဲ.တဲ. stress တွေ GYM ကပြန်ထွက်တဲ.အချိန် တခုမှမရှိတော.တာ ကိုယ်တွေ.ပါ ။ thanks bro ..
Yeah.. This is the Life Style of Bodybuilding! Thanks bro!
@အေးချမ်း So nice to see you again. You are always welcome!
လေ့ကျင့်စဉ်တွေကို ကူးထားလိုက်ပါတယ်… ကျနော်တို့ အဆောင်က အားကစားခန်းထဲမှာ ကပ်ထားချင်လို့ပါ… Thanks a lot…. (ဆော့နေတဲ့အချိန်မှာ အာရုံက တခြားမရောက်တာတော့ အမှန်ပဲ အကိုတို့ရေ… ကစားပြီးရင် ပင်ပန်းသွားပေမယ့် ဘာကိုမှန်းမသိတဲ့ တခုခုကို ကျေနပ်နေတာလဲ မှန်တယ်ဗျ…)
@ saisai ..
It’s my great pleasure to hear that! bro.
Cheers!
Naingwai
တစ်ကယ်ကိုကျေးဇူးပါပဲ အကိုရာ !
အရမ်းကောင်းတဲ့ website လေးကို လုပ်နိုင်တဲ့ ထူးခြားတဲ့ website လေးအတွက် ဂုဏ်ယူစရာပါအစ်ကို။
အစ်ကို ၀ါသနာပါတဲ့ အလုပ်ကိုလုပ်နိုင်တဲ့ အတွက် ဒီအခွင့် အရးရခဲ့တဲ့ အတွက် ၀မ်းသာပါတယ်။
အားလုံး အတွက် ကျေးဇူးပါ အစ်ကို။
thank you so much Brother.You are so great.I wish you all the best
It’s all my pleasure, brother! Thank you.
Naing
အစ်ကိုရေ ကျွန်တော်က ကစားနေတာနှစ်လလောက်တော့ရှိပါပြီ .ကစားလိုက်နားလိုက်ပေါ့ဗှာ…ပြောရရင်ဒီအားကစားကို crazy ဖြစ်တယ်ပေါ့ဗျာ..
ဒါပေမဲ့ ဆရာကအမျိုးမျိုး. လူအမျိုးမျိုးက အကြံအမျိုးမျိုးပေးနေတော့ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ယောင်ဝါးဝါးဖြစ်နေပါတယ် ။ အဲ့ဒါ ဆရာများသားသေဆိုသလိုမျိုးများဖြစ်နေမလားမသိဘူးဗျ. ။
အဲ့လိုဖြစ်နေတာတော်တော်လေးကိုဆိုးဝါးပါတယ်..။ အဲ့ဒါ လူသစ်တန်းတွေအတွက် အကောင်းဆုံးဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သိချင်ပါတယ်…..
အစကတော့ ကျွန်တော်ကနေ့တိုင်းကစားရမယ်ထင်တာပါ.။ခုအစ်ကိုပြောမှပဲ တစ်ပတ်မှာလေးရက် ဆော့ရမှန်းသိကောင်းတော့တယ်ဗျာ……..။ပြီးတော့ကျွန်တော်က ၀တယ်လို့ လဲမဆိုသာပါဘူး..ခါးနဲနဲတုပ်နေတာတော်တော်ကို စိတ်ပျက်ပါတယ်…အဲ့ဒါခါးသေးဖို့ ဘာတွေလုပ်သင့်လဲခင်ဗျာ။
keep reading all posts ko aung min