Dec
1

ရဂ် ပက်ခ် ၂ နှစ်ပြည့် အမှတ်တရ (၁၉၂၈-၂၀၀၇)

Home > ကမ္ဘာ့သမိုင်းသို့ > ရဂ် ပက်ခ် ၂ နှစ်ပြည့် အမှတ်တရ (၁၉၂၈-၂၀၀၇)

လွန်ခဲ့သည့် နိုဝင်္ဘာ ၂၂ ရက်တွင် ရဂ် ပက်ခ် ဆုံးခဲ့တာ နှစ်နှစ်ပြည့်ခဲ့လေပြီ။

Reg Park!

၂၀၀၇ နိုဝင်္ဘာ ၂၂ရက်နေ့ ကြာသပတေးနေ့တွင် ကာယဗလ လောကြီးသည် တကယ့်အထင်ကရ ပုဂ္ဂိုလ်ကြီး ရဂ်ပက်ခ်ဆုံးပြီဆိုသော သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူသည် အသက် ၇၀ ရှိပြီဖြစ်သည်။

သူ့မိသားစုသည် ရဂ် မှာ အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် (metastatic melanoma) ခံစားနေရသည်ကို လအနည်းငယ်လောက်မှ သိထားရသည်ဖြစ်သည်။

ကယ်လီဖိုးနီးယား မြို့တော်ဝန် အာနိုး ရွှာဇီနက်ဂါးသည် သူ၏ ဆရာဆိုလည်းဟုတ်၊ သူ့ဘ၀ ကောင်းရာညွှန်ရာကို လမ်းညွှန်ပြပေးသူလည်းဟုတ် ဆိုသည့်အတွက် သူအလွန် ၀မ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “သူသည် ကျွန်တော့်အတွက် ဒုတိယ အဖေလိုပါပဲ။” အာနိုးပြောခဲ့သည်။ “သူသည် ကျွန်တော် မောင်စကြာဝဠာဖြစ်အောင် ကြိုးစားစေပြီး အမေရိကကို လာကာ ရုပ်ရှင်ရိုက်စေသော အကြောင်းပြချက်ဖြစ်သည်။”

Dave Draper, Reg Park and Arnold

ရဂ်ပက်ခ်သည် ဗြိတိန်၏ အကောင်းဆုံး မောင်တစ်ယောက်ဖြစ်သည်။ သူသည် အလွန်လှသော ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ရုံမက  မယုံကြည်နိုင်လောက်စရာ ဘ၀တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ သူကြောင့် မရေမတွက်နိုင်လောက်အောင် တစ်ကမ္ဘာလုံးက လူငယ်များသည် Bodybuilding Lifestyle ကို ရွေးချယ်လာအောင် အားကျခဲ့ကြသည်။ ထိုအထဲတွင် ကမ္ဘာ့အကျော်ကြားဆုံး ကာယဗလမောင်တစ်ယောက်လည်း ပါဝင်သည်။ အာနိုး ရွှာဇီနက်ဂါး။

ရဂ်သည် လီဒ်မြို့တွင် ၁၉၂၈ ဂျွန်လ ၇ ရက်နေ့၌ မွေးဖွားခဲ့သည်။ သူသည် သူမှာ့ အားကျစရာ ကိုယ်အစိတ်အပိုင်း ကြွက်သားများမရှိဟု အမြဲတမ်းဝန်ခံခဲ့သည်။ သို့သော် သူ့အသက် ၁၇နှစ် လောက်မှာ အလေးတွေနှင့် စတင်တွေ့ထိလိုက်ကတည်းက အရာအားလုံးသည် ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားခဲ့သည်။

Herculian Reg Park
အလွန်အခြေခံကျသည့် လေ့ကျင့်ခန်းတွေချည်းနှင့် တစ်နှစ်လောက်လေ့ကျင့်အပြီးမှာ ရဂ်သည် စစ်ထဲဝင်ခဲ့ပြီး ကိုယ်ကာယလေ့ကျင့်မှု နည်းပြတစ်ယောက်ဖြစ်ခဲ့သည်။ သူသည် မာလာရာ မှာ တာဝန်ထမ်းခဲ့ပြီး ၁၉၄၈တွင် အင်္ဂလန်သို့ ပြန်လာခဲ့သည်။ ထိုနှစ်မှာပဲ ရဂ်သည် သူ၏ ပထမဆုံး မောင်စကြာဝဠာပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပြီး ဆရာကြီး ဂျွန်ဂရီးမက် ဘွဲ့ကို ‘မ’ သွားတာကို ကြည့်ပြီး ဘ၀င်ခိုက်ကျန်ခဲ့သည်။

ဂရီးမက်ကို အားကျပြီးသည့်နောက်တွင် သူသည် အစွန်းရောက်အောင်ကို ရက်ရက်စက်စက် လေ့ကျင့်တော့သည်။ နောက်တစ်နှစ်တွင် သူသည် သူ့ပေါင်ချိန်ကို ၁၈၀ ပေါင်မှ ၂၂၅ ပေါင်အထိ တင်နိုင်ခဲ့သည်။ အဲသည့် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကြောင် ရဂ်သည် ၁၉၄၉ မောင်ဗြိတိန်ဆုကိုရခဲ့ပြီး နောက်နှစ် မောင်စကြာဝဠာအတွက် ရည်မှန်းထားခဲ့သည်။

အဲသည့်ပြိုင်ပွဲအတွက် ပြင်ဆင်ခြင်းတွင် အမေရိက၏ အကြီးကျယ်ဆုံး မောင်များဖြစ်သည့် စတီးရိဗ်၊ အလန် စတီဖင်း၊ ဂျက်ဒီလင်ဂျာ၊နှင့် မာဗင် အက်ဒါ(သူသည် ကမ္ဘာ့အသန်ဆုံး ဆယ်ကျော်သက်အဖြစ် စာရင်းသွင်းခြင်းခံရသည်။) စသူတို့နှင့် ခြောက်လလောက် တွဲလေ့ကျင့်ကစားခြင်းလည်း ပါဝင်ခဲ့သည်။

မကြာမီတွင် ရဂ်သည် လေ့ကျင့်နည်းစနစ်အသစ်တွေနှင့် လေ့ကျင့်ခဲ့ပြီး အဆိုပါ မောင်များနှင့် ဆွေးနွေးရာမှ သိရှိခဲ့သည့် စားသောက်နည်းစနစ်တွေဖြင့် အသစ်ပြင်ဆင်ပြောင်းလဲခဲ့သည်။ အထူးသဖြင် မာဗင် အက်ဒါသည် သူ့ကို ထုကြီးလာအောင် ခွန်အားပြု လေ့ကျင့်နည်းစနစ် တွေနှင့် မိတ်ဆက်ပေးခဲ့သည်။ ရဂ်သည် ဂျိုးဝီဒါ၏ အားပေးမှုကို ရရှိခဲ့ပြီး မာဆယ် ဗီလ်ဒါ မဂ္ဂဇင်းတွင် မကြာမီ ဖော်ပြမိတ်ဆက်ပေးခြင်းခံခဲ့ရသည်။

သူသည် အင်္ဂလန်သို့ပြန်သွားပြီး ၁၉၅၀ မောင်စကြာဝဠာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အချိန်တိုင်း၏ အကောင်းဆုံး မောင်ဖြစ်သည့် စတီးရိဗ်ကို ကပ်ရှုံးခဲ့ပြီး ဒုတိယရခဲ့သည်။

ရဂ် နောက်နှစ်တွင် လန်ဒန်သို့ပြန်လာခဲ့ပြီး ပထမဆုံး ဗြိတိန်နိုင်ငံသားအနေနှင့် မောင်စကြာဝဠာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ဧည့်သည် သရုပ်ဆောင်အဖြစ်သွားရောက်ပြရတိုင်း အံ့သြစရာ ခွန်အားကောင်းမောင်းသန်ဖြစ်ပုံကို မကြာခဏဖော်ပြခဲ့သည်။ ၁၉၅၀ကို ပြန်သွားကြည့်လျှင် သူသည် ပုံမှန်အားဖြင့် တစ်ဖက် ၁၈၅ပေါင် ဒမ်ဘယ်များဖြင့် ခုံစောင်းအိပ်ရင်ဘတ်တွန်း သို့မဟုတ် ပက်လက်အိပ်ရင်ဘတ်တွန်းတို့ကစားခဲ့ပြီး ခေါင်းနောက်ထားဆုံတွန်းကို ပေါင် သုံးရာဖြင့်ကစားခဲ့သည်။ ပြီးတော့ ပေါင်တစ်ရာ ဒမ်ဘယ်နှစ်ခုဖြင့်လည်း လက်မောင်းရှေ့သားကွေးလည်း ကစားခဲ့သေးသည်။

၁၉၅၂ခုနှစ်တွင် ရဂ်သည် တောင်အာဖရိကမှ ချောမောလှပသော ဘဲကလေးကချေသည်တစ်ဦးဖြစ်သည့် မာရီရွန် အိုင်စက်ကို လက်ထပ်ခဲ့သည်။ နောက်နှစ်များမှာ သူသည် သူ၏လစဉ်မဂ္ဂဇင်း ‘ရဂ် ပါခ် ဂျာနယ်’ ပေါ်မှာသာ အာရုံထားခဲ့သည်။ ထိုမဂ္ဂဇင်းသည် တစ်ချိန်က တစ်လတည်းကို စောင်ရေ လေးသောင်းထိ ရောင်းရဖူးသည်µ။

၁၉၅၈တွင် ရဂ်သည် မောင်စကြာဝဠာဘွဲ့ကို တစ်ကြိမ် ထပ်ဆွတ်ခူးပြန်သည်။ ထို့နောက် သူနှင့် မာရီရွန်သည် တောင်အာဖရိက က ဂျိုဟန်နက်စ်ဘားဂ်ကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အဲသည်မှာ သူတို့ လေ့ကျင့်ရုံတွေကို ရုံခွဲတွေနှင့် အတွဲလိုက် စီးပွားရေးတွေလုပ်ခဲ့သည်။

၁၉၆၀တွင် ရဂ်သည် အီတလီတွင် ရိုက်သည့် ဟာကျူလီအမျိုးအစား ဇာတ်ကားခြောက်ကားတွင် သရုပ်ဆောင်ခဲ့သည်။ သို့သော် သူ့အရင် စတီးရိဗ်နှင့် မတူသည့်အတွက် ထုတ်ဝေသူများက သူ့ကြွက်သားထုထည် လျှော့ရန် အတင်းတိုက်တွန်းသော်လည်း ရဂ်ပတ်ခ်က လက်မခံပဲ ထုံးစံအတိုင်း ကြွက်သားကြီး ထုကြီးနှင့် ဆက်ရိုက်ခဲ့သည်။

ယနေ့ခေတ်မှာ ထိုကဲ့သို့ ဇာတ်ကားများမှာ ဖန်တရာထေနေပြီဖြစ်သော်လည်း မြင်ကွင်းကျယ်ကြီးပေါ် ရဂ်ပတ်ခ်၏ ပုံရိပ်သည် ကမ္ဘာအ၀န်းက လူငယ်လေးများကို ကာယဗလလိုက်စားစေခဲ့သည်။

၁၉၆၀ပြည့်နှစ်များတွင် ရဂ်ပတ်ခ်သည် ဗြိတိန်၏ ရှိသမျှ မောင်များနှင့် ယှဉ်ကြည့်လျှင် ဘုရင်တစ်ဆူဖြစ်ခဲ့သည်။ နောက်နှစ်များတွင် သူသည် သမိုင်းဝင် မောင်တစ်ယောက်ဖြစ်လာသည်။ သို့သော် သူ့စိတ်တွင် နောက်ထပ် မောင်စကြာဝဠာဆုတစ်ဆုကျန်နေသေးသည်။ ၁၉၆၅တွင် သူသည် လန်ဒန်ကို တစ်ခါထပ်သွားခဲ့ပြီး ထိုဘွဲ့ကို လွယ်လွယ်လေးပင်ရနိုင်ခဲ့သည်။

သူပြိုင်ပွဲမပြိုင်တော့သည့် နောက်ပိုင်းအချိန်များတွင် မောင်တောင်အာဖရိက ပြိုင်ပွဲအတွက် နှစ်စဉ် စပွန်ဆာ ပေးခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးကာယဗလမောင်များကို ဧည့်သည်ကိုယ်ဟန်ပြညှစ်ခိုင်းရန်လည်း နှစ်စဉ်ခေါ်ခဲ့သည်။ သူသည် မောင်စကြာဝဠာ ဘီလ်ပါးလ်လိုပုဂ္ဂိုလ်မျိုးကို ဖိတ်ခေါ်ခဲ့သည်။  ကမ္ဘာ့ပထမဆုံး မောင်အိုလံပီယာ လယ်ရီစကော့ထ်ကိုလည်း ဖိတ်ခေါ်ခဲ့သည်။ သို့သော် ပါခ်ရဲ့ ရက်ရောလှသော ဖိတ်ခေါ်မှုကို နှစ်နှစ်ခြိုက်ခြိုက်လက်ခံမည့် အထူးစပယ်ရှယ် ဧည့်သည်တစ်ယောက်ရှိသည်µ။

အာနိုးရွှာဇီနက်ဂါးသည် သူ၏ ပထမဆုံး မောင်စကြာဝဠာပြိုင်ပွဲတွင် ချက်ရော်တန်ကိုတောင် ရှုံးခဲ့သည်။ သို့သော် သူ၏ သူရဲကောင်းကြီး ရဂ် ပါခ်ကို တွေ့ဖို့ မစောင့်နိုင်တော့ပါ။ ရဂ်သည် အာနိုးကို တွေ့တွေ့ချင်း ချက်ချင်းသိလိုက်ရသည်မှာ  သူသည် ကာယဗလကစားသမားအားလုံးထဲတွင် အအောင်မြင်ဆုံးဖြစ်လာလိမ့်မည့် စိတ်အားထက်သန်မှုမျိုးရှိနေသည် ဆိုသည့်အချက်ပင်ဖြစ်သည်။ နောက်ဆုံးတွင် ရဂ်သည် သူ့ကို တောင်အာဖရိကသို့ ဧည့်သည် ကိုယ်ဟန်ပြသူအဖြစ် ခေါ်သွားခဲ့ပြီး နှစ်ယောက်သား အတူတကွ လေ့ကျင့်ခဲ့ကြတော့သည်။

“Other than my parents, there may be no single person who had more to do with me becoming the person I am today than Reg.  I first saw him on the cover of a muscle magazine when I was kid in Austria in 1962.  The photo was Reg in his Hercules film role, and I wanted to be just like him.” _ Arnold Schwarzenegger

“ကျွန်တော့်မိဘများပြီးလျှင် ကျွန်တော်ယခုဖြစ်နေသော ကျွန်တော်ဖြစ်လာအောင် ပြုလုပ်ပေးခဲ့သူဟူ၍ ရဂ်ပါခ် လွဲပြီး ဘယ်သူမှ မရှိပါ။ ၁၉၆၂ခုနှစ်မှာ ကျွန်တော် သြစတီးယားမှာ ကလေးဘ၀လေးသာရှိတုန်းက ကြွက်သားမဂ္ဂဇင်းတစ်ခု မျက်နှာဖုံးမှာ သူ့ကို ပထမဆုံးစတွေ့ဖူးတာပါ။ ပုံက သူ ဟာကျူလီဇာတ်ကားမှာ ရိုက်ထားတဲ့ပုံပါ။ ကျွန်တော်သူ့လို အရမ်းဖြစ်ချင်ခဲ့ပါသည်။” – အာနိုး ရွှာဇီနက်ဂါး။

Arnold's Reg!

ဖြစ်ချင်တော့ ၁၉၇၀ မောင်စကြာဝဠာပြိုင်ပွဲတွင် အာနိုးသည် သူ၏ လူစွမ်းကောင်းကြီး ရဂ် ပါခ်ကို တကယ်ပင် နိုင်ခဲ့သည်။ ရဂ်က ဒုတိယနှင့် ဒေ့ဖ် ဒရေပါက တတိယဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အပြီးမှာ အဆုံးသတ်ကြ၏။ ထိုစဉ်က အာနိုးသည် ၂၃နှစ် ရှိပြီး ရဂ်က ၄၂နှစ်ရှိပြီဖြစ်သည်။

၁၉၇၁ (တစ်နှစ်ကြာသည့်အခါ) ဘီလ်ပါးသည် တစ်ကမ္ဘာလုံးက Professional bodybuilders အားလုံးကို စိန်ခေါ်ခဲ့ပြီး မောင်စကြာဝဠာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။ အံ့သြစရာ ဆာဂျီယိုကြီးက ဒုတိယနှင့် ရဂ်ပါခ်က တတိယရခဲ့သည်။ အာနိုးသည် ထိုပွဲအတွက် ပြင်ဆင်ထားသော်လည်း သူ့ကို ယှဉ်ပြိုင်ခွင့်မှ နှုတ်ပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် IFBB ဆက်သွယ်ခဲ့၍ဖြစ်သည်။ (ထိုမောင်စကြာဝဠာသည် NABBA မှ လုပ်သောပွဲများဖြစ်သည်။)

နှစ်နှစ်ကြာသည့်အခါ ရဂ်ပါခ်သည် နောက်တစ်ကြိမ်ဆက်ပြိုင်ခဲ့သည်။ ၁၉၇၃ လန်ဒန်မှာ ကျင်းပသည့် မောင်စကြာဝဠာ အရပ်မြင့်တန်းတွင် ဒုတိယရခဲ့သည်။

ရဂ်ပါခ်သည် သူ့ချစ်ဇနီး မာရီရွန်၊ သမီး ဂျူးနက်စီနှင့် သားလေး ဂျွန်ဂျွန် တို့နှင့် အတူ ထာဝရရှင်သန်နေပါသည်။

ရဂ်ပါခ်၏ ပြိုင်ပွဲများ

၁၉၄၆ မောင်ဗြိတိန် စတုတ္ထ
၁၉၄၉ မောင်ဗြိတိန် ပထမ
၁၉၅၀ မောင်စကြာဝဠာ ဒုတိယ
၁၉၅၁ မောင်စကြာဝဠာ ပထမ
၁၉၅၈ မောင်စကြာဝဠာ ပထမ
၁၉၆၅ မောင်စကြာဝဠာ ပထမ
၁၉၇၀ မောင်စကြာဝဠာ ဒုတိယ
၁၉၇၁ မောင်စကြာဝဠာ တတိယ
၁၉၇၃ မောင်စကြာဝဠာ ဒုတိယ (အရပ်မြင့်တန်းတွင်)

သူ၏အားကစားမှာ နှစ်ပေါင်း ၂၄နှစ်လောက် ထိပ်ဆုံးမှာဘဲရှိခဲ့တာတောင်မှ (၁၉၄၉ မှ ၁၉၇၃) ရဂ်ပါခ်သည် ခွန်အားကြီးမားသော ကြွက်သားများနှင့် လူသားတစ်ဦးထက် အများကြီးပိုပါသည်။ သူသည် သူရဲကောင်းတစ်ဦး၊ အားကျအတုယူစရာ ခေါင်းဆောင်တစ်ဦး၊ မဂ္ဂဇင်း တည်ထောင်ထုတ်ဝေသူတစ်ဦး၊ လေ့ကျင့်မှုနည်းပြတစ်ဦး၊ ဟာကျူလီမင်းသား နှင့် Bodybuilding အတွက် အပြည့်စုံဆုံး စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ကျွန်တော်တို့ သူလိုလူမျိုး နောက်ထပ်ဘယ်တော့မှ မတွေ့နိုင်တော့ပါ။

Related posts:

  1. အဆင့်မကျော်ပါနဲ့
  2. အမှတ်တရ ရှိလျှက်ပါ ဘင်ဝီဒါ
  3. ကျောက်ဘီလူးနှင့် ရှောင်ရေး
  4. ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်
  5. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (နောက်ဆုံးပိုင်း)