ကစားရတာ ၀န်လေးနေပြီလား?
Home > Weight Loss > ကစားရတာ ၀န်လေးနေပြီလား?
အလုပ်တစ်ခုကို စတင်လိုက်လျှင် အဲသည့်အလုပ်ရဲ့ ၅၀%ပြီးမြောက်သွားပြီဟု ဆိုကြသည်။ သို့သော် အဲသည့်အလုပ်ဆိုသည်ကို အလုပ်သေးသေးလေးတွေ ထပ်ခွဲလိုက်လျှင် စတင်ခြင်းတွေသည် ၁၀၀%ပြီးမြောက်ခြင်းတွေကို ဆိုလိုလိမ့်မည်။ ဥပမာသည် အလေးများနှင့် လေ့ကျင့်ခြင်းတွင် တွေ့နိုင်သည်။ ကျွန်တော်တို့၏ လေ့ကျင့်ချိန်တွေသည် တစ်ကြိမ်ပြီး တစ်ကြိမ်၊ တစ်ကျော့ပြီး တစ်ကျော့၊ လေ့ကျင့်ခန်းတစ်မျိုးပြီး တစ်မျိုး နားလိုက်၊ ကစားလိုက်နှင့် ဆက်တိုက်လုပ်သွားရသည်။ ကစားမယ်ဆိုပြီး အားနှင့်တင်းပြီး ဂျင်မ်ကိုထွက်လာခဲ့သည်။ သို့သော် ဟိုရောက်တော့ နည်းနည်းလုပ်ကာရှိသေး၊ အားကုန်သလိုလို စိတ်မပါသလိုလိုဖြစ်လာသည့်အခါ တွေရှိသည်။ ထိုအခါများတွင် တစ်ကျော့စီကိုသာ စတင်လိုက်ဖို့သာ စဉ်းစားသွားလိုက်ပါ။ ပြီးတော့
၁. ဂျင်မ်အစစ်ဆီမှာသာ ကစားပါ။
လုပ်လီလုပ်လဲ့ ကနွဲ့ကလျဂျင်မ်တွေ အများကြီးရှိနေပါသည်။ အဲသည်မှာသွားကစားလျှင် အဲသည်လိုပဲ ကနွဲ့ကလျဖြစ်သွားလိမ့်မည်။ ကျွန်တော်တို့အားကစားသည် တနေရာတည်းမှာသာ ကစားရသောအားကစားဖြစ်၍ ရနိုင်သမျှမာန်သွင်းကာ အားရပါးရကစားမှ ထိရောက်ပါသည်။ စာရေးဆရာ နေမျိုးထွန်းရဲ့ အာနိုး သို့မဟုတ် ကိုးတောင်ကျားကို ငယ်စဉ်က ဖတ်ရစဉ်က အာနိုးသည် လေ့ကျင့်ရုံထဲမှ အလေးပြားများထိခိုက်သံများ၊ ကြမ်းပြင်ပေါ်ပစ်ချသံများကို ကြည်နူးကျေနပ်စရာအသံများအဖြစ် ကြိုက်နှစ်သက်ခဲ့သည်ဟု ဆိုခဲ့သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်ကို အားနာ၍ ၀ုန်းဒိုင်းနှင့် အလေးပြားများ ပစ်မချသည့်တိုင်အောင် ကစားရုံပီပီ မာန်သွင်းသံ တက်ကြွသံကလေးတွေတော့ရှိသင့်သည်။ ထိုသို့မဟုတ်သည် ကစားရုံတစ်ခုသည် ကောင်တာမှာ အဘွားကြီး၊ သို့မဟုတ် ကလေးမလေးက မျက်စိဒေါက်ထောက်ကြည့်နေသည်ဖြစ်စေ၊ နည်းပြဆရာများကလည်း တက်ကြွရွှင်လန်းမှုမရှိသော ပျော့တီးပျော့ဖတ်ပုဂ္ဂိုလ်များဖြစ်နေလျှင်ဖြစ်စေ ထိုနေရာသည် ဂျင်မ်တော့မဖြစ်နိုင်၊ တရားထိုင်သည့် ဓမ္မရုံတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။
၂. ကိုယ်နှင့် ကိုက်ညီသည့် ကစားဖော်တစ်ယောက်ရှာပါ။
အထူးသဖြင့် အမျိုးသမီးများ တွဲကစားတတ်ကြသည့် ကစားဖော်မှာ ပါးစပ်ကြွက်သားကစားဖော်များသာ ဖြစ်တတ်ကြမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွေ ကစားရုံရောက်လာလျှင် ရှိရှိသမျှ ပေါက်တတ်ကရ အတင်းတွေ ပွစိတက်အောင်ပြောပြီး အချိန်သက်သက် လာဖြုန်းတတ်ကြသောကြောင့်ဖြစ်သည်။ ကိုယ်နှင့်ကိုက်ညီမည့် ကစားဖော်ကိုသာ ရှာပါ။ အာနိုးသည် ရှားရှားပါးပါး အားရပါးရ ကစားတတ်သည့် ဖရန်ကိုနှင့် တက်ညီလက်ညီတွဲနိုင်ခဲ့သောကြောင့် ကာယဗလတွင် ဘယ်သူမှ မယှဉ်နိုင်သော ကိုယ်ကာယကို တည်ဆောက်နိုင်ခဲ့သည်။ လီဟေနီသည် ရစ်ခ်ျ ဂတ်စပါရီနှင့် တွဲကစားသောကြောင့် အောင်မြင်ခဲ့ရသည်။ အခုခေတ် ဂျိမ်း’ဖလတ်စ်’ လူးဝစ်သည် ၂၅နှစ်သာရှိသေးသော်လည်း တက်ညီလက်ညီ ပီတာ ပွတ်နမ်နှင့် တွဲကစားနေသောကြောင့် ကမ္ဘာ့ပွဲကြီးတွေမှာ ဆက်တိုက်အောင်မြင်နေသည်။ ထို့ကြောင့် ရှာပါ။ တွဲပါ။ သို့ဆိုလျှင် သင် ကစားဖို့ ၀န်လေးနေမည်မဟုတ်တော့မှာ လုံးဝသေချာသည်။ သို့သော်…
၃. ကစားဖော်ရှာလို့ မတွေ့လျှင်ကော..
ကျွန်တော်ဆို အခုထိ တွဲကစားနိုင်မည့် ကစားဖော်ချိတ်လို့မရနိုင်ပါ။ ဘာကြောင့်လဲဆို ကိုယ်ကလည်း ကစားတဲ့အချိန်တွေက တခါတလေ မနက်ခြောက်နာရီဖြစ်လိုက်၊ ည၉နာရီလောက်ဖြစ်လိုက်နှင့် ဘယ်သူက လိုက်ကစားမည်လဲ။ သို့သော် စိတ်ပူစရာတော့မရှိပါ။ ရော်နီကိုးလ်မင်းသည် များသောအားဖြင့် တစ်ယောက်တည်းသာ ကစားခဲ့သည်။ ဂျေးကတ်တလာဆို ပိုဆိုး။ တွဲဖို့ သိပ်အချိန်မပေးနိုင်။ သူတို့ကျတော့ရော။ ဂျေးကတ်တလာသည် ကစားရုံနှစ်ရုံတွင် အသင်းဝင်ထားသည်။ များသောအားဖြင့်သူသည် လူစည်ကားသည့် နေရာတွင်သွားကစားတတ်သည်။ ဆိုလိုသည်မှာ ကစားဖော်မရှိလျှင် ဂျင်မ်မှာ လူများများရှိမည့်အချိန်၌ သွားကစားသင့်သည်။ လူများများရှိသည့်အတွက် competitionလေးတွေ ရှိလာနိုင်သည်။ ခန္ဓာကိုယ်၌ testosterone ယောက်ျား ဟော်မုန်းဓာတ်တွေတက်လာကာ ကိုယ်အတွက် ပိုကစားစေနိုင်သည်။ သို့သော် ထိုဂျင်မ်သည် ကစားလို့ရအောင်တော့ နည်းနည်းကျယ်မှဖြစ်မည်။ ဟုတ်ပြီ။ အဲသည့်အချိန်တွေမှာ မအားဘူးဆိုလျှင်ရော… တစ်ခုတည်းသော တွဲဖော်ရှိနေပါသေးသည်။ နာရီ။ ကိုယ့်ကိုယ်ကို အချိန်နှင့်မျှားခေါ်ပါ။ ကျွန်တော့်ရဲ့ post တစ်ခုမှာ အသေးစိတ်ကြည့်ပါ။
၎. စိတ်ထဲ ကောင်းတယ်ထင်သည့်အတိုင်းကစားပါ။
တခါတလေမှာ ကြုံရတတ်သည်။ ဆုံတွန်းနေသည့် အခါမျိုးတွင် တံတောင်က နာချင်သလိုလို၊ ပခုံးအဆစ်များက ခုလုခုလုနှင့် ကစားရတာတစ်မျိုးကြီးဖြစ်နေတတ်သည်။ ထိုအခါမျိုးတွင် အကောင်းဆုံးက တခြားလေ့ကျင့်ခန်းတစ်မျိုးချက်ချင်းသာ ပြောင်းလိုက်ပါ။ ချန်ပီယံများ ပြောလွန်းသော စကားတစ်ခွန်းမှာ (Listen to your body!) ကိုယ့်ကိုယ်ကို နားထောင်ပါတဲ့။ ကစားနည်းတွေက မရေမတွက်နိုင်အောင် ရှိနေပါသည်။ ကိုယ်နှင့် အဆင်ပြေမည့်ဟာတစ်ခုခု ရွေးချယ်ကစားလိုက်ပါ။ ထိုအခါမျိုးတွင် ဒမ်ဘယ်ဘေးခွဲမ ကစားပါ။ ဘားရှည် ရှေ့သို့လက်ဆန့်မ ကစားပါ။ ပြီးမှ ဘားရှည်ဆုံတွန်းပြန်ကစားပါ။ အကြိမ်ရေ၊ အကျော့ရေတွေကို သိပ်အလေးမထားပါနှင့်။ အကြိမ်၁၀၀ တခါတည်းကစားချင်လျှင်ကစားပစ်လိုက်ပါ။ ထိရောက်ပါသည်။ ရွှေ့လျားမှုအတိုအရှည်ကိုလည်း ဂရုမစိုက်ပါနှင့်။ ရော်နီကိုးလ်မင်းပြောဖူးသလို ကျွန်တော်တို့သည် ကြွက်သားကိုကစားနေခြင်းဖြစ်သည်။ အဆစ်များကို မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့ အဆစ်များ မထိခိုက်သည့် ရွေ့လျားမှုလေးအတွင်းမှာသာ ကစားပါ။ ကျွန်တော်တို့ခန္ဓာကိုယ်က နာလာလျှင် နားတော့ဟုပြောပါက နားရတော့မည်သာဖြစ်သည်။
၅. စိတ်အာဟာရဖြည့်ဆည်းပါ။
ဟာဗျာ.. ခင်ဗျားဘယ်လောက်တရားချချ ကစားကို မကစားချင်တာဗျာ။ ဘယ်လိုမှကို စိတ်မပါဘူး။ ဆိုလျှင်တော့ အဲသည့်တစ်ရက် နားလိုက်ပါတော့။ နောက်တစ်ရက်လည်း ထိုအတိုင်းဆိုလျှင်လည်း နားလိုက်ပါဦး။ သို့သော် ထိုအတောအတွင်းတွင် ကိုယ့်စိတ်ပြန်လည်တည်ငြိမ်ကြံ့ခိုင်လာအောင် ပြုပြင်ပါ။ နည်းအမျိုးရှိပါသည်။ တချို့ အတွက် တရားထိုင်ခြင်းသည် အကောင်းဆုံးဖြစ်နိုင်သည်။ ကျွန်တော်တွေ့ရှိခဲ့သော နည်းလမ်းအချို့မှာ ကောင်းကောင်းစားလိုက်၊ နားလိုက်ပါ။ ပြီးလျှင် စာဖတ်ပါ။ အဖိုးတန်သော ရသစာအုပ်များစွာရှိပါသည်။ ကာယဗလနှင့်ပတ်သက်၍လည်း နေမျိုးထွန်းရဲ့ အာနိုး သို့မဟုတ် ကိုးတောင်ကျား စာအုပ်(ကုန်သွားပြီလားမသိ?။)၊ ကျောက်ဘီလူးတင်မောင်ဆွေ၏ အခြေခံကာယဗလလေ့ကျင့်ရေးလမ်းညွှန်စာအုပ်၊ ကျွန်တော် ၏ မကြာမီလာတော့မည့် ကာယဗလချန်ပီယံများစာအုပ်၊ အခု အွန်လိုင်းပေါ်က ကျွန်တော်တို့ ၀ဘ်ဆိုက်နှင့် တခြားကာယဗလ၀ဘ်ဆိုက်များကို ရှာဖွေဖတ်ပါ။ ကျွန်တော် အကြိုက်ဆုံးသည် www.animalpak.com ဖြစ်၏။
တခြားကောင်းသည်များမှာ www.jaycutler.com, www.bodybuilding.com, www.flexonline.co.uk, www.ifbb.com, www.billpearl.com, www.emusclemag.com, www.mrolympia.com, www.shredded.tv, စသည်ဖြင့်။ နောက်ပြီး စိတ်အားတက်ကြွစရာ ဗီဒီယိုများကြည့်ပါ။ လီဟေနီဆိုလျှင် လက်ဝှေ့ကျော်မိုဟမ္မဒ်အလီ၏ The Greatest အမည်ဖြင့် အတ္ထုပတ္တိ ဗီဒီယိုကို စိတ်အာဟာရအဖြစ်အသုံးချခဲ့သည်။ နောက်ပြီး အကောင်းဆုံးမှာ ကျွန်တော် ချန်ပီယံကြီးများ၏ လေ့ကျင့်ပုံများကို ကြည့်ခြင်းပင်ဖြစ်သည်။ ကျွန်တော် သူငယ်ချင်း နိုင်ဦးဆီမှာ ထိုထိုသော Training Video ခွေများရှိပါသည်။ intensemuscle@gmail.com သို့ ဆက်သွယ်နိုင်သည်။
Bodybuilding သည် ကျွန်တော်တို့အတွက် ဒုက္ဓတစ်ခု လုံးဝကို မဖြစ်စေသင့်ပါ။ ကျွန်တော်တို့ ဘ၀လမ်းကြောင်းမှာ တွဲပါနေသော supplement တစ်ခုသာဖြစ်သင့်သည်။ ထိုအတွက် ဂျင်မ်ထဲမှာ ပျင်းရိငြီးငွေ့စရာ အနှောင့်အယှက်များကို တတ်နိုင်သမျှဖယ်ရှားနိုင်အောင် အထက်ပါအချက်များက ကူညီပေးပါလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
Related posts:






အစ်ကို ..အခုလို တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…ကျွန်တော်ကတော့ အခုမှဝိတ်ကို စမတဲ့
လူငယ်တစ်ယောက်ပေါ့……ကျွန်တော်တို့ တွေသိချင်တာလေးတွေကို သိအောင်လုပ်ပေးတဲ့ အစ်ကိုကိုလည်း
ကျေးဇူးတင်ပါတယ်….နေ့စဉ် ဘယ်လိုအားကစားမျိုးတွေကို လုပ်ရမလဲံ…ဘယ်လိုအိပ်ရမလဲ ….ဘယ်လိုစားရမလဲဆိုတာလေးတွေ ကိုပါ သိချင်ပါတယ်…..
လေးစားစွာဖြင့်……..
ညီလေးရဲ၊ သည်မှာ သာ ဆက်လက်ဖတ်ရှုသွားပါ။ ညီလေးပြောတာတွေ ကြိုးစားတင်ပေးပါမယ်။ ကျေးဇူးပဲ..
ko naingwaiwin,
very thaks u for my life,
u web is encourage for me,
so very thanks ko naingwaiwin,
Please tell me about someone !
You are very welcome, brother!!
for what?
thank you so much ko naingwaiwin,you save my life.because your web site give me a lot of great experience.I hope in future can i meet with you personally.I wish you all the best Brother………
You are welcome! bro.. Aung Min Oo. This made my day. I hope to meet you too.
All the best,
Naing Wai
ကိုနိုင်ဝေ..ခင်ဗျား ကျွန်တော်နာမည် စေားထူး ပါခင်ဗျား ကျွန်တော်သိချင်တာလေး မေးချင်လို့ ပါ။ အခု ကျွန်တော်အသက် ၄၆ နှစ်ရှိပါပြီ ။အဲဒါ အခုမှ စ ကစားရင် လူငယ်တွေလို့ တက်ပါမလားလို့ သိချင်လို့ ပါ ။
ကျွန်တော်ဟာ ဒီအားကစားကို ငယ်ငယ် ကတည်းက ဝါသနာပါခဲ့ တာပါ။ဒါပေမဲ့ စီးပွားရေးမပြည်လည်တာရယ် ၊ အချိန်မပေးနိုင်တာရယ် အကြောင်း ကြောင်းကြောင့် မ ကစားနိုင်ခဲ့ပါဘူး
အခုလဲ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေရပါတယ် ။ အခုဒီ ဝက်ဆိုဒ်လေးကို ဖတ်လိုက်ရလို့  အလုပ်အားတဲ့ အချိန်လေး ကို ကစားချင်လို့ ပါ ။
ကျေးဇူးတင်ပါတယ် ခင်ဗျား
ကိုစောထူး
အလေးမချန်ပီယံ ကာယဗလမောင် ဦးပြားဆိုရင် အကို့အရွယ်လောက်ရောက်မှ စကစားသည်သာ ဖြစ်ပြီး အခု ၆၂ အရွယ်ထိ သက်ကြီးတန်း ကာယဗလမောင်ဆုတွေကို ဆွတ်ခူးဆဲပါ။ ဘာကြောင့် လူငယ်တွေလို မတက်ရမှာလဲခင်ဗျာ။ သေချာပေါက် တက်ပါတယ်။ ကျန်းမာရေးအတွက်ရော၊ ခွန်အားအတွက်ရော စကစားသင့်နေပါပြီ။ ဤဆိုဒ်မှ ပို့စ်များတွင် လေ့လာနိုင်သလောက် လေ့လာကာ အိမ်မှာ ကစားကစား၊ ဂျင်မ်မှာ သွားကစားကစား ထိရောက်မည်မှာ ကျိန်းသေဖြစ်ပါသည်။
လေးစားစွာ
နိုင်ဝေ
ဟုတ်ကဲ့
ကိုနိုင်ဝေ အခုလို တလေးတစား ပြန်လည်ဖြေကြားပေးတဲံ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
နောက်လည်း မသိတာရှိရင် မေးပါရစေခင်ဗျာ။
ကျေးဇူးတင်စွာဖြင့်