Apr
24

“မြင်ပါ၊ ရယူပါ” – အာနိုးရွှာဇီနက်ဂါး

Home > motivation, ကမ္ဘာ့သမိုင်းသို့ > “မြင်ပါ၊ ရယူပါ” – အာနိုးရွှာဇီနက်ဂါး

“ကျွန်တော်သည် ကွဲပြားခြားနားချင်သည်။ ကျွန်တော်သည် အောင်မြင်ချင်သည်။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျော်ကြားချင်သည်။ လောကကြီးအပေါ်  ကောင်းကျိုးတစ်ခုခုတော့ သက်ရောက်သွားချင်သည်။ ဟူ၍ ကျွန်တော့်အတွင်းစိတ်ထဲမှာ အမြဲတမ်းစွဲမြဲနေသည်။ အဲသည့်ဆန္ဒတွေ ဘယ်က ရောက်လာသလဲ? ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်မှာ သြစတီးယား ရွာတစ်ရွာမှာ ယိုင်တိယိုင်တိုင် ကြီးပြင်းလာခဲ့လို့လား? ရှိတဲ့ အစ်ကိုတစ်ယောက်နဲ့ ပြိုင်ရမယ်လို့ အမြဲတမ်းခံစားနေရတဲ့ ဒုတိယမြောက် သားဖြစ်ခဲ့လို့လား? ကျွန်တော့်မိဘတွေ အထင်ကြီးအောင်လို့လား? ရိုးရိုးသားသားဆိုရလျှင် ကျွန်တော် မသိပါ။ တကယ်တော့လည်း အကြောင်းပြချက်သည် ဘာမှ အရေးမကြီးသလောက်ပင်။ တကယ်အရေးကြီးဆုံးမှာ ကျွန်တော်သိသိသာသာကြီး ပြောင်းလဲသွားရတဲ့ မျိုးစေ့တစ်စေ့ကတော့ ရှိကိုရှိရမည်ဟုသာ။ ထို့ကြောင့်သာလျှင် ကျွန်တော်သည် မှန်ကန်တဲ့ လမ်းစဉ်ကို လိုက်နာသွားရခြင်းဖြစ်သည်။

၁၉၆၂ခုနှစ် ကျွန်တော့် အသက် ၁၄နှစ်မှာ ဂျိုးဝီဒါရဲ့ Muscle Builder/Power မဂ္ဂဇင်းကို ပထမဆုံးစ မြင်ဖူးခဲ့သည်။ အဲသည့်မှာ  ရုပ်ရှင်မင်းသားကျော်ကြီး မဖြစ်ခင်က မောင်စကြာဝဠာကြီး ရခ်ပက်ခ် အကြောင်းနှင့် ပုံတွေ ပါသည်။ မီးခြစ်ကို ဖျတ်ခဲနဲ ခြစ်လိုက်သလိုပင်။ ကျွန်တော်ရဲ့ခံယူချက်ကို တွေ့လိုက်ရပြီ။ ကျွန်တော် ရခ်ပက်ခ်လို ဖြစ်အောင်လုပ်မယ်။ ကမ္ဘာ့အကောင်းဆုံးကာယဗလမောင် ဖြစ်အောင် ကြိုးစားမယ်။ ပြီးနောက် ဟောလီဝုတ်ကို သွားမယ်။

မဂ္ဂဇင်းနှင့် ရခ်သည် ကျွန်တော်ရှာဖွေနေသည့် အနာဂတ်ကို ဖန်တီးပေးလိုက်ပေသည်။ အဲသည့်ကစပြီး တကယ်ဖြစ်လာအောင် လုပ်ယူဖို့သည် ကျွန်တော့်တာဝန်သာ ဖြစ်သည်။ ထိုနောက်မှာတော့ ကာယဗလသည် ကျွန်တော့်ဘ၀တလျှောက် လိုက်နာခဲ့သော “မင်းမြင်နိုင်တာသည် မင်းရယူနိုင်သည်” ဆိုသည့် စီမံချက်ကြီးကို ချမှတ်ပေးခဲ့သည်။ ပထမဆုံး ကိုယ့်အလုပ်ရဲ့ အဆုံးသတ်မြင်ကွင်းကို မြင်သည်။ ပြီးနောက် ရည်မှန်းချက် အတိုလေးများနှင့် ဖွဲ့စည်းထားသော အစီအစဉ်ကို ရေးဆွဲသည်။ ထိုအစီအစဉ်သည် ကိုယ့်မြင်ကွင်းကို တကယ်အဖြစ်အပျက်အဖြစ် ပြောင်းလဲခေါ်ဆောင်သွားနိုင်ရမည်။

ကျွန်တော့် ကာယဗလ ရည်မှန်းချက်သည် ကမ္ဘာမှာ ဘယ်သူမှ မမြင်ဖူးသေးတဲ့ အကောင်းဆုံးကိုယ်ကာယကို တည်ဆောက်ရမည်ဟူ၍။ ကျွန်တော် လက်မောင်းရှေ့သားကြီးများကို ကျွန်တော့် မွေးရပ်မြေက အဲလ်ပ်စ် တောင်တန်းကြီးများအဖြစ် မြင်ယောင်သည်။ ကျွန်တော် ရင်အုပ်ကြွက်သားကို ရိုမန်စစ်ပွဲများမှ ဒိုင်းကာကြီးများအဖြစ် မြင်ယောင်သည်။ ဒါသည် အဆုံးသတ်မြင်ကွင်းရှည်ကြီးဖြစ်သည်။ ကျွန်တော့် လက်မောင်း ၂၂ လက်မကို မတည်ဆောက်နိုင်ခင် ၁၆ လက်မ လက်မောင်းကိုရဖို့ ကျွန်တော် စီစဉ်ရသည်။ ထို့နောက် ၁၇ လက်မ၊ ထို့နောက် ၁၈ လက်မ စသည်ဖြင့် တိုးကာတိုးကာ ရည်မှန်းသွားသည်။ တစ်လက်မချင်းစီ တိုးတက်ရမည်ဆိုခြင်းသည် တကယ့်ရည်မှန်းချက်ကြီးဆီသို့ ဖြည်းဖြည်းချင်း ပုံဖော်သွားခြင်းဖြစ်သည်။

ဥပမာ ပြိုင်ပွဲတစ်ခု လေးပတ်ပဲ လိုတော့သည်ဆိုသည့်အခါ ကျွန်တော်သည် နိုင်အောင် ပြိုင်နိုင်ပြီး ဆုကို ဆွတ်ခူးနိုင်သည် ဆိုသော်လည်း ကျွန်တော့်ကိုယ် ကျွန်တော် လိုနေသေးသည်ဆိုတာ သိသည်။ သေချာတွက်ချက်ကြည့်လိုက်လျှင် ပြိုင်ပွဲမရောက်ခင် တစ်နေ့နှစ်ကြိမ်ကစားဖို့ လေးပတ်လိုသေးသည်ဆိုတာ ကျွန်တော်သိသည်။ ဗယ်လီတွေ အကြိမ်ထောင်ပေါင်းများစွာ ရိုက်လို့ရသေးသည် ဆိုတာ သိသည်။ အကျော့ပေါင်းများစွာ ကြားထဲမှာ ကျန်သေးသည်ဆိုတာ သိသည်။ ထို့နောက်တော့ စင်ပေါ်မှာ ဆုကို ကိုင်ဆွဲထားရင်းက ကျွန်တော်သိလိုက်သည်မှာ အဲသည်လို အကြိမ်ရေပေါင်းနာရီပေါင်းများစွာ ပေးဆပ်မြုပ်နှံထားခြင်းမရှိပါက ကျွန်တော် နိုင်မည် မဟုတ်ဘူး ဟူ၍။ ကျွန်တော်မခဲ့သော အလေးတစ်ပေါင်စီသည် ကျွန်တော့်ကို အောင်မြင်မှုဆီသို့ တွန်းပို့ပေးခဲ့သည်။ ကျွန်တော် စွဲစွဲမြဲမြဲယုံကြည်ထားတာသည်မှာ အကယ်၍ မိမိသည် တစ်စုံတစ်ခုကို လိုချင်တယ်ဆိုလျှင် လုံလုံလောက်လောက် ကြိုးစားထားရမယ် ဆိုတာပါပဲ။

ကာယဗလရဲ့ လှေကားထစ် ဆုံးကို ရောက်ရှိပြီးသည်နှင့် တပြိုင်နက် “မြင်ယောင်ပါ၊ စီစဉ်ပါ၊ ပြုလုပ်ပါ” ဆိုသည့် ဖော်မြူလာကို ကျွန်တော်ဘ၀နောက်ပိုင်းတွေမှာလည်း ထိုနည်းတူစွာပင် အသုံးချတော့သည်။ ကာယဗလပြိုင်ပွဲဝင် ဘ၀တုန်းက ကျွန်တော်ရရှိခဲ့သော ထိုအသိအမြင်သည် ကျွန်တော့်တခြားဘ၀စိန်ခေါ်မှုတွေက ကျွန်တော့်ကို လွှမ်းမိုးမသွားနိုင်အောင်၊ စ မစရသေးဘူး စိတ်ဓာတ်ကျသွားအောင် ပြုလုပ်လို့မရတော့ပါ။ မြင်ယောင်မှု၊ စီစဉ်မှုနှင့် ပြင်းပြင်းထန်ထန်ပြုလုပ်မှုတို့နှင့် ဆိုလျှင် ကျွန်တော်ရောက်ချင်တဲ့နေရာ ရောက်အောင်သွားနိုင်တယ်ဆိုတာ ကျွန်တော်သိသည်။

တကယ်တော့လည်း သင် အောင်မြင်ရမည်လို့ စိတ်ဆုံးဖြတ်ထားသည့် ဘယ်အခါမဆို ရှုံနိမ့်မှု အန္တရာယ် ကတော့ အမြဲတမ်းရှိပါသည်။ သို့သော် အန္တရာယ်ကို ဘယ်တော့မှ ထိပ်တိုက်ရင်မဆိုင်သူသည် ဘယ်တော့မှလည်း မအောင်မြင်နိုင်ပါ။ ရှုံးနိမ့်ခြင်းဟူသည် အောင်မြင်မှု၏ စကားထာတစ်ခုပင်ဖြစ်သည်။ ဘယ်နာမည်ကျော် လက်ဝှေ့သမားမဆို လမ်းခရီးတလျှောက် တစ်ပွဲသို့မဟုတ် နှစ်ပွဲတော့ အနည်းဆုံး ရှုံးခဲ့မှာပါပဲ။ ဘယ်အပြေးသမားမှ ပြေးပွဲတိုင်းမနိုင်ပါဘူး။ ဆုံးရှုံးမှုကနေ သင်ယူနိုင်ပြီး ပိုပြည့်ဝလာသရွေ့ကာလပတ်လုံး အဲသည့်ဆုံးရှုံးမှုတိုင်းသည် အောင်မြင်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေလိမ့်မည်သာ။

သင့်ရဲ့ ကာယတောင့်တင်းလှပအောင် ကြိုးပမ်းမှုမှာရော သင့်ကိုယ်ကို ပြန်လည်တူးဆွပြီး အခက်အခဲကို ထိပ်တိုက်ရင်ဆိုင်ကြည့်ဖို့ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ အဲသည်လို လုပ်ခြင်းဖြင့် သင့် အလုပ်ကျင့်ဝတ်တွေ တက်လာပါလိမ့်မယ်၊ ပြီးတော့ သံမဏိ စိတ်ဓာတ်မျိုးကို ဖန်တီးလာနိုင်ပြီး ကစားရုံပြင်ပ သင့်ဘ၀၀န်းကျင်အတွက်လည်း အကျိုးရှိလာပါလိမ့်မည်။ “သင်မြင်နိုင်တာသည် သင်ရယူနိုင်သည်”ဆိုသည့် အတွေးအခေါ်သည် ကျွန်တော့်အထွေထွေသော ဘ၀တွေမှာ အုတ်မြစ်ကြီးဖြစ်လာခဲ့သည် — အခုအချိန်သည် သင့်အတွက် ထိုဖော်မြူလာကို ရယူပြီး အသုံးချဖို့ရာ အချိန်သာ ဖြစ်ပါသည်။”

Original Note — Flex Magazine: December 2007 (UK edition), Arnold’s Page, Page no. 168

Related posts:

  1. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (နောက်ဆုံးပိုင်း)
  2. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (ဒုတိယပိုင်း)
  3. တီထွင်ကြံဆ လေ့ကျင့်ပါ လို့ ဆိုလာတဲ့ မောင်အိုလံပီယာ(၇)ထပ်ကွမ်း အာနိုး၏ ပြောစကား
  4. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (ပထမပိုင်း)
  5. ကာယဗလနှင့် စိတ်ဓာတ်စွမ်းအား