Aug
16

အာဖဂန် နစ္စတန် မှ ဂျင်မ်များ

Home > motivation, ကမ္ဘာ့သမိုင်းသို့ > အာဖဂန် နစ္စတန် မှ ဂျင်မ်များ

အာဖဂန်ကလူတွေ တခြား အရေးကြီးတာတွေ လုပ်စရာ မရှိဘူးလား? အာဖဂန်တွင် ယခုအချိန်၌ တကြိမ် ပြန်လည် မွေးဖွားလာသော ကြွက်သားတည်ဆောက်ခြင်း လုပ်ငန်းကြီးကို တွေ့မြင်ရသည့် လူတိုင်း ပြောဆိုကြမည့် တုန့်ပြန်မှုပင်ဖြစ်သည်။ သူတို့မေးခွန်းအတွက် အဖြေသည် မကြာခင် ထင်ရှားလာမည်ဖြစ်သည်။

ဤဆောင်းပါး ဘယ်ကရလဲ? Men’s Health US မှ Contributing Editor ဖြစ်သူ Oliver Broudy ကိုယ်တိုင် ကမ္ဘာ့ အကျပ်တည်းဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံရှိ ကစားရုံဂျင်မ်များကို သွားရောက် လေ့လာခဲ့ခြင်းမှ ပေါ်ပေါက်လာသည်။ ဤသည်မှာ မျက်စိပွင့်စေသော ဆောင်းပါးဖြစ်သည်။ “ကမ္ဘာ့ဒုက္ခအရောက်ဆုံး နိုင်ငံတွေတောင် နိုင်ငံသားများ၏ နိုးကြားမှုကြောင့် တဖြည်းဖြည်း သစ်လွင်လာခဲ့သည်ကို ကျွန်တော်တို့ ကျေးဇူးတင်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။”

ဒီဂျင်မ်တွေကို သွားသည့်အခါ ကြုံတွေ့ရသည့် ပြဿနာများကတော့ ကျွန်တော်တို့အတွက် စိတ်ဖိစီးမှုနှင့် အချိန်နည်းပါးမှုတို့ပါပဲ။ ကဗူးမြို့မှာဆိုလျှင် အများစုအတွက် ညစာစားရခြင်းသည် ရုန်းကန်လှုပ်ရှားမှုကြီး တစ်ရပ်ဖြစ်သည်။ ကိုယ့်ကစားချိန်ကို ပါဝါတင်ဖို့ဆိုလျှင်တော့ ဘယ်လိုနေမလဲ မသိ။ သို့သော် Broudy က ပြောသည်။ “ဒီလူတွေ ငါတို့နဲ့ ဘာများ ခြားနားနေလဲဆိုတာ သင့်ကို စဉ်းစားသွားစေမည်ဖြစ်သည်။ အဖြေက တကယ်တော့ ရှင်းရှင်းဆိုသည်ကို နောက်ဆုံးမှာ တွေ့ရမည်ဖြစ်သည်။”

ဖြစ်အောင်လုပ်ခြင်း

ခေတ်သစ် နည်းပညာစက်တွေသည် ဒီမှာအလွန်မြတ်နိုးရသော အရာများဖြစ်သည်။  အာဖဂန်မှာ ကာယဗလကစားသမားများသည် စည်ပိုင်းကြီးများနှင့် ရင်အုပ်တွန်းလေ့ရှိသည်။ အလွန် ခက်ခဲကြမ်းတမ်းခဲ့သည့် တချိန်က ဆိုဗီယက်တို့ သုံးခဲ့ကြသော လက်နက်ကရိယာ ပစ္စည်းများကို တချို့ သိမ်းစည်းခဲ့ကြသည်။ တချို့ကို ရောင်းချခဲ့ကြသည်။ ဆိုဗီယက် T62 တင့်ကား အဟောင်းများမှ အမြှောက်တံကြီးများ – ၎င်းတို့သည် ၀ိတ်မခြင်းအတွက် အလွန်အသုံးဝင်သည် – စသည်တို့ကို ဆယ်ပြား၊ ဆယ့်တစ်ပြားနှင့် ရောင်းချခဲ့ကြသည်။

သဲများ၊ ဖုံများမှ

၂၀၀၁ တာလီဘန်တို့ ကျဆုံးသွားသည့်နောက်မှ ကဗူးမြို့ တစ်မြို့တည်းမှာပင် ဂျင်မ် အသစ်ပေါင်း ၈၀ ထပ်ဖွင့်နိုင်ခဲ့သည်။ ထိုဂျင်မ်များသည် ဖရိုဖရဲဖြစ်နေသော တိုက်တာအဆောက်အဦးများ၏ အမိုးအောက်တွင် Super Gym စသည့်နာမည်များဖြင့် တည်ရှိနေကြသည်။ ပဲ့ရွဲ့နေသော အုတ်နံရံများတွင် အာနိုး သို့မဟုတ် တခြား မောင်များ၏ ဧရာမ ပိုစတာကြီးများ ကပ်ထားကြသည်။

တာလီဘန်များ၏ ကြီးစိုးမှု

တာလီဘန် ခေတ်တွင် ကဗူးရှိ ဂျင်မ်များသည် အရေအတွက်အားဖြင့် ၁၀ ခုလောက်သာရှိသည်။ သူတို့ကို ဖွင့်ခွင့်ပြုသည်။ သို့သော် ဘယ်လောက်ပူလောင်သော နွေရာသီမှာပဲဖြစ်ဖြစ် မုတ်ဆိတ်မွေးထားရသလို ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ၀တ်ကိုဝတ်ရမည်ဖြစ်သည်။ တာလီဘန်တို့ကလည်း ၎င်းတို့ စည်းကမ်းလိုက်နာ၊ မနာကို ပုံမှန်စစ်ဆေးသည်။ စည်းမျဉ်းဖောက်သူတွေ့ပါက ထောင်ထဲတွင် ငါးရက်ထက် မနည်းနေဖို့ အပြစ်ပေးမည်ဖြစ်သည်။ Super Gym မှ trainer ဖြစ်သူ Khamosh တစ်ခါက ပြောသည်။ သူလမ်းဘေးဆိုင်တဆိုင်မှာ ကစားဖို့ သူ့အမေနှင့်အတူ အင်္ကျီဝယ်နေတုန်း တာလီဘန်တွေ သူ့ကို ဖမ်းမိသွားသည်။ သူ့ကို ဘာမှ ရှင်းပြမနေဘဲ ရာဘာကြိုးနှင့် ရိုက်လေသည်။ သူ့အမေက ၀င်တားလေတော့ သူ့အမေကိုပါ ရိုက်လေတော့သည်။

နပန်းသတ်ခြင်း

ကစားခန်းမ အကောင်းများထဲမှ ကစားဖို့နေရာများသည် ကော်ဇောများဖြင့်သာ ခင်းထားလေ့ရှိသည်။ အေသင်မြို့မှာ ၂၀၀၄ခုနှစ်က အိုလံပစ်ပွဲတွင် အာဖဂန်နစ္စတန်အသင်း ယှဉ်ပြိုင်ခဲ့သည့် အားကစားများထဲတွင် နပန်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ (တခြားအားကစားများမှာ ဂျွမ်းဘား၊ ဂျူဒိုနှင့် လက်ဝှေ့တို့ဖြစ်သည်။) အာဖဂန်၏ အကောင်းဆုတံဆိပ်သည် ၁၉၆၄ခုနှစ်က တိုကျိုမှာ ကျင်းပသည့်အိုလံပစ်ပွဲတွင် freestyle နပန်းသတ်ခြင်း၌ အဆင့်ငါးရခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ် အာဖဂန် ကစားသမားများသည်လည်း နောင်အနာဂတ်တွင် ထိုအခြေအနေကို ပြန်မှီလာနိုင်ကြောင်း မျှော်မှန်းရသည်။

သန့်သန့်ရှင်းရှင်း နေထိုင်ခြင်း

အာဖဂန်လူမျိုးများ၏ ဘ၀အများစုသည် သူတို့ ထိန်းချုပ်မှု၏ အလွန်တွင် ရှိနေကြသည်။ သူတို့ ထိန်းချုပ်နိုင်တာ တစ်ခုပဲ ရှိသည်။ သူတို့ ခန္ဓာကိုယ်ပင်။ ကဗူးမှာ ဘားဆိုင်နှင့် နိုက်ကလပ်များတော့ မရှိ။ သူတို့တွေ ကစားကြသည်မှာ မူးယစ်ဆေးထောင်ချောက်ထဲ မ၀င်မိအောင် ကာကွယ်သည့်သဘောအဖြစ် သူတို့ကိုယ်သူတို့ fit ဖြစ်အောင် သက်သက်သာ ကစားရခြင်းဖြစ်သည်။ တခြားနိုင်ငံဒေသများမှာတော့ ဂျင်မ်ကစားခြင်းသည် ဘီယာဆိုင်ရောက်ခြင်း ဝေးစေသော နည်းလမ်းတစ်လမ်းဖြစ်လိမ့်မည်။ ဒီမှာတော့ ထူးခြားသည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာ့ဘိန်းဖြူအားလုံးနီးပါးကို ဒိုင်ခံထုတ်လုပ်သော နေရာဖြစ်သည်။ ကဗူးမြို့တစ်မြို့တည်းတွင်ကို မူးယစ်ဆေးဝါးစွဲသူပေါင်း တစ်သိန်းကျော်ရှိသည်။

လွတ်မြောက်ခဲ့သူ

စစ်အရေးအခင်းများကြောင့် ပိတ်ပင်ထားခဲ့ရသော အာဖဂန်အားကစား အဖွဲ့အစည်း၏ ခေါင်းဆောင်သည် Haji Abdul Rahman Mohammadi ဖြစ်သည်။ သူသည် ဆိုဗီယက်တို့၏ ကျူးကျော်မှုကို ကိုးနှစ်တိုင်အောင် ခုခံတိုက်ခိုက်ခဲ့သူဖြစ်သည်။ သူ့အသက် ၁၄နှစ်တွင် ဆိုဗီယက်များက သူ့အဖေကို သတ်ခဲ့သည်။ ၁၉၈၉ခုနှစ်တွင် သူ့ခြေထောက် ကျည်မှန်ခဲ့သည်။ ထုံဆေး၊ မေ့ဆေးဘာမှ မပါဘဲ ဆရာဝန်က သူ့ခြေထောက်ကို ရှိသည့်ဓားနှင့် ဖြတ်ခဲ့ရသည်။ တာလီဘန်တို့၏ စည်းမျဉ်းတစ်ခု ဆန့်ကျင် ကန့်ကွက်ခဲ့သောကြောင့် သူ ထောင်အချခံရပြီး သူ့အိမ်နှင့် ငွေများကို ယူသွားခဲ့သည်။ ထို David Beckham ပုံကို သူဆွဲထားခြင်းဖြစ်သည်။

ဒိုင်ဗင်ထိုးခြင်း မရှိတော့ပြီ

၁၉၈၀ပြည့်နှစ် အလယ်ပိုင်းလောက်က အိုလံပစ်ရေကူးကန်ကြီးကို ဆိုဗီယက်တို့ ဆောက်ခဲ့ကြသည်။ ၎င်းကို ဘယ်တော့မှ ရေမဖြည့်ခဲ့ပါ။ သို့သော် တာလီဘန်တို့သည် ၎င်းကို တရားမျှတရေး ကိရိယာအဖြစ် အသုံးပြုခဲ့ကြသည်ဟု ဆိုကြသည်။ လိင်တူဆက်ဆံသူများ၊ နိုင်ငံရေး ဖောက်ပြန်သူများကို ထိုရေကူးကန်၏ ဒိုင်ဗင်ထိုးစင် အမြင့်ဆုံးမှနေ အောက်ကို တွန်းချသည်။ ကျပြီးလို့ အသက်ရှင်သူများကို အပြစ်ကင်းသူများဟု ယူဆကြသည်။ ယနေ့ခေတ်တွင်တော့ အာဖဂန် ကောင်လေးများသည် အဲသည့်ထဲတွင် ဘောလုံးကန်နေကြပြီဖြစ်သည်။

ငါတို့ရဲ့ ကလပ်ရှိနေပြီ

အာဖဂန် fitness တဟုန်ထိုး တိုးတက်လာခြင်းမှာ အံ့သြစရာ မဟုတ်ပါ။ မြို့၏ မြောက်ဖက်ရှိ Young Nation Bodybuilding Club တွင် အသင်းဝင်များသည် စိတ်အားထက်သန် တက်ကြွကြသည်။ မျှော်လင့်ချက်ပြည့်ကြသည်။ အဲသည့်မှာ လေ့ကျင့်သူများသည် သူတို့၏ များသောအားဖြင့် ခက်ခဲပင်ပန်းလှသော အလုပ်များ မစခင် မနက်နေမထွက်ခင်၌သာ ကစားကြသည်။ မနက်ခင်းစာသည် ပေါင်မုန့်နှင့် လက်ဖက်ရည်ဖြစ်သည်။ နွေရာသီဆိုလျှင်တော့ ကံကောင်းထောက်မစွာ ဖရဲသီး ပါတတ်သည်။ ဒီလို နိုင်ငံမျိုးတွင် ပရိုတိန်းအမှုန့်ဟူသည် အိပ်မက်သာဖြစ်သည်။

အားလုံးကို ဆန့်ကျင်လျှက်

ကဗူးမြို့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် အာဟာရဓာတ်ချို့တဲ့နေကြပြီး ပျမ်းမျှ သက်တမ်းမှာလည်း ၄၅နှစ်သာရှိသည်။ သို့သော် အဲသည့်ရှိ ဂျင်မ်တစ်ခုတွင် အသင်းဝင်ပေါင်း ၄၀၀ ကျော်ရှိနေလေပြီ။ အသင်းဝင်ကြေးသည် တစ်လကို ၈ဒေါ်လာလောက်ရှိသည်။ အကောင်းဆုံးတော့မဟုတ်ပါ။ အဲယားကွန်းမရှိပါ။ နွေရာသီတွင် အပူချိန်သည် ၃၈ဒီဂရီ စင်တီဂရိတ် (100′F) ရှိသည်။ ဆောင်းရာသီတွင် အိမ်ခြံစည်းရိုးများပေါ်ထိ နှင်းတွေ ပုံနေပြီး အပူချိန်သည် သုညအောက်တွင်ရှိသည်။

အမျိုးသမီးများ ကျန်းမာရေး

တာလီဘန်ခေတ်ပြီးဆုံးသွားပြီး ခြောက်နှစ်တိုင်သည့်အောင် အမျိုးသမီးသီးသန့် လေ့ကျင့်ရုံများသည် အာဖဂန်တွင် တရားမ၀င်ပါ။ သူတို့ စီးပွားရေး မကျယ်ပြန့်ပါ။ ထိုကဲ့သို့ ဂျင်မ်တစ်ခု၏ ပိုင်ရှင်ဖြစ်သူ ၃၄နှစ်အရွယ် Freshta Farah တွင် သူမသင်တန်းဖွင့်ပြီး ငါးလအတွင်း အသင်းဝင်ပေါင်း ၃၅၀ရှိခဲ့သည်။ မကြာသေးမီကပင် သူမ သင်တန်းမှ နည်းပြတစ်ယောက် လမ်းပေါ်မှာ ပစ်သတ်ခံရပြီးနောက်တွင် သင်တန်းသူအချို့ နှုတ်ထွက်ကုန်ကြသည်။ ထိုနည်းပြက ပြင်းပြင်းထန်ထန်ဒဏ်ရာရသော်လည်း မသေလိုက်ပါ။ တခြား အာဖဂန် ပြည်နယ်များတွင် ကစားရုံထပ်ဖွင့်ဦးမည်ဟု ဆိုပါသည်။ ဘာသာပြန်သူ အာဖဂန်သားကြီးက ရယ်လျှက်ပြောပါသည်။ “ကျွန်တော် သူမကို မသွားနဲ့လို့ ပြောပါတယ်။ သူမ အသတ်ခံရလိမ့်မယ်။”

အဖြေ – ကာယဗလ

အာဖဂန်က fitness တိုးတက်လာပုံသည် သူများနိုင်ငံများမတူပေ။ သူ့လမ်းကြောင်းက ဇောက်မတ်လှသည်။ ဒါသည်လည်း သူတို့ သဘာဝအခြေခံကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ဘာမှ မရှိသည့်အခါ – သောက်ရေ၊ သုံးရေမရှိ၊ လျှပ်စစ်မီးမရှိ၊ အပူဓာတ်ပေးဖို့ မရှိသည့်အခါ – ကျွန်တော်တို့မှာ ရှိတာကိုပဲ ကျွန်တော်တို့သုံးရတော့သည်။ ကျွန်တော်တို့၏ ဘော်ဒီ။ အဲသည့်ဘော်ဒီကို သုံးပြီး ကျွန်တော်တို့ ခန္ဓာကိုယ် ဆက်လက်တိုးတက်ဖို့ အဆောက်အဦးတစ်ခု ထပ်ဆောက်ရမည်။ ဂျင်မ် (gym)။ အဲသည့်နောက် တိုးတက်လာသည့် ထိုခန္ဓာကိုယ်များနှင့် နောက်တစ်ဆင့် ထပ်တည်ဆောက်ရမည်။ တိုင်းပြည် (nation)။ “ကျွန်တော်တို့ ကျန်းမာသန်စွမ်းချင်တယ်။” the Young Nation Bodybuilding Club မှ bodybuilder ဖြစ်သူ Khoja Sediqi က ဆိုသည်။ “ကျွန်တော်တို့ ကမ္ဘာကျော်ချင်တယ်။ ကျွန်တော်တို့ တိုက်ရည်ခိုက်ရည်အတွက် မဟုတ်ဘူး။ ကျွန်တော်တို့ စစ်ပွဲတွေအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်စရိုက်နဲ့ ကောင်းမွန်တဲ့ ကျန်းမာသန်စွမ်းမှုအတွက် ကျွန်တော်တို့ ကျော်ကြားချင်တယ်။”

Related posts:

  1. သံဆူးကြိုးများ နောက်ကွယ်က Gym
  2. ကာယဗလနှင့် ကြည့်မှန် တစ်ချပ်
  3. တီထွင်ကြံဆ လေ့ကျင့်ပါ လို့ ဆိုလာတဲ့ မောင်အိုလံပီယာ(၇)ထပ်ကွမ်း အာနိုး၏ ပြောစကား
  4. ကိုယ့်ဘ၀နှင့် ကိုယ်
  5. သင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါ