ကိုယ့်ဘ၀နှင့် ကိုယ်
Home > General Health, motivation > ကိုယ့်ဘ၀နှင့် ကိုယ်
“Battle is massively physical. But mental fitness is even more important. You could always be walking into another ambush.” – Sergeant Al Hewett after his survival in Afghanistan
(အောက်ပါ စာများကို ဖတ်လျှင် အများဆုံး ၁၅ မိနစ် ထိ ကြာနိုင်သည်။)
Bentham Louis ဆိုသော ပုဂ္ဂိုလ်သည် အသက် ၅ နှစ်အရွယ်မှာ လက်တင်ဘာသာစကားကို လေ့လာသင်ယူနေပြီဆိုပဲ။ Aleaksandr Blok ဆိုသော ရရှားလေးသည် အသက် ၄ နှစ်အရွယ်မှာ နာမည်ကျော် ရရှားကဗျာများကို ရေးခဲ့ပြီတဲ့။ ကျွန်တော်ကရော- ကျွန်တော် အသက် ၄ နှစ်မှာ ဘာလုပ်နေမှန်း မမှတ်မိတော့။ မှတ်မိတာက အသက် ၅ နှစ်တွင် သူငယ်တန်းကျောင်း၌ စာမသင်ချင်လွန်းလို့ ငိုယိုပြီး ကျောင်းက ပြန်ပြန်လာသောကြောင့် ကျောင်းထုတ်ပစ်လိုက်ကြပြီး အသက် ၆ နှစ်ကျမှ သူငယ်တန်း စတက်ရတာကိုတော့ မှတ်မိသည်။ ဘီလ်ဂိတ်သည် အသက် ၁၈ နှစ်တွင် ကွန်ပျူတာ ပရိုဂရမ်များကို စတင်ရေးဆွဲနေပြီဖြစ်သည်။ ၁၈နှစ်တုန်းက ကျွန်တော်မှတ်မိသမျှ ကျွန်တော်လုပ်ခဲ့သည့် electronic ဟူသည် Sony playstation 1 ထဲကို ခွေထည့်ပြီး ကစားနည်းမျိုးစုံ ကစားခဲ့တာကိုပဲ မှတ်မိသည်။ အာနိုး ရွှာဇီနက်ဂါးသည် အသက် ၁၉ နှစ်တွင် မောင်စကြ၀ဠာဆုကို ဆွတ်ခူးနေပြီဖြစ်သည်။ ကျွန်တော်ကရော အသက် ၁၉ နှစ်တွင် ပြည်နယ်နှင့် တိုင်း ပြိုင်ပွဲ အညံ့ဆုံး အတန်း ၇၅ ကီလိုတန်း၌ ခြောက်ယောက်ပြိုင်ရာ အဆင့် ၄ ရခဲ့သည်။ ဟူး…. ကြည့်လိုက်ရင် ကိုယ့်ဘ၀ကိုယ်သည် စိတ်ဓာတ်ကျဆင်းစရာတွေချည်း ဖြစ်နေတော့မည်။ တွေးမိသည်။ ဘယ်လိုလုပ် ရှေ့ဆက်သွားလို့ရမလဲကွာ။ ဘယ်လိုလုပ် ဆက်ကစားနိုင်တော့မလဲ။ ပြီးတော့ ကျွန်တော်တို့ သည်မှာ ဖော်ပြထားသည့် ဗယ်လီကြီးတွေ ပြူးထွက်နေသော ကာယဗလမောင်ကြီးတွေကို ကြည့်ကာ စာဖတ်သူတို့ လန်သွားတတ်ကြသည်က များသည်။ သူတို့ကို ကြည့်လိုက် ကိုယ့်ကိုယ်ကို မှန်ထဲကြည့်လိုက်နှင့် စိတ်ဆင်းရဲခြင်းများ တခါတရံ ဖြစ်တတ်ကြသည်။ သူတို့ကလည်း သူတို့ ဘယ်လို ကြိုးစားခဲ့တယ်။ ဘယ်လို ဖြစ်လာခဲ့ကြတယ်။ စသည်ဖြင့် ရေးသားထားကြခြင်းသည် ကျွန်တော်တို့အတွက် စိတ်ဓာတ်တက်ကြွစရာ မဟုတ်ဘဲ တခါတရံ စိတ်ဓာတ်ကျစရာများ ဖြစ်သွားတတ်သည်။ တကယ်တော့ ထိုသို့ ဖြစ်ရန် ရည်ရွယ်ပြီး ကျွန်တော်တို့ ရေးသားဖော်ပြနေကြခြင်းမဟုတ်ပါ။ ဘာကြောင့်ဆို
၁။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်ခြင်း မဟုတ်ပါ
အထူးသဖြင့် ဗရမ်းဗတာ ယှဉ်ပြိုင်ခြင်းကို ဆိုလိုသည်။ စောစောကလို ကိုယ့်ကိုယ်တိုင်နှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများ (မြောက်မြားစွာရှိပေလိမ့်မည်) နှိုင်းယှဉ်လိုက်လျှင်တော့ တစ်ခုတော့ အဖတ်တင်ပေလိမ့်မည်။ စိတ်ဓာတ်ကျခြင်း။ ကျွန်တော့် အကြိုက်ဆုံး စာအုပ်တစ်အုပ်ဖြစ်သည့် Malcolm Gladwell ရေးသော Outliers စာအုပ်တွင် သူသည် အလွန်ထူးခြားသော အချက်တစ်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။ “ကျွန်တော်တို့ မအောင်မြင်ကြခြင်းသည် ကျွန်တော်တို့ အပြစ်မဟုတ်” ဟူသော အချက်ဖြစ်သည်။ ထိုအချက်သည် အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ယူဆထားကြသည့် အရာများကို မြေလှန်ပစ်လိုက်သလိုပင်။ ကျွန်တော်တို့၏ ကြိုးစားရင် ဘုရားတောင် ဖြစ်သေးတယ်။ အနိုင်မခံ အရှုံးမပေး။ ဘာလုပ်လုပ် ဇွဲသာရှိရင် အောင်မြင်တယ်။ ခြုံကြားမှ ဘုံဖျားသို့ စသဖြင့် အယူအဆများအားလုံးနှင့် ဆန့်ကျင်ဖီလာဖြစ်နေသော အချက်။
အေဗရာဟင်မ်လင်ကွန်းသည် သစ်လုံးအိမ်မှ အိမ်ဖြူတော်သို့ တက်လှမ်း သွားနိုင်ခဲ့သည်။ ကျွန်တော်တို့ အနီးနားမှ တချို့ပုဂ္ဂိုလ်များ ဘာမှ မရှိသော အခြေအနေမှ ဘယ်လိုကြိုးစားလို့ ဘယ်လို ထောင်တက်လာနိုင်ခဲ့သည် စသည်ဖြင့် ကျွန်တော်တို့ ဆိုကြသည်။ တကယ်တော့ ထိုကဲ့သို့ အောင်မြင်လာခြင်းမဟုတ်ပါ။ Malcolm Gladwell က “I want to convince you that these kinds of personal explanations of success don’t work. People don’t rise from nothing. We do owe something to parentage and patronage.” ဟု ဆိုခဲ့သည်။ အောင်မြင်ကြီးကျယ်သော သူတို့တွေတွင် ဖုံးကွယ်နေသော အားသာချက်တွေရှိနေသည်။ သူများနှင့် မတူ ခြားနားသော အခွင့်အရေးတွေ သူတို့မှာ ရှိနေခဲ့သည်။ နောက် သူ ဆိုသည်မှာ သစ်တောထဲ၌ အမြင့်မားဆုံး ၀က်သစ်ချပင်ကြီး တစ်ပင်ရှိသည်။ ထိုသစ်ပင်ကြီး အမြင့်မားဆုံး ဖြစ်နေရခြင်းမှာ အကောင်းဆုံး သစ်စေ့ကနေ ပေါက်ဖွားလာသောကြောင့်တင် မကပါ။ သူ့နေရောင်ခြည်ရဖို့ ကာမယ့် သစ်ပင်တွေ မရှိလို့လည်းပါသည်။ သူ့ပေါက်ရောက်ရာ ၀န်းကျင်က မြေလွှာတွေ နက်ရှိုင်းပြီး မြေသြဇာပြည့်ဝသောကြောင့်လည်း ဖြစ်သည်။ သူငယ်စဉ် အညှောင့်ပေါက်စက ဘယ်ယုန်ကမှ ၀ါးမစားခဲ့တာလည်းပါသည်။ သူ မရင့်မှဲ့ခင် ဘယ်သစ်ခုတ်သမားမှ မ ခုတ်ခဲ့တာလည်း ပါသည်။ ကျွန်တော်တို့သည် အောင်မြင်သူများကို သူတို့တွင် မွေးကတည်းက ပါရမီပါခဲ့လို့လည်း အောင်မြင်နိုင်တာလည်း ဖြစ်မည် စသည်ဖြင့် ထိတော့ သိနေကြသည်။ သို့သော် နောက်က တခြား အချက်တွေကို ကျွန်တော်တို့ လျစ်လျူရှုထားကြသည်။ သူ့ ပတ်ဝန်းကျင်၊ သူ့မိဘ၊ သူ့နေရာ၊ သူ့မိတ်ဆွေ၊ စသည်ဖြင့် သတိမထားမိကြသော အချက်တွေ အများကြီးရှိနေသည်။
ဥပမာ ကျွန်တော်သည် ကာယဗလတွင် ပါရမီ ပါသည်ဟု ဆိုနိုင်သော ကာယဗလမောင် တစ်ယောက်ဖြစ်သည်။ ဘာကြောင့်ဆို ကျွန်တော် ဘယ်သောအခါ ကာယဗလနှင့် ပတ်သက်လာလျှင် လက်လျှော့မည်မဟုတ်။ နဂိုစိတ်ရင်းထဲကကို နှစ်သက်နေခြင်းဟု ဆိုနိုင်ပေသည်။ ကျွန်တော် ၂၁ နှစ်လောက်တုန်းကတည်းက ကာယဗလ Flex မဂ္ဂဇင်းများ ထဲတွင် James Flex Lewis ဆိုသော ကာယဗလ လူငယ်ကို စ သတိထားမိသည်။ သူလည်း ၂၁ နှစ်။ ကျွန်တော့်ထက် လပိုင်းမျှ ကြီးသည်။ သူ့ပုံတွေကို ကြည့်ကာ ကျွန်တော့်ကိုယ် ကျွန်တော်နှင့် အမြဲနှိုင်းယှဉ်သည်။ တကယ်ပင် အဲသည်တုန်းက ကျွန်တော့်ကြွက်သားပေါ်လွင်မှုသည် သူ့ထက်ပင် ကောင်းပါသည်။ သူ့ကို တော့ မဂ္ဂဇင်းများထဲတွင် အသက်ငယ်ငယ်လေးနှင့် ကာယဗလ ခြင်္သေ့လေး ဘာလေးနှင့် အမွှန်းတင်ထားသည်။ သြော်ဟုတ်လား ငါ့ကို မသိကြသေးလို့ပါ။ တွေ့ကြသေးတာပေါ့။ ကျွန်တော် အသားကုန်ကြိုးစားသည်။ သို့သော် တစ်လပြီး တစ်လ သူ့ပုံတွေ Flex ထဲတွင် ပါ ပါ လာသည်။ မောင်အိုလံပီယာ ဒိုရီယံ ရိတ်စ်နှင့် တွဲကစားနေသော Lewis။ ကမ္ဘာကျော် မီလို ဆာဆဗ် လက်အောက်မှာ ကြိုးစားနေသော James Flex Lewis။ Supplement company များက စပွန်ဆာပေးပြီး ဆေးများ ကြော်ငြာနေသော Lewis ၏ ပုံများ။ နောက်ပြီး နောင်တစ်ခေတ် ၏ မောင်အိုလံပီယာ လောင်းလေး ဘာလေး စသည်ဖြင့် သူ့အကြောင်းတွေ မဆုံးနိုင်မသတ်နိုင် ဝေေ၀ဆာဆာ ရေးလာကြသည်။
အခုတော့ နှိုင်းယှဉ်ကြည့်လိုက်လျှင် သွားပြီ။ သူ့ပုံတွေက ကျွန်တော့်ကို ကြည့်ကာ ဟေ့ကောင် နိုင်ေ၀၀င်း သနားတယ်ကွာ။ လို့ လှောင်ပြောင်နေသလိုပင်။ သက်ပြင်းတွေ အထပ်ထပ် ချရုံက လွဲပြီးကျွန်တော် ဘာမှ မတတ်နိုင်။ ကျွန်တော့်နာမည်ကိုရော ဒီမှာ ဘယ်လိုသိကြလဲ။ ကာယဗလမောင်ဟု နေနေသာသာ။ နိုင်ေ၀၀င်းဆိုလျှင်ပင် မိန်းကလေး နာမည်လားဟင်ဟု မေးကြမည့်သူတွေချည်း။ ကဲ ကိုအောင်ခိုင်ဝင်း ခင်ဗျားရဲ့ ကြိုးစားပုံကတော့ ကာယဗလတွင် ၁၃၀% လောက်ရှိသည်။ (ကိုနိုင်ဦးလည်း သေချာသိသည်။) ကမ္ဘာမှာပင် ရှားသော ဇွဲမျိုးဖြစ်သည်။ ညှစ်အားရော။ Flexibility (ပေါင် ဖြဲ ကာ ကိုယ်ဟန်ပြနိုင်ခြင်း) ရော ကောင်းခြင်းသည် အလွန် ရှားပါးသော ကြိုးစားမှုမျိုးဖြစ်သည်။ ဒါပေမယ့် စိတ်ချ။ ကိုအောင်ခိုင်ဝင်း ခင်ဗျား ဒီတစ်သက် မောင်အိုလံပီယာ ပြိုင်နိုင်မှာ မဟုတ်ဘူးခင်ဗျ။ အနည်းဆုံးတော့ ခင်ဗျားမှာ အဲသည်လို Lewis လို hidden advantage တွေ မရသရွေ့ပေါ့။
အဲသည်လို ပတ်ဝန်းကျင်တွေ အရေးပါပုံတွင်လား။ မဟုတ်သေးဘူးခင်ဗျ။ ကျွန်တော်တို့ အလွန်အံ့သြသွားရလောက်သော တခြားအချက်များကိုလည်း Malcolm Gladwell ဖော်ထုတ်နိုင်ခဲ့သေးသည်။ သူပြုစုထားသော စာရင်းများထဲမှ the 2007 Medicine Hat Tigers တွင် ဗိုလ်ဆွဲခဲ့သော ဟော်ကီ ကစားသမားများ၏ စာရင်းကို ကြည့်ကြည့်ပါ။ တစ်ခုခုများ ထူးခြားတာ တွေ့မလားလို့ လေ့လာကြည့်ပါ။
မြင်ပါသလား ခင်ဗျာ။ မမြင်လည်း စိတ်မပျက်ပါနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဟော်ကီလောကကြီး တစ်ခုလုံးကလည်း မမြင်ခဲ့ပါ။ နောင်နှစ်တွေမှာလည်း ဟော်ကီ ချန်ပီယံများကြား အဲသည့်အချက်ကို ဆက်တိုက်တွေ့ရှိခဲ့ရသည်။ သူတို့ ဘယ်လတွေမှာ မွေးဖွားခဲ့ကြသလဲ ဆိုသော အချက်။ ထိတ်လန့်စရာကောင်းသော အချက်သည် ထိုဟော်ကီ ချန်ပီယံများ၏ မွေးနေ့များသည် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတွေမှာ ဖြစ်နေခြင်းပင် ဖြစ်သည်။ အကောင်းဆုံးထဲက အကောင်းဆုံးတွေကို စာရင်း ချလိုက်သည့်အခါ ၄၀ % သည် ဇန်န၀ါရီနှင့် မတ်လကြား မွေးခဲ့ကြသည်။ ၃၀ % သည် ဧပြီနှင့် ဇွန်လအကြား မွေးခဲ့ကြသည်။ ၂၀% သည် ဂျူလိုင်နှင့် စက်တင်ဘာကြား မွေးခဲ့ကြပြီး ၁၀ % သည် အောက်တိုဘာနှင့် ဒီဇင်ဘာကြား မွေးခဲ့ကြသည်။ ဒါသည် ဗေဒင်နက္ခတ်အကြောင်း မဟုတ်ပါ။ ဘာကြောင့် အဲသည်လို ဖြစ်ရသနည်းဆိုသည်ကို အသေးစိတ်သိလိုလျှင်တော့ သူ့စာအုပ်ထဲတွင် အကျယ်တ၀င့်(၀ယ်)ဖတ်နိုင်သည်။ ကျွန်တော်ကတော့ အတိုချုပ်ပဲ ပြန်ပြောပါရစေ။
ထိုဟော်ကီ ကစားသမားများကို စခန်းသွင်း လေ့ကျင့်သော အချိန်သည် တိတိကျကျသတ်မှတ်ထားခြင်း ဖြစ်သည်။ ဇန်န၀ါရီ တစ်ရက်နေ့။ ဥပမာ ၀င်ရွေးခံရသူများတွင် ဇန်န၀ါရီ နှစ်ရက်နေ့လောက်မှာ ၁၀ နှစ်ပြည့်သောသူသည် နိုဝင်ဘာလမှာ ၁၀ နှစ်ပြည့်မည့်သူထက် ၁၁လပိုကြီးနေသည့်အတွက် ပိုရင့်ကျက်နေသည်။ ကိုယ့်ထက် နုသည့်ကောင်တွေနှင့် ကိုယ်က ကစားရသည့်အတွက် ကိုယ်က တပန်းသာနေသည်။ အကယ်၍ နောက်နှစ် နိုဝင်္ဘာမှ ၁၀နှစ်ပြည့်မည်ဆိုလျှင် သူ့အတွက် ကစားရုံမှာ အသက်ကြီးလွန်းသွားပြန်သည့်အတွက် ဆရာများက မျက်စောင်းထိုးပြန်သည်။ နှစ်တစ်နှစ်၏ နောက်ပိုင်းလများမှာ မွေးသူတွေက ကိုးလိုးကန့်လန့် ဖြစ်နေသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာတို့သည် ကာလကြာရှည်လာသည့်အခါ သိသိသာသာ ကွာခြားလာသည်။ ဒါကြောင့် ဟော်ကီလောကတွင် ခင်ဗျား အောက်တိုဘာမှာ မွေးပါက ခင်ဗျား နိုင်ဖို့ အနေအထားက အလွန်ကို နည်းပါးလိမ့်မည်။ နိုဝင်ဘာမှာ မွေးလျှင် ဟော်ကီမကစားနှင့်တော့ ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် အင်္ဂလန်တွင် ဘောလုံးရွေးကောက်ပွဲချိန်သည် စက်တင်ဘာ ၁ရက်နေ့။ ထို့ကြောင့် ၁၉၉၀ရှိ စာရင်းတစ်ခုအရ ပရီးမီးယားလိဂ်တွင် ထိပ်သီး ဘောလုံးကစားသမား အများစုသည် စက်တင်ဘာနှင့် နိုဝင်ဘာလများကြား မွေးဖွားကြခြင်းကို တွေ့ရသည်။ ဒုတိယအများစုကို ဇွန်နှင့် သြဂတ်စ်လများတွင် တွေ့ရသည်။
ထို့အတူပင် ကျောင်းပညာရေးကို ကြည့်မလား။ ကိုယ့်ကျောင်းဘယ်နေ့ဘယ်လ ဖွင့်မလဲ။ အဲသည့်လနှင့် ရှေ့နောက်နီးစပ်လများတွင် မွေးဖွားသူများသည် (ဇွဲချင်းတူ)သူများထက် တပန်းသာကိုသာလိမ့်မည်။ နောက်တစ်ခါ ကိုယ့်ကလေးမွေးဖို့ စဉ်းစားလျှင် လူတော်လူချွန်ဖြစ်စေချင်လျှင် မြန်မာပြည်မှာ ဆိုက ဇွန်လမှာ မွေးဖို့ ချိန်ထားပေတော့။ ထိုအချက်များသည် နောက်ပိုင်း တက္ကသိုလ်ရောက်သည့်အခါထိလည်း လိုက်လာသည်။ ကိုယ့်အသက်က အံဝင်ခွင်ကျဖြစ်နေသည့် မွေးနေ့ရှင်များနှင့် စာလျှင် ကိုးလိုးကန့်လန့် ဖြစ်ကာ မသိမသာ ရှုံးနိမ့် ရှုံးနိမ့်လာပေသည်ကိုလည်း အံ့သြစွာ တွေ့ရပေသည်။ ဒါတွေသည် ကျွန်တော်တို့တွေအတွက် ပတ်ဝန်းကျင်ကြီးက အောင်မြင်မှု၊ မအောင်မြင်မှုဆိုတာတွေကို လျှို့ဝှက်စွာ ပုံဖော်ထားခြင်းဟုပင် ဆိုနိုင်သည်။ ထိုကဲ့သို့ ရွေးချယ်ခံထားရသော ပုဂ္ဂိုလ်တွေနှင့် ယှဉ်ဖို့ဆိုလျှင် တကယ်ကို မလွယ်။ ဆာဂျီယို အိုလီဗာကြီး ဘယ်လောက်ပင် ဇွဲကောင်းသော်လည်း ဖရန်ကို ကော်လံဘူလို မိတ်ဆွေမျိုး Gold’s Gym က အဖွဲ့တွေလိုမျိုး သူ့မှာ မရှိခဲ့သည့်အတွက် အာနိုးကို ဘယ်လိုမှ မနိုင်ဖြစ်ရသည်။ နည်းနည်းတော့ ရှုပ်ထွေးစရာပင်။ ဘီလ်ဂိတ်သည် သူ့ခေတ် တခြား computer သမားတွေ ရှိသော်လည်း သူ့ကျမှ ဘာလို့အောင်မြင်ခဲ့ရသနည်း။ Microsoft ရဲ့ ထိပ်သီး အဖွဲ့ဝင်တွေ၊ ဘီလ်ဂိတ်တို့ စဖွဲ့စည်းစဉ်က သူငယ်ချင်းတွေသည် ၁၉၅၂ မှ ၁၉၅၇ ခုနှစ်အတွင်းမွေးသူတွေချည်းဖြစ်သည်။ ထိုနှစ်များမှာ မွေးသူတွေသည် ၂၀ ကျော် ကျောင်းပြီး အချိန်၌ တကယ့် computer age နှင့် သွားတိုက်ဆိုင်ခဲ့ခြင်းလဲပါသည်။ Paul Allen လို ပုဂ္ဂိုလ်မျိုး ဘီလ်ဂိတ်မှာ ရှိနေခဲ့တာတွေလည်းပါသည်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ ဖော်ပြထားသော ပုဂ္ဂိုလ်ကြီးများ၏ ကစားနည်းများအတိုင်း လုပ်ထုံးလုပ်နည်းများအတိုင်း တသွေမတိမ်း လိုက်ကစားလိုက်လုပ်သော်လည်း သူတို့လို ဖြစ်ချင်မှ ဖြစ်နိုင်ပေမည်။ မဖြစ်ဖို့က များသည်။ သို့သော် ဒူးလောက်တင်မှ ရင်လောက်ကျမည်ဆိုသလို တတ်နိုင်သလောက် လိုက်အတုခိုးဖို့ ကျွန်တော်တို့က တိုက်တွန်းရုံသာ ဖြစ်သည်။ ဂျေးကတ်တလာလိုမျိုး လိုက်ကစားသော်လည်း သူ့လိုမကြီးလာလျှင် စိတ်ဓာတ်မကျနှင့်။ သူ့မှာ ရေလောင်းပေါင်းသင်နေတဲ့ support တွေရှိနေလို့ပဲ။ ဒီတော့ မေးမည် ဒါတွေ သိလို့ ဘာလုပ်ရမလဲ?
၂။ ကိုယ့်ကိုယ်ကိုသာ Guide လုပ်ပါ
ထိုအချက်တွေသည် ကိုယ့်အတွက် စစ်မှန်သော ဖြေသိမ့်စရာတွေဖြစ်သည်။ နှိုင်းယှဉ်ခြင်းသည် ဘယ်တော့မှ မမျှ တပါ။ Malcolm Gladwellက ကျောင်းပညာရေးတွင် ဇန်န၀ါရီမှ မတ်ထိမွေးသောသူများက တတန်း၊ ဧပြီမှ ဇွန်လထိ မွေးသောသူများက တတန်း၊ ဇူလိုင်မှ စက်တင်ဘာထိ၊ နောက်ပြီး အောက်တိုဘာမှ ဒီဇင်ဘာထိ စသည်ဖြင့် မွေးလတွေခွဲပြီး အတန်းခွဲသင့်ကြောင်းထိ ဆိုခဲ့သည်။ အကယ်၍ တဦးတယောက်သည် ကိုယ့်ရှျေ့မှာ သူ အောင်မြင်ကြောင်း၊ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြီး ကိုယ့်ကို နှိမ်လျှင်တော့ ကျွန်တော်ပြောလေ့ရှိမည်မှာ သို့မဟုတ် တွေးလေ့ရှိမည်မှာ “ခင်ဗျားမှာ နှိုင်းယှဉ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ တကယ်တော့ ကိုယ့်ဘ၀နှင့် ကိုယ်ပါပဲ။” ကျွန်တော် မှတ်ဖူးသည့်တစ်ခုက “ဘုးရားသခင်တောင်မှ လူတစ်ယောက် မသေမချင်း အဲသည့်လူ ကောင်းလား မကောင်းဘူးလား မဆုံးဖြတ်ဘူး” ဟူ၍။ တစ်ယောက်နှင့် တစ်ယောက် ပိုကောင်းလား။ ပိုဆိုးလား စသည်ဖြင့် နှိုင်းယှဉ်နိုင်သည့် အရည်အချင်းသည် ဘုးရားသခင်မှာပဲ ရှိလိမ့်မည်။ တကယ်တိကျသော ယှဉ်ပြိုင်ခြင်းဟု ဆိုလျှင် ကိုယ့်လို မွေးနေ့ရှင်တယောက်၊ ကိုယ့်ပုံစံ အနေအထား၊ ကိုယ့်အဖေအမေလို အဖေအမေမျိုးနှင့်၊ ကိုယ့်မွေးချင်း ကိုယ့်နေရာ ကိုယ့် မိတ်ဆွေ၊ ကိုယ့်ဆရာ၊ ကိုယ့်ကျောင်း စသည်တို့ အပါအ၀င် တခြားတခြားသော အရည်အချင်းများတွင် တထေရာတည်း တူသည့် ပုဂ္ဂိုလ်မျိုးနှင့် တစ်ခုတည်း သော ရည်မှန်းချက်မျိုးအတွက် ယှဉ်ပြိုင်ခြင်းမျိုးပင် ဖြစ်ရလိမ့်မည်။
သို့သော် လောကမှာ အဲသည်လိုမျိုး ဖြစ်နိုင်ချေနည်းလွန်းသည်ဟု ဆိုပေမယ့် သေချာပေါက် တနည်းကတော့ ရှိသည်။ မိမိကိုယ်၌သာလျှင် မိမိ ပြိုင်ခြင်းပင်။ ကိုယ့်အရည်အချင်းကို ကိုယ်သာလျှင် ဆုံးဖြတ်အမှတ်ပေးရမည့် ပြိုင်ပွဲဖြစ်သည်။ အနည်းဆုံးတော့ Bodybuilding နှင့် ပတ်သက်လာလျှင် ကျွန်တော့်တို့မှာ နည်းလမ်းရှိပြီးဖြစ်သည်။ Bodybuilding Diary။ အီလီနွိုင်းစ် တက္ကသိုလ်မှ တွေ့ရှိချက်တစ်ခုအရ Fitness Diary ရေးဆွဲသူသည် ရာခိုင်နှုန်း ၂၀၀ ခန့် ကိုယ်ကာယတွင် ပိုတိုးတက်လာလိမ့်မည်ဟု တွေ့ရသည်။ သင့်မှာ မရှိသေးလျှင် ချက်ချင်း ရေးဖို့ ကျွန်တော် တိုက်တွန်းပါရစေ။ စာအုပ်ကို ဖြစ်သလို စာအုပ်မျိုးမဟုတ်ပဲ သားရည်ဖုံးနှင့် သပ်သပ်ရပ်ရပ် စာအုပ်တစ်အုပ်ဝယ်ပါ။ ခေါင်းစဉ် ရှေ့ဆုံးမှာ တပ်လိုက်ပါ။ Bodybuilding Diary။
ရေးတာ ဘာမှ မပင်ပန်း။ ကိုယ့်အတွက် အသုံးကျမည့် အရာများသာ မှတ်သားထားပါ။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ သို့သော် လှဖို့မလို။ အကျိုးရှိဖို့သာလိုသည်။ တစ်မျက်နှာကို တစ်ရက်စာ ရေးပါ။ စားသမျှကို မှတ်။ ကစားသမျှကို မှတ်။ ကိုယ့်နည်းကိုယ့်ဟန်နှင့် မှတ်။ ကျွန်တော်ဆို အလေးများကို ဘာဘယ်လ် တစ်ဖတ်တည်းတွင် ထည့်တာပဲ မှတ်သည်။ သို့မှသာ နောက်တစ်ကြိမ်ကျ လွယ်လွယ်ကူကူ ပြန်စဉ်လို့ရသည်။ ဘာလျော့နည်းသွားပလဲ။ အလေးတွန်းအားလျော့သွားလေသလား။ အချိန်ကြာသွားလေသလား။ ကိုယ့် တိုးတက်မှုကို ကိုယ်ပြန်စမ်းစစ်နိုင်သည်။ တနေရာရာ အားနည်းနေတာ တွေ့သွားလျှင် ချက်ချင်းပြန်ပြင်ဖို့ ကြိုးစားပါ။ ဘယ်အချိန်မှာ စားချိန်တွေက ခြားလွန်းသွားသလဲ။ ငါဘာစားလိုက်လို့ ဘယ်နေ့က အဆီ ပြန်တက်လာသလဲ။ အဲဒါတွေ စားလို့ မဖြစ်ဘူး။ ဒါ တိုးရမယ်။ ဟိုဟာ လျှော့ရမယ်။ အလေးချိန်နဲ့ ပတ်သက်လို့လည်း အလေးချိန်တဲ့စက်နဲ့ အကုန်လုံး လိုက်ချိန်နေတာကို ကျွန်တော် အားမပေး။ ခန့်မှန်းခြေနဲ့ဆိုလုံလောက်ပြီ။ လက်သီးဆုပ်တစ်ဆုပ်စာရှိလျှင် ၁၀၀ ဂရမ် ရှိပေလိမ့်မည်။ ကယ်လိုရီလည်း တွက်မနေပါနှင့်။ ကိုယ့်သွားနှုန်းအရ ကိုယ်သိလာပေလိမ့်မည်။ ကစားသည့်အခါတိုင်းတော့ ကိုယ်အလေးချိန်ချိန်ကြည့်တာ ကောင်းသည်။ ကိုယ့် ပေါင်ချိန်တွေ တက်လာလျှင် သည်စားသောက်နည်းမှာ ကာဗိုဟိုက်ဒရိက်များနေပြီ။ ကိုယ့်မှာ အားနည်းနေသလို ဖြစ်နေလျှင် ကာဗိုဟိုက်ဒရိက် ပိုတိုးရတော့မည်။ ပရိုတိန်းကရော? ကာဗိုဟိုက်ဒရိတ်ထက် သေချာပေါက်များရမည်ဖြစ်သည်။ များအောင် နည်းလမ်းရှာဖွေပါ။
ကိုယ်ဘယ်လေ့ကျင့်ခန်းမှာ ဘယ်နှကြိမ်လိုသွားသလဲ။ အားယုတ်သွားသလား။ အဆစ်နာသွားသလား။ စသဖြင့် ကိုယ့် တက်နှုန်းကို ကိုယ့် ဘာသာဖြစ်သလို မှတ်ပါ။ နောက်တစ်ချိန်ကျ သည်တစ်ချိန်ထက် ကောင်းကိုကောင်းရမည်ဟု ရည်မှန်းထားကာ ရေးပါ။ နောက်ထပ်ထပ် ဖြည့်နိုင်သည်များမှာ ကျွန်တော့်ထိုစာမျက်နှာများ ထိပ်ဆုံးမှာ ရေးထားသလို ရည်မှန်းချက်တစ်ခု၏ ဘယ်နှရက်မြောက်ကို ရောက်နေပြီ။ အဲသည့်စာမျက်နှာဆို ကျွန်တော်၏ ပေါင်ချိန်၁၉၀ထိ ချကြည့်ဖို့ စီစဉ်ကြည့်ခြင်း၏ ၃၇နှင့် ၃၈ ရက်မြောက်နေ့တွေ ဖြစ်သည်။ ကြွက်သား ကွာလတီ လျော့မသွားဘဲ ပေါင်ချိန် ဖြည်းဖြည်းချင်းလျော့အောင် စမ်းကြည့်ခြင်းဖြစ်သည်။ ထိုကဲ့သို့ကိုယ့်ကိုကိုယ်လည်း စိန်ခေါ်နိုင်သည်။ နောက်ပြီး ဓာတ်ပုံတွေနှင့် တလတခါ မှတ်တမ်းတင်ထားနိုင်လျှင်လည်း အလွန်ကောင်းသည်။ ကိုယ့်ဘာသာ အကောင်းဆုံး စမ်းဆစ်နိုင်သည်။ ထို Diary လေးကို ကိုယ့်ကို အမြဲထိန်းသိမ်းပေးနေသော Guide အဖြစ် အကျိုးရှိရှိအသုံးချပါ။ ကိုယ့်တိုးတက်မှုကို ကိုယ်ပြန်မြင်လာရမှာ မုချဖြစ်သည်။ ၎င်းမှသာ တကယ့် ယှဉ်ပြိုင်ခြင်း အစစ်ဖြစ်သည်။ ထိုနေရာတွင် ကိုယ်ရှုံးနေလျှင်တော့ ကိုယ်တကယ် အသုံးမကျ ညံ့ဖျင်းသည်ကို ကိုယ့်ဘာသာ ၀န်ခံလိုက်ပါတော့။
၃။ ယခုလည်း အောင်မြင်နိုင်ပါသည်
အမေရိကန် စီးပွားရေးသမားကြီးတစ်ဦးသည် ဆရာဝန်၏ ဆေးညွန်ကြားချက်အရ အနားယူရမည်ဆိုသောကြောင့် မက်ဆီကို ကမ်းခြေရွာလေးတစ်ရွာကို အလည်အပတ်ရောက်လာသည်။ သည်နေ့မနက် အမေရိကန် သူ့ရုံးခန်းက အရေးတကြီး ဖုန်းဆက်လိုက်တာကို ဖြေပြီးနောက် သူအိပ်လို့မရဖြစ်ပြီး ဆိပ်ခံတံတားဆီသို့ စိတ်ပြေလက်ပျောက် လျှောက်လာသည်။ တံငါသည်တစ်ယောက် လှေသေးသေးလေးလှော်ကာ ဆိုက်ကပ်လာသည်ကို အဲသည့်မှာ တွေ့သည်။ လှေထဲတွင် အ၀ါရောင် ဆူးတောင်နှင့် ငါးမည်းလုံးကြီးတွေများစွာ ပါလာသည်။ အမေရိကန်ကြီးက မက်ဆီကန်ရွာသားအား သူ့ငါးတွေရဲ့ အရည်အသွေး ကောင်းမွန်လှကြောင်းကို ချီးကျူးသည်။
“မင်း ဒီငါးတွေ ဖမ်းဖို့ ဘယ်လောက်ကြာလဲ?” အမေရိကန်က မေးသည်။
“ခဏပဲ ကြာတာပါ ခင်ဗျာ။” မက်ဆီကန်က အံ့အားသင့်လောက်အောင် ကောင်းမွန်သော အင်္ဂလိပ်စကားဖြင့် ပြန်ဖြေသည်။
“မင်း ဘာကြောင့် ကြာကြာနေပြီး ငါးတွေ ပိုမဖမ်းသလဲ?” အမေရိကန်က နောက်ထပ်မေးသည်။
“ကျွန်တော့်မှာ ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့နှင့် မိတ်ဆွေတချို့ကို နည်းနည်းမျှပေးဖို့လည်း လုံလောက်နေပြီပဲ။” ငါးတွေကို ခြင်းတောင်းတစ်တောင်းထဲ ထည့်ရင်း မက်ဆီကန်က ဖြေသည်။
“ဒါပေမယ့်…. မင်းရဲ့ ပိုနေတဲ့ အချိန် ဘာလုပ်သလဲကွ?”
မက်ဆီကန်က မော့ကြည့်ပြီး ပြုံးသည်။ “ကျွန်တော် နောက်ကျမှ အိပ်ရာဝင်တယ်။ ငါးနည်းနည်းလေးပဲ မျှားတယ်။ ကျွန်တော့်ကလေးတွေနဲ့ ကစားတယ်။ နေ့လယ်နေ့ခင်း ကျွန်တော့်မိန်းမ ဂျူလီယာနဲ့ အတူ တမှေးအိပ်တယ်။ ပြီးတဲ့နောက် ညနေခင်းတိုင်း ရွာထဲကို အေးအေးလူလူ လမ်းလျှောက်မယ်။ အဲဒီ့မှာ ကျွန်တော် ၀ိုင်လေး တငုံလောက်သောက်မယ်။ နောက်ပြီး ကျွန်တော့်ဘော်ဒါတွေနဲ့ ဂစ်တာတီးမယ်။ ကျွန်တော့်မှာ ပြည့်ဝနေတဲ့ ဘ၀တစ်ခုရှိနေပါပြီ။ ဆရာ။”
အမေရိကန်ကြီးက ရယ်သည်။ ပြီးတော့ ကိုယ်ကို မတ်လိုက်သည်။ “ဆရာသမား ငါက ဟားဗတ် တက္ကသိုလ်ကြီးက MBA ဘွဲ့ရကွ။ ငါမင်းကို ကူညီနိုင်ပါတယ်။ မင်းအနေနဲ့ ငါးကို ဒီထက်ပိုပြီး မျှားသင့်တယ်။ ပိုစုမိတဲ့ ပိုက်ဆံနဲ့ လှေကြီးကြီး ၀ယ်သင့်တယ်။ မကြာခင်မှာပဲ မင်းရဲ့ ဆတပိုး ကြိုးစားမှုကြောင့် မင်း လှေတွေ အများကြီး ၀ယ်နိုင်လာမယ်။ နောက်ဆုံးမှာ မင်းကိုယ်ပိုင် လှေသင်္ဘောစုကြီးကို ဖြစ်လာနိုင်တယ်ကွ။”
သူက ဆက်ပြောသည်။ “မင်းငါးတွေကို ကြားက ပွဲစားကတဆင့် ရောင်းမယ့်အစား စားသုံးသူတွေကို တိုက်ရိုက်ရောင်းကွာ။ နောက်ဆုံး မင်းရဲ့ စည်သွတ်ဘူးစက်ရုံတွေဘာတွေတောင် မင်းထောင်နိုင်လာမယ်။ မင်းရဲ့ ထုတ်ကုန်ကို ထိန်းချုပ်စီမံ၊ တိုးပွားအောင်လုပ်၊ ပြီး ဖြန့်ဖြူးရေးဈေးကွက်တွေဆင်း။ နောက်တော့လည်း မင်း ဒီတံငါရွာသေးသေးလေးထဲက ထွက်ဖို့လိုလာလိမ့်မယ်။ မက်ဆီကို မြို့တော်ကို သွား၊ အဲဒီကနေ လော့စ်အိန်ဂျလီ့စ်ကိုသွား၊ နောက်ဆုံး နယူးယောက်ကိုရောက်။ အဲသည့်မှာ မင်းရဲ့ ကျယ်ပြန့်လာတဲ့ စီးပွားရေးကြီးကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီကွ။
မက်ဆီကန် တံငါသည်က မေးသည်။ “ဒါပေမယ့် ဆရာ အဲဒါ ဘယ်လောက်လောက် ကြာဦးမလဲ?”
အမေရိကန်က ပြန်ဖြေသည် “၁၅နှစ်ကနေ အနှစ် ၂၀။ အလွန်ဆုံး ၂၅နှစ်ပေါ့ကွာ”
“ဒါမယ့် ပြီးရင်ကော။ ဆရာ?”
အမေရိကန်ကြီးက ရယ်သည်။ ပြီးတော့ ပြောသည်။“ဒီနေရာမှာ အကောင်းဆုံးလာပြီကွ။ အချိန်ကိုက်ပြီဆိုတာနဲ့ မင်းရဲ့ ကုမ္ပဏီကို ကြေညာပြိး ဈေးကွက်ကို ရောင်းပစ်။ အဲသည့်မှာ မင်းလုံးဝ ချမ်းသာလာပြီကွ။ မင်း ငွေသန်းပေါင်းများစွာ ဖန်တီးနိုင်ပြီကွ။”
“သန်းပေါင်းများစွာ…. ဟုတ်လားဆရာ? နောက်ပြီးတော့ရော?”
”အဲသည့်နောက် မင်း အနားယူနိုင်ပြီ။ မင်းကမ်းခြေရွှာလေးတစ်ရွာကိုလာ။ အဲသည်မှာ မင်း နောက်ကျမှ အိပ်ရာဝင်။ ငါးနည်းနည်းလေးပဲ မျှား။ မင်းကလေးတွေနဲ့ ကစား။ နေ့လယ်နေ့ခင်း မင်းမိန်းမ နဲ့ အတူ တမှေးအိပ်တယ်။ ပြီးတဲ့နောက် ညနေခင်းတိုင်း ရွာထဲကို အေးအေးလူလူ လမ်းလျှောက်။ အဲဒီ့မှာ ၀ိုင်လေး တငုံလောက်သောက်။ နောက်ပြီး မင်းဘော်ဒါတွေနဲ့ ဂစ်တာတီး…..”
ကျွန်တော်တို့ တန်ဖိုးအထားဆုံး အမြတ်နိုးဆုံးအရာများသည် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်သာ ရှိပါသည်။ တခြားသော ပုဂ္ဂိုလ်များနှင့် တခြားသော အဖွဲ့အစည်းကြီးများ၏ သွေးဆောင်မှုများကြောင့် တခါတရံ ထို တန်ဖိုးထားတဲ့ အရာများကို ကျွန်တော်တို့ မေ့လျော့သွားတတ်ကြသည်။ ကျွန်တော်ပတ်ဝန်းကျင်မှာ ရှိပြီးသားဖြစ်နေသည့် အောင်မြင်မှုများကို ခံစားရင်း ကျွန်တော်တို့ ၏ တခြားနောက်ထပ် ရည်မှန်းထားတာတွေဆီသို့ တရိပ်ရိပ် တက်လှမ်းသွားကြပါစို့။
“Happiness belongs only to a self-sufficient.” – Aristotle, philosopher
ကျေးဇူးတင်ပါသည် သူငယ်ချင်းတို့
Related posts:









ကြိုက်တယ်ဗျာ အမြဲတမ်း အားပေးလျက် ကြိုးစားပါ ကိုနိုင်ဝေ အောင်မြင်မှုတွေက ကိုနိုင်ဝေအတွက် လက်တစ်ကမ်းမှာပါ။အမိအရ ဆုပ်ကိုင်လိုက်ပါဗျာ
Thanks.. kawhmu
အကိုနိုင်ဝေင်း
တစ်ကယ်ပါဗျာ အခုအကိုရေးတာဖတ်ပြီး တစ်ကယ်ကို စိတ်တက်ကြွလာပါတယ်။ကျွန်တော် လူငယ်တစ်ယောက်ပါပဲ။ တစ်နေ့ တစ်နေ့ ယောင်ခြောက်ဆယ်နဲ့ပဲ ပြီးပြီးသွားတာများပါတယ်။ ကိုယ့်အလုပ်တွေကိုလည်း ကိုယ်တန်ဖိုးမထားမိဘူး။ ကြာတော့လည်း ဒီလိုနဲ့ပဲ နေသားကျလာတာပေါ့။ အခုအကိုရေးတဲ့ ဆောင်းပါးဖတ်မိမှ ပြန်သတိထားမိ ပါတယ်။ တစ်ကယ်ကို စိတ်တွေ ပြန်တက်ကြွလာတာပါ။
အထူးသဖြင့် နောက်ဆုံး တံငါသည် နဲ့ အမေရိကန်ကြီး ဇာတ်တိုလေးဖတ်မိတော့မှ ခေါင်းထဲမှာ တန်းစီအတွေးတွေ ဝင်လာပါတယ်။ အကိုပြောတဲ့ diary ကိုလည်းတစ်ကယ်ကို နှစ်သက်ပါတယ်။
အဲဒီအတွက် အကို့ကို တစ်ကယ့် တစ်ကယ့် ကို ကျေးဇူးတင်ပါတယ်။ စိတ်ရင်းနဲ့ကို ပြောတာပါ အကို။ စိတ်ကြွဆေးပြား တိုက်လိုက်သလိုပါပဲ။ တစ်ကယ်ပါပဲ အကိုရာ။
အကိုလည်း အောင်မြင်မှုတွေ ဒီထက်ပိုရစေ။ ဒီထက်ကောင်းတဲ့ အားတက်စရာ၊ မှတ်သားစရာ၊ ကာယနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးနိုင်ပါစေ ခင်ဗျာ။
ကျေးဇူးပါ ဝေယံ။ ကျွန်တော်လည်း အရမ်းကို ကျေနပ်မိပါတယ်။ နောင်ကိုလည်း အမြဲတမ်းဝင်ဖတ်မည့် ပရိသတ်တစ်ဦး တိုးပြီလို့လည်း ယူဆမိပါတယ်။
Yours,
Naingwai
Very nice, bro.
Write more personal posts like this! Very interesting!
har!!!!!!!!
ae yan lay sar par tal ko naing wai win.
Thank you very much Ko Zay Min.
Naing Wai
အရေးအသားတွေကလဲ ကောင်းတယ်ဗျာ။
အကိုရေ တန်ဖိုးမဖြတ်နိုင်တဲ့ ဆိုဒ်တစ်ခုပါပဲ။
ကျွန်တော့်အနေနဲ့ အရမ်းခရေဇီဖြစ်တဲ့အားကစားနည်းပါ
ဒါပေမယ့် ပြည်ပရောက်နေတဲ့သူတစ်ယောက်အနေနဲ့
မြန်မာလိုလေ့လာဖို့လက်လှမ်းမမှီနိုင်ဘူး ဖြစ်နေတယ် ။
နိုင်ငံခြားဆိုဒ်တွေက ဒီလိုပဲနီးစပ်ရာကိုလေ့လာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့လေ့
ကျင့်နေခဲ့တာ ကြာပါပြီ ။နားမလည်တာတွေကိုတော့ ကိုဇာလီတင်ကို ပဲမေးဖြစ်ပါတယ်။
ကျွန်တော့်ငယ်ဆရာဆိုလည်းမမှားဘူး အခုလိုင်းမှ ကာယဗလနဲ့ပါတ်သက်ပြီး အွန်လိုင်းမှာမြန်မာလို
လေ့လာလို့ရတဲ့ဆိုဒ်ကို ရှာနေတာနှစ်ပေါင်းကြာလှပါပြီ လွန်ခဲတဲ့တစ်လကျော်လောက်ကမှတွေ့ဖြစ်တာပါ။
ရေငတ်သူရေတွင်းထဲကျသွားသလိုပဲ ဒီနေမှအကုန်အစုံဖတ်ပြီးတော့တယ်အကိုရေ
အကိုတို့သူငယ်ချင်းသုံးယောက်လည်း ဒီထက်မက အစွမ်းကုန် ကြိုးစားထားတာတွေ အရာရောက်ပါစေခင်ဗျာ။
ကျေးဇူးပါပဲ Hk
ကျေးဇူးပါ Nay Myoo Aung Lan ကျွန်တော်တို့ မိသားစုဝင် တစ်ယောက် ထပ်တိုးတာပေါ့။
Yours,
Naing Wai
လေးစားပါတယ်…အကိုစာအရေးသားလည်းကောင်းတယ်…ဗဟုသုတလည်းတော်တော်ကြွယ်တယ်…လေးစားပါတယ်..အားပေးပါတယ်……
ကျေးဇူးပါ khunmin