နိုင်ဦးအကြောင်း
ကာယဗလ အရူးတစ်ယောက်(သို့ မဟုတ်) နိုင်ဦး အကြောင်း
သားကြီးလာလျှင် ဘာလုပ်မလဲဟု ကလေးတစ်ယောက်ကို မေးကြည့်ပါက ထိုကလေးသည် အနည်းငယ်စဉ်းစားပြီး နောက် သူ့ အိမ်မှ လူကြီးများ သင်ပေးထားသည့် အတိုင်းဆရာဝန် သို့ မဟုတ် အင်ဂျင်နီယာကြီး ဖြစ်ချင်သည်ဟု အဖြေပေးပေလိမ့်မည်။ သို့ သော် ကျွန်တော် ငယ်ငယ်က လူကြီးများက သားကြီးလာလျှင် ဘာဖြစ်ချင်သလဲဟု မေးလာတိုင်း မဆိုင်းမတွ သားအာနိုးကြီးဖြစ်ချင်တယ်ဟု ဖြေလေ့ရှိသည်။
အဖေက ကျွန်တော့်ကို ပညာရေး၊ စီးပွားရေးနယ်ပယ်များမှာ အောင်မြင်စေချင်သည်၊၊ အကြီးဆုံးသားမို့ အားကိုးသည် ထင်ပါသည်။ ကျွန်တော် ဆယ်တန်းအောင်ပြီးနောက် အဖေက သူ့ ညီတစ်ဦး ပိုင်ဆိုင်သော ပုံနှိပ်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်စေကာ ဘ၀အတွက် ပြင်ဆင်ပေးခဲ့သည်။ ထိုအချိန်မှာ ကျွန်တော့်ဝါသနာပိုးက တစ်စခန်း ထလာပြန် သည်။ မြို့ လယ်ခေါင်တွင် မောင်မြန်မာဦးသာအောင်၏ လူငယ်ရိပ်သာ အလေးမရုံရိုခဲ့သည်။ ထိုသင်တန်းတွင် ကျွန်တော့်သူငယ်ချင်းများက လေ့ကျင့်သောကြောင့် သူတို့ ကို အားကျပြီး ကစားချင်ခဲ့သည်။ သို့ သော် အခြေအနေမပေးခဲ့ပေ။
2005-ခုနှစ်တွင် ကျွန်တော်သည် အင်တာနက်ကို စတင်ပြီးသုံးသောကြောင့် ဆရာ ကျောက်ဘီးလူတင်မောင်ဆွေ၏ ကာယဗလစာအုပ်များ တွင်ပါသော ပရော်ဖက်ရှင်နယ် ကာယဗလသမားများ၏ အမည်ကို အင်တာနက်တွင် စတင်ရှာခဲ့သည်။ အဲဒီကစပြီး ကျွန်တော်၏ ၀ါသနာက အတိုင်းထက် အလွန် ကျွန်တော့်ကို ဒုက္ခ ပေးလာခဲ့သည်။ ဒါကြောင့် အဖေ့ နားဝင်အောင် ရှင်းပြီး ကျွန်တော် ကာယဗလကို ရန်ကုန် မြို့ တော် စည်ပင်အားကစားဝင်းတွင် စတင် လေ့ကျင့်ခဲ့ပေသည်။ ကျွန်တော်၏ကာယဗလ လက်ဦးဆရာမှာ မောင်မြန်မာအောင်ခိုင်ဝင်း ဖြစ်သည်။ ဆရာ့အကူအညီနှင့် ကျွန်တော်ကာယဗလ လမ်းကြောင်း ပေါ် ရောက်ခဲ့ပါသည်။ ထိုအချိန်မှာပင် အခြေအနေအကြောင်းကြောင့် ကျွန်တော် ပုံနှိပ်လောကမှ ထွက်ပြီး လမ်းဘေး ဈေးရောင်း ခဲ့ပါသည်။ အဲဒါကပင် ကျွန်တော့်ကို ပိုမိုလွတ်လပ်စေကာ ကျွန်တော် ၀ါသနာပါသော အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နိုင်ခဲ့သည်။
ဆရာက ကျွန်တော့်ကို သူ၏ကိုယ်ပိုင် GOLD’S GYM တွင် နည်းပြလုပ်စေခဲ့သောကြောင့် ကျွန်တော်သည် ကာယဗလသမားများ၏ လိုအပ်ချက်များကို ပိုမိုသိရှိလာပြီး၊ သူတို့ ၏အခက်အခဲများကို ကူညီရန် ကျွန်တော် အင်တာနက်ကို ပိုမိုအသုံးပြုပြီး ကူညီပေးခဲ့ရသည်။ ထိုအချိန်မှစပြီး ကျွန်တော်သည် နာမည်ကျော် ကာယဗလနည်းပြများ၏ ဆိုက်တိုင်းတွင် member ပြုလုပ်ပြီး၊ သိချင်သည်များကို မေးမြန်းခဲ့သည်။ ထို့ အပြင် နာမည်ကျော် ကာယဗလမဂ္ဂဇင်းများ ၊စာအုပ်များ၊ ဆောင်းပါးများကိုလည်း ရနိုင်သလောက် များများ စုဆောင်းခဲ့သည်။ ထို့ ထက် တစ်ဆင့်တက်ပြီး လေ့ကျင်နည်း ဗီဒီယိုအခွေများ ပြိုင်ပွဲအခွေများကိုလည်း အင်တာနက်မှ ကူးယူနိုင်သမျှ ကူးယူခဲ့သည်။ ထို့ နောက် ၎င်းတို့ ကို ပြည်တွင်းတွင် အဖိုးနှုန်း သက်သာစွာဖြင့် မြန်မာကာယဗလသမားများ ဗဟုသုတရစေရန် ရောင်းချပေးခဲ့သည်။
တဖန် အမျိုးသမီးများအတွက် လေ့ကျင်နည်းများနှင့် အဆီချလေ့ကျင်ခန်းများကိုလည်း လေ့လာခဲ့ကာ သင်တန်းတွင် ပို့ ချပေးခဲ့သည်။ ကျန်းမာပျော်ရွင်သော လူမူဘ၀တစ်ခုအတွက် လိုအပ်ချက်များစွာရှိသည်ကို ကျွန်တော် သိလာသည်နှင့် တပြိုင်နက် အားလုံးကို ကူညီနိုင်ရန် ကျွန်တော်ကြိုးစားခဲ့သည်။ အမျိုးသားများအတွက်လည်း စွမ်းဆောင်နိုင်သူများဖြစ်စေရန် sexual tips များကိုလည်း အမေရိကန်ပါရဂူများနှင့် ဆက်သွယ်ကာ တတ်နိုင်သလောက် ကူညီပေးရပြန်ပါသည်။ တစ်ဖက်က မိသားစုအရေးများအတွက် ကြိုးစားရှာဖွေရ၊ တစ်ဖက်ကလည်း ကာယဗလလမ်းကြောင်းပေါ်မှ လူများကိုလည်း အတတ်နိုင်ဆုံးကူညီရ နှင့် ကျွန်တော် အလွန်ပင်ပန်းပါသည်။ ဒါပေမဲ့ ကျွန်တော်ပျော်ပါသည်။ ကျွန်တော် ချစ်သော ကာယဗလအတွက် ကျွန်တော် အပင်ပန်းခံနိုင်ပါသည်။ ကျွန်တော် အားမရနိုင်ခဲ့ပါ။ ကျွန်တော်သိသမျှကို ကျွန်တော့် သင်တန်းသားများသာမက၊ အားလုံးကို သိစေချင်ပါသည်။ ဒါ့ကြောင့် ကျွန်တော်ဆောင်းပါးများ ရေးရန်း အားကစားဂျာနယ်များနှင့် ဆက်သွယ်ခဲ့ပါသည်။ ဂျာနယ်အားလုံးက ဘောလုံးနှင့် ပတ်သက်လျှင် ၀မ်းပန်းတသာ ကြိုဆိုကြသော်လည်း ကာယဗဆိုသည်နှင့် ကော်လံမဆန့် လို့ နောက်တော့ ဆက်သွယ်ပေးပါမည်ဟု ပြောကာ ငြင်းလိုက်ကြသည်။ ကျွန်တော်တို့  မြန်မာနိုင်ငံတွင် ယခုလက်ရှိ ကာယဗလ၊ ကာယအလှနှင့် ပက်သက်ပြီး စာအုပ်၊ ဂျာနယ် ရယ်လို့ လုံးဝမရှိပါ။ ဒါကတော့ အကြီးဆုံးသော အားနည်းချက်လို့ ထင်ပါသည်။ ဆောင်းပါးရေးကာ အသိပညာဖြန့် ဖြူးချင်သော ကျွန်တော်စိတ်မှာ အတော်ကြီးခံစားရပါသည်။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒ များအတွက်လမ်းကြောင်း ပွင့်လာပြန်ပါပြီ။
2009-ခုနှစ် ပြည်နယ်နှင့် တိုင်း ကာယဗလပြိုင်ပွဲတွင် ကျွန်တော့်သူငယ်ချင်း ကိုနိုင်ေ၀၀င်းနှင့်တွေ့ ပြီး သူက ၀ဘ်ဆိုက်ထောင်ထားကြောင်း ၊သူ့ ဆိုက်တွင် ကျွန်တော့်ကို ဆောင်းပါးများရေးရန် ကျွန်တော်ကို ဖိတ်ခေါ်ပါသည်။ ၀ါသနာတူသူ ကျွန်တော်တို့  သူငယ်ချင်းနှစ်ယောက် ပေါင်းပြီး အိပ်မက်တစ်ခုကို မက်နေကြပါသည်။ အဲဒီအိပ်မက်ကတော့ မြန်မာ့ကာယဗလလောကကိုကမ္ဘာ နှင့် ရင်ဘောင်တန်းရန်၊ အဆင့်အတန်းမြင့်မြင့်၊ နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ် ကာယဗလမောင်များ ပေါ်ထွက်လာစေရန်၊ မြန်မာပြည်သူအားလုံး ကျန်းမာ ကြံ့ခိုင်ကြစေရန်နှင့် ကျန်းမာရေးဗဟုသုတများ ပြည့်ဝစေရန်တို့ ဖြစ်သည်။
အဲဒီအိပ်မက်အတွက် ကျွန်တော်တို့  ကြိုးစားနေ ကြပါသည်။ တစ်နေ့ တော့ ကျွန်တော်တို့  အိပ်မက်များ အကောင်အထည် ပေါ်လာမည်ဟု မလွဲမသွေ ယုံကြည်မိပါသည်။ တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏ ဟူသော စကားအရ မြန်မာ့ကာယဗလလောက တိုးတက်စေရန် ပါဝင်လိုသူ မည်သူကိုမဆို ကျွန်တော်တို့  ၀ဘ်ဆိုက်မှ နွေးထွေးစွာ ကြိုဆိုပါသည်။
ကျွန်တော့်အကြောင်းအကျဉ်းချုပ်——–
အမည်                              -နိုင်ဦး
ကလောင်အမည်                 -နိုင်ဦး—–119
နေရပ်                              -အမှတ်- (28)၊ 119-လမ်း၊မင်္ဂလာတောင်ညွန့် မြို့ နယ်၊ရန်ကုန်။
အလုပ်အကိုင်                     -ဈေးရောင်း ၊အချိန်ပိုင်းနည်းပြ (Gold’s Gym)၊ ဆောင်းပါးရေး။
ဆက်သွယ်ရန်                     -အီးမေလ်း—intensemuscle@gmail.com
ပညာအရည်အချင်း              -B.A English
ကျွန်တော်အကြိုက်ဆုံး           -ရှောင်ရေး  ၊ဖီလ်းဟိသ်
ကာယဗလမောင်                  မောင်မြန်မာအောင်ခိုင်ဝင်း(ကျွန်တော့်လက်ဦးဆရာ)
ကျွန်တော်အလေးစားဆုံးသူ———————ဂျိုးဝီဒါ
ကျွန်တော်အကြိုက်ဆုံး GYM——————–GOLD’S GYM
ကျွန်တော်အကြိုက်ဆုံးစာအုပ်——————-Vince Gironda’s Legend and Myth
ကျွန်တော်လေ့ကျင့်ရတာ
အကြိုက်ဆုံးအစိတ်အပိုင်း ————————နောက်ကျောဝင်းကြွက်သား
ကျွန်တော့် အခြားဝါသနာ                           -အတိုက်အခိုက်ပညာ
ကျွန်တော် အကြိုက်ဆုံးနည်းပြ                     -Charles Glass
ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒ                     -ကာယဗလလောကတွင်အအောင်မြင်ဆုံးသူ