၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
Home > Training and Contest > ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများကျွန်တော်ရှုံးခဲ့သည်။ ပက်ပက်စက်စက်ရှုံးခဲ့သည်။ အရင်နှစ်ကမှ အဆင့်၎ရသေး။ အခုကျတော့ အဆင့် ၆ဖြစ်သွားသည်။ ကျွန်တော့် အရည်အသွေးကိုကြည့်၍ တချို့ကတော့ မနှစ်ကထက်တော့ ပိုကောင်းလာသည်ဟု ဆိုကြသည်။ သို့သော်လည်း ကျွန်တော့်တိုးတက်မှု နှေးကွေးခြင်းကြောင့်ဖြစ်နိုင်သလို ယခုနှစ် အငယ်တန်းမောင်များ အလွန်အမင်း ကောင်းနေ၊ ကွဲပြားပေါ်လွင်နေခြင်းကြောင့်လည်း ဖြစ်သည်။ ဤသည်တွင် ကျွန်တော့်ဆရာများဖြစ်သလို အမြဲအားပေးသည့်ပုဂ္ဂိုလ်များဖြစ်သည့် ကိုနေလင်း၊ ကိုမင်းဇော်ဦး၊ ဆရာဦးရဲမြင့်တို့နှင့် တခြား ပညာရှင် ကစားသမားများကပေးသော သင်္ခန်းစာများနှင့် ကျွန်တော် နဖူးတွေ့ဒူးတွေ့ ခံလိုက်ရသော သင်္ခန်းစာများ ရရှိလိုက်ခြင်းသည်ကိုပင် အမြတ်ဟုယူဆစရာရှိပါတော့သည်။ ၎င်းတို့ကို ပေါက်ကွဲဖော်ပြရန် ကျွန်တော်မစောင့်နိုင်တော့ပါ။
၁။ ကာယဗလသည် အစွန်းရောက်သော အားကစားဖြစ်သည်။
အကယ်၍ စာဖတ်သူသည် ကိုယ်အားတဲ့အချိန်လေးမှာ တခြားအလုပ်တွေလုပ်ကိုင်နေရင်းက ကျန်းမာရေးလေးအတွက် ဆော့ကစားရုံလေးပါဟု ဆိုလျှင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ယခုဖော်ပြမည်များသည် ကြမ်းတမ်းအစွန်းရောက်သော စကားလုံးများဖြစ်နေနိုင်သည်။ ကာယဗလကို အနူတောမှာ လူချောဖြစ်ရုံလေးတင်မဟုတ်ပဲ ထင်ရှားပြတ်သားသော ဗယ်လီခြောက်လုံးနှင့် ဟာကျူလီလို တင့်တယ်ခိုင်မာသော ကိုယ်ကာယတည်ဆောက်ချင် သူများအတွက် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ကျွန်တော်သည် ဤပြိုင်ပွဲအတွက် ပြင်ဆင်စဉ် လွန်ခဲ့သော သုံးပတ်လောက်ကတည်းကစပြီး မန္တလေးတောင်ကို တနေ့သုံးခေါက်တက်သည်။ (မန္တလေးမှာ ဆမသင်တန်းသွားတက်နေသောကြောင့် မန္တလေးရောက်နေသည်။) ရေသောက်ဖို့ကို ပုံမှန်သောက်နေကျ တစ်ခွက်ကို တစ်ဝက်ပဲထည့်ကာ သောက်သည်။ ငါးကို ရေလုံပြုတ်သည်။ အိုးခင်းမှာ ကြံချောင်းလေးတွေခင်းပြီး ဂျင်းနှင့် ကြက်သွန်ဖြူနှင့်သာ ဆီဆားဟင်းချိုမှုန့်မပါ ပြုတ်စားသည်။ ထမင်းကို တနေ့လုံးမှ ပန်းကန်တ၀က်လောက်သာစားသည်။ တစ်နေ့နှစ်ကြိမ်ခွဲကစားသည်။ ကျွန်တော် ကိုယ်အလေးချိန် ပေါင်နှစ်ဆယ်ကျော်ပြုတ်ကျသွားသည်။ ကောင်းလိုက်တာ။ လုံလောက်ပြီမဟုတ်လား။
လုံးဝမဟုတ်ပါ။ ထိုအရာများသည် ကာယဗလတွင် ကလေးကစားစရာသာဖြစ်သည်။ မယုံမရှိပါနှင့်။ ဒါသည် တကယ့်ကို beginner လေးတွေလုပ်သင့်သော အရာဖြစ်သည်။ မောင်မြန်မာသည် professional တို့၏ ပွဲဖြစ်သည်။ ကျွန်တော် တနေ့ကို နှစ်ကြိမ်ခွဲကစားသည်မှာလည်း မနက်ကို မိနစ် ၂၀လောက် ဗယ်လီနှင့် ခြေသလုံးဖြစ်ပြီး ညနေကို ၄၅မိနစ်လောက် မာဆယ်လ်အကြီးတစ်မျိုးကစားသည်။ ကျွန်တော်လုံးဝမှားသွားသည်။ အကြောင်းရင်းမှာ ကျွန်တော် ထိုက်သင့်သလောက် အစွန်းမရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ကာယဗလတွင် တခြားနေရာမှာ မဖြစ်နိုင်တာတွေဖြစ်နိုင်သည်။ အင်တာနက်မှာ ဖတ်သမျှ မှတ်သမျှ ဥပမာ ဘယ်သူ၏ တစ်ပတ်အတွင် ၁၀ပေါင်ကျနည်းစသဖြင့် fancy information များသည် ကာယဗလတွင် သုံးမရပါ။ ထိုအမှိုက်သရိုက်များကို ခေါင်းထဲကထုတ်ပါ။ အစွန်းရောက်ပါ။ ရော်နီကိုးလ်မင်းပြောခဲ့သလို ချန်ပီယံတို့အတွက် မိနစ်တိုင်း စက္ကန့်တိုင်းသည် အရေးကြီးသည်။
တချို့ချန်ပီယံများဆိုလျှင် နှစ်ရက်လောက်အတွင်း ပေါင်နှစ်ဆယ်လောက် အပြောင်းအလဲရှိတတ်သည်။ တစ်ပတ်ကို ပေါင်သုံးဆယ်ဆိုသည်ကို အသာလေးချနိုင်သည်။ ကျွန်တော်ရေသောက်သည်ဆိုသည်ကို တချို့မောင်များကရယ်သည်။ ကိုဝိုင်းချစ်(ကိုအောင်ဆွေနိုင်)ဆိုလျှင် ရေသန့်ဗူးအဖုံးနှင့်တစ်ခွက်သာ အရမ်းဆာမှ သောက်သည်။ အငယ်တန်းမောင် မင်းဇော်ဆိုလျှင် ရေမသောက်ဘဲ နေလှမ်းထားသောကြောင့် သူ့တစ်ကိုယ်လုံး မီးလောင်မြိုက်နေသလို ခံစားနေရသည်ဟုဆိုသည်။ ဒါကြောင့်လည်း တခြားအားကစားတွေမှာ ဖြစ်လေ့ဖြစ်ထမရှိသော ကစားရင်း ညှစ်ရင်းအသက်ဆုံးရှုံးသွားခဲ့ရသော ကာယဗလမောင်များ ကမ္ဘာမှာ ရှိခဲ့သည်။
ဘုရားပေးထားသော ခန္ဓာကိုယ်ကို အတင်းပြောင်းလဲရာမှ အတိုက်အခံတွေဖြစ်ခဲ့သလားဟုပင်။ အန်တရီးရက် မွန်ဇာဆိုလျှင် ရုတ်တရက်သေပြီးနောက် ရင်ခွဲစစ်ဆေးကြည့်ရာ သူ့သွေးတွေသည် လူ့သွေးမှ ဟုတ်ပါ့မလားဟုပင် အလွန်အမင်းပြစ်စေးနေကြောင်းတွေ့ရသည်။ ရေဓာတ်လုံးဝခန်းခြောက်ရာမှ ပိုတက်စီယမ်ဓာတ်တွေများပြားလွန်းပြီး နှလုံးထိခိုက်သေဆုံးသွားခြင်းဖြစ်သည်။ ဤကဲ့သို့ အစွန်းရောက်အောင် ဖော်ပြပေးနေခြင်းတော့ မဟုတ်။ ဆိုလိုခြင်းမှာ ကာယဗလမှာ သူများထက် သာချင်ထူးချွန်ချင်လျှင် ကျွန်တော်မှားခဲ့သလို တော်ရုံတန်ရုံလေးလုပ်ပြီး ဘာမှ ဖြစ်လာမှာ မဟုတ်ဟု ဆိုခြင်းဖြစ်သည်။
၂။ ထမင်းစားခြင်းသည် မှားသည်။
သင့်အိမ်က လူတွေနှင့်တော့ အတိုက်အခံဖြစ်ရတော့မည်။ တချို့မောင်မြန်မာကြီးများကို မေးကြည့်လျှင် သူတို့သည် ဆိုပါစို့ ယမ်ယမ်ခေါက်ဆွဲတစ်ထုပ်ကို နှစ်ရက်ခွဲစားသည်။ ဒါပဲ။ သူတို့ကာဗိုဟိုက်ဒရိုက်က ဒါပဲဖြစ်သည်။ တချို့က တနေ့ကို ပန်းသီးတစ်လုံးသာ ကာဗိုဟိုက်ဒရိုက်အနေနှင့်စားသည်။ တချို့က ဇီးသီးတစ်လုံးသာစားသည်။ ကိုအောင်ခိုင်ဝင်းဆိုလျှင် တခါက ခြောက်လတိတိ ထမင်းတစ်စေ့မှ မစားခဲ့ကြောင်းပြောခဲ့ဖူးသည်။ နိုင်ငံခြားမှာလည်းထိုနည်း၎င်း။ မနက်ကို ဂျုံယာဂုလေးတစ်ပွဲနှင့် ကျန်အချိန်တွေမှာ broccoli စသည့် အသီးအရွက်တွေသာ အများဆုံးစားသည်။ တခါတလေမှ one banana စသည်ဖြင့်။ ကျွန်တော်တို့အိမ်မှာ စားနေကြသည့် တနေ့ထမင်းသုံးနပ်သည် ကာယဗလတွင် အဓိပ္ပာယ်မရှိ။ ထမင်းစားခြင်းဖြင့် ခွန်အားတိုးရုံနှင့် အဆီတက်ရုံသာရှိသည်။ ဒါဆိုဘာစားရမလဲ။ ခွန်အားတိုးဖို့ဆိုလျှင် ကာဗိုဟိုက်ဒရိုက်သည် ပရိုတိန်းနှင့် အတူတူဖြစ်သည်။(ရရှိသော ကယ်လိုရီချင်းအတူတူပင်။) ဒီတော့ ပရိုတိန်းပဲစားပါ။ အသားတက်သည်မှာ အသားတင်အမြတ်ဖြစ်သည်။
ထို့ကြောင့် မနက်ကျလျှင် ထမင်းကြော်အစား မုန့်ဟင်းခါးနှင့် ကြက်ဥ ငါးလုံး ကနေ ဆယ်လုံး(အကာချည်း)စားပါ။ နေ့လယ်၊ ည ထမင်းဝိုင်းတွေမှာ ထမင်းပန်းကန်ထဲ အသားတွေချည်းထည့်ပြီး ရှိသမျှ အရွက်တွေ၊ အသီးတွေနှင့် ရောနယ်စားပြီး ထမင်းဝိုင်းဆိုသည်က (သင့်အတွက် ထမင်းမပါသည့်ဝိုင်း) မြန်မြန်ထပါ။ နေ့လယ်အဆာပြေဆိုပါက ကာဗိုဟိုက်ဒရိုက်တွေကို တတ်နိုင်သမျှ ရှောင်ပါ။ အသားဓာတ်တွေ ပဲတွေများများစားပါ။ အကယ်၍သင်က ထုထည်မရှိသေးသူပဲ စားချင်တာစားဆိုမည်ဆိုပါက သင်လည်း beginner သာဖြစ်လိမ့်မည်။ တကယ့် pro တွေသည် ဘယ်လောက်ပင်သေးပါစေ။ အဲသည့်စည်းမျဉ်းကိုသာ လိုက်နာပါလိမ့်မည်။ ဆက်ဖတ်ပါ။
၃။ သေးသွားမှာ မကြောက်ပါနှင့်။
ဤသည်မှာ ခါးသီးလွန်းသော အလွန်အကျိုးရှိသည့် သင်္ခန်းစာဖြစ်သည်။ ကျွန်တော်သည် ထုထည်သမားဖြစ်သည်။ အမြဲတမ်းကြီးမားသော ခန္ဓာကိုယ်ကို မြတ်နိုးသူဖြစ်သည်။ ကိုယ့်ကိုကိုယ် အမြဲတိုင်းထွာတတ်ဖူးသော ကာယဗလကစားသမားဖြစ်သည်။ သို့သော် ဒါသည် မှားယွင်းသော အယူအဆဖြစ်သည်ဆိုသည်ကို ကျွန်တော် တဖြည်းဖြည်း သဘောပေါက်လာသည်။ သင်သည် တစ်လကို လက်မောင်း တစ်လက်မ တက်အောင်ကစားမည်ဆိုပါက တစ်နှစ်ဆိုလျှင် ဆယ့်နှစ်လက်မ တက်လာလိမ့်မည်။ နှစ်နှစ်ဆိုလျှင် နှစ်ဆယ့်လေးလက်မ။ ဒါသည် အဓိပ္ပာယ်လုံးဝမရှိ။ ထိုနည်းတူ ရင်အုပ်တွန်းတွင် တစ်လကို ဆယ်ပေါင်တိုး တွန်းနိုင်ရမည်ဆိုပြီး ကစားပါက သင်သည် ပေါင်တစ်ရာ့ငါးဆယ်တွန်းနေသူဖြစ်ပါက နောက်ရှစ်နှစ်လောက်ဆိုပါက သင်သည် ပေါင်တစ်ထောင်လောက် ကို ရင်အုပ်တွန်းနိုင်မည်ဖြစ်လိမ့်မည်။ လုံးဝမဖြစ်နိုင်။ ဤကဲ့သို့ တွက်ချက်လျှင် လုံးဝမဖြစ်နိုင်။ သည်တော့ အဓိကအချက်သည် ဘာကိုမှ မတိုင်းတာပါနှင့်။
ဆိုတော့ တစ်ခုခုတော့ အတိုင်းအတာရှိဦးမှာပေါ့။ ရှိသည်။ လွယ်လွယ်နှင့် အထိရောက်ဆုံးတိုင်းတာနည်းတစ်ခုရှိသည်။ အခုထိုင်နေရင်းနှင့်ကို တိုင်းတာနိုင်သည်။ သင့်လက်တစ်ဖက်ကို သင့် ဗိုက်ကချက်ဝန်းကျင်နားကို ဆုပ်ကိုင်ပြီး ဆွဲကြည့်။ အပျော့အစီအရိအရွဲ အရေပြားကို ဆွဲလို့ရနေလျှင် သင် ဘော်ဒီဝိတ်ချရဦးမည်ဖြစ်သည်။ သူများနှင့် မတူ ကိုယ်ကာယဖွံဖြိုးလိုသူများသည် ပြိုင်ပွဲဝေးသည်ဖြစ်စေ၊ ကမ်းခြေသွားလည်ဖို့ လိုသေးသည်ဖြစ်စေ၊ ဘယ်အခြေအနေမှာပဲဖြစ်စေ၊ စချပါတော့။ ပရိုတိန်းမှန်မှန်စား။ ကစားချိန်မှန်မှန်ရှိနေလျှင် ဘာမှ စိတ်မခုပါနှင့်။ ချပါ။ ကာဗိုဟိုက်ဒရိုက်၊ အဆီတွေ တတ်နိုင်သမျှ ရှောင်ပြီး စိတ်နှလုံးဒုံးဒုံးချပြီး ပါးတွေခွက်၊ မျက်တွင်းတွေချိုင့်နေအောင် ချပါ။ လက်မောင်းတွေ သေးသိမ်သွားပါစေ။ စိတ်မပူပါနှင့်။ ဘာမျှ မတိုင်းတာပါနှင့်။ ဘယ်သူနှင့်မှလည်း မနှိုင်းယှဉ်ပါနှင့်။ ကိုယ့်ကိစ္စကိုယ့်ဘာသာ အသိဆုံး။ အစွန်းရောက်အောင်ချပါ။ ဒါပေမယ့် ပရိုတိန်းနှင့် မှန်မှန်ကစားဖို့တော့ အာမခံပါ။ နောက်ဆုံး အရေပြားဆွဲလို့မရအောင် တင်းနေပြီဆိုမှ ဖြည်းဖြည်းချင်း ဘော်ဒီဝိတ်ကို ပြန်တင်ပါ။ အဲသည့်အရေပြားကို အပျော့အပျဲမခံပဲ ထိန်းတင်ပါ။ ဒါမှ ကာယဗလဖြစ်သည်။ ထုထည်ကြီး ဘယ်လောက်ကြီးကြီး ကျစ်လျစ်သိပ်သည်းမှုမရှိသောအခါ အလကားပင်ဖြစ်သည် ဆိုသည်ကို ကျွန်တော် ကောင်းကောင်းသိခဲ့ရပြီ။
၎။ ကျွန်တော်သည် ဒိုရီယံ ရိတ်စ်မဟုတ်ပါ။
ကမ္ဘာပေါ်တွင် ဒိုရီယံရိတ်စ်လို လိုက်ကစားနိုင်သော ကာယဗလမောင် အနည်းငယ်သာရှိသည်။ တကယ့်ထုထည်ကြီးများဖြစ်သည့် မားကပ်စ်ရူး၊ ရှလီယာကမ့်စသည့် မောင်များသည်ပင် ဒိုရီယံရိတ်စ်နှင့်အတူ High intensity training ကို လိုက်ကစားရာ သူ့လိုမျိုး တစ်ကျော့အတွင်း အကုန်ထိရောက်အောင် မကစားနိုင်ဖြစ်ခဲ့ရသည်။ တစ်ကျော့အတွင်းမှာ မီးကုန်ယမ်းကုန် ညှစ်ကစားဖို့ စိတ်ဓာတ်ခွန်အားသည် ဒိုရီယံရိတ်စ်မှာသာ ရှိနိုင်သည်။ ဒါလည်း သူ့ကစားသက်တမ်း နောက်ပိုင်းမှာမှ အဲသည်လို ကစားနိုင်ခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ကစားသမားများကို အဲသည်လို တစ်ကျော့တည်းမှာ ၆-၁၀ကြိမ်အတွင်း အပြီးသတ်ကစားဖို့ရာ များသောအားဖြင့် အားမပေးခဲ့ပါ။ အဲသည့်တော့ သူ့အကြောင်းကို ခေတ္တမေ့ထားကြစို့။ ထို့အတူ ဂျင်မ်တွေမှာ သင်ပေးနေသည့် တဖြည်းဖြည်း အလေးတိုး နောက်ဆုံး ၆-၈ကြိမ်ဆိုသည့် အယူအဆကိုလည်း လွင့်ပစ်ကြပါစို့။
အခုကစားရမှာက အကျော့တိုင်းလိုလိုကို ၁၅-၂၀ကြိမ် ကစားရန်ဖြစ်သည်။ ဒါမှ ကျွန်တော် ညှစ်တတ်မည်ဖြစ်ကြောင်း ဆရာသမားများက မိန့်ဆိုကြသည်။ တကယ်လည်း ရှိသမျှ မောင်မြန်မာအားလုံးကို မေးကြည့်ပါ။ သူတို့ အဲသည့်အတိုင်းကစားခဲ့ကြသည်။ နိုင်ငံခြားက ကောင်တွေနှင့် မနှိုင်းယှဉ်နှင့်။ သူတို့ကိုယ်ကာယနှင့် ကျွန်တော်တို့ ကိုယ်ကာယ တုံ့ပြန်မှုခြင်းမတူ။ သူတို့သည် နဂိုကတည်းက အရိုးအဆစ်ကြီးမားပြီး ကြွက်သားများ ကျယ်ပြန့်ကြသူများ။ သူတို့အတွက် muscle damage ဖြစ်ရုံနှင့် ကြီးပြီဖြစ်သည်။ ဒါကြောင့် မာဆယ်လ်တွေကို အပြင်းထန်ဆုံး အကြိမ်အနည်းငယ်ဖြင့် ဖျက်ဆီးရုံပင်။ ကျွန်တော်တို့ကျ အရိုးအဆစ်သေးသူများဖြစ်သည်။ ကြီးထွားဖို့ရန်ဆိုလျှင် ပိုပြီး ပင်ပင်ပန်းပန်းကစားရမည်။ အကြိမ်များများကစားခြင်းဖြင့် ကြွက်သားမျှင်များထဲမှ new growth ကို ရအောင် လှုံ့ဆော်ပေးသလိုဖြစ်သည်။ ပြီးတော့ ၁၅-၂၀ကြိမ်ကစားပါဆို၍ အလေးလျှော့ခိုင်းခြင်းမဟုတ်။ အများဆုံးမှ ၂၀% လောက်သာလျှော့ပါ။ ဥပမာ — ပေါင်၂၅၀နှင့် ၁၀ကြိမ် အောက်ပိုင်း ထိုင်နိုင်လျှင် ပေါင် ၂၁၀ဖြင့် ၁၅-၂၀ကြိမ်လောက်ရအောင်ကစားပါ။
အဓိကသည် ၆ကြိမ်ကနေ ၈ကြိမ်ဆိုသည့် အယူအဆကို ဖျောက်လိုက်ပါ။ အနည်းဆုံး ၁၅ကြိမ် မရ ရအောင် ကစားမည်ဟု ကြိမ်းဝါးကစားပါ။ အလေးလျှော့ပြီး သက်သက်သာသာ ၁၅ကြိမ်ကို ဆိုလိုခြင်းမဟုတ်ဟု စိတ်ဝယ်မှတ်ယူပါ။ အစွန်းရောက်အောင်သွားပါ။ တနေ့သောအခါ ဒိုရီယံရိတ်စ်လို ခန္ဓာရပြီဆိုမှ ၆ကြိမ် ၈ကြိမ်ကစားလိုပါက ကစားနိုင်သည့် စိတ်စွမ်းအား အဲသည့်အခါ ရလောက်ပြီဖြစ်သည်။
၅။ တနေ့ ရှစ်နာရီသည် အချိန်ဖြုန်းခြင်းမဟုတ်ပါ။
ဤ နောက်ဆုံးသင်ခန်းစာသည် ကျွန်တော် လျစ်လျူရှုချင်ဆုံး lesson ဖြစ်သည်။ ခါးသီးဝမ်းနည်းဖွယ်ကောင်းနေပေမယ့် အမှန်တရားကြီးဖြစ်သည်။ ကာယဗလတွင် အောင်မြင်လိုလျှင် တစ်ညကို အနည်းဆုံး ရှစ်နာရီကနေ ဆယ်နာရီကျော်ထိ တောက်လျှောက်အိပ်ရမည်ဖြစ်သည်။ အိပ်ရေးမ၀လျှင်လည်း အစားအသောက်လိုက်နိုင်လျှင် ပြီးတာပဲဟု သင်ထင်နေပါလား။ ကျွန်တော် အဲသည့်လိုတလျှောက်လုံး ထင်ခဲ့သည်။ ထို့ကြောင့်လည်း ရှုံးခြင်းမလှ ရှုံးခဲ့လေပြီ။
ဆရာဝန်ဇာတာပဲပါလို့လား။ ကျွန်ဇာတာပဲပါလို့လားမသိ။ ကျွန်တော့်မှာ တစ်နေ့ကို ငါးနာရီထက်ပိုအိပ်မိလျှင်ပင် အပြစ်ကြီးတစ်ခုလို ခံစားမိစမြဲဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စားခဲ့သည်။ ညသန်းခေါင်လည်း အသားတွေ ထိုင်ဝါးနေသည်။ ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ခွန်အားတွေကို ယုတ်လျှော့မသွားအောင်ထိန်းထားနိုင်ခဲ့သည်။ သို့သော် … သို့သော် … နှမြောစရာတွေသည် ကြွက်သားများ၏ စွမ်းရည်များဖြစ်သည်။ သဘာဝကို လှည့်စားလို့မရပါ။ မအိပ်တော့ ကြွက်သားတွေ ကောင်းကောင်း အနားပြန်မပြည့်နိုင်ဖြစ်သည်။ ဘယ်လောက်ပင် ကစားကစား နွမ်းနယ်နေသော မြင်းကို ကြာပွတ်နှင့် ရိုက်သလိုပင်။ စိတ်ညစ်ညူးစရာတွေဖြစ်ပြီး ခရီးမတွင်ဖြစ်နေသည်။
အိတ်ပေါက်နှင့် ဖားကောက်သလို အချိန်တွေရော၊ အစားအသောက်တွေရော ဖြုန်းတီးသလိုဖြစ်နေသည်။ အမှန်ဆိုလျှင် ကျွန်တော့် အရပ်အမောင်းနှင့်ဆို ကြွက်သားထုထည်သည် သေးကွေးနေသည်။ သည်ထက်ပိုပြီး ကြီးထွားရဦးမည်ဖြစ်သည်။ ထို့ကြောင့် ကောင်းကောင်း အိပ်ရတော့မည်ဖြစ်သည်။ လုပ်စရာတွေကို တခြားအချိန်တွေမှာ ပြီးအောင်လုပ်ပါ။ အိပ်ရေးကို အပျက်မခံပါနှင့်။ ကြားရတာခါးသီးပေမယ့် အမှန်တရားကြီးဖြစ်သည်။ ကောင်းကောင်းအိပ်ပြီးသည့်နောက် မှန်ထဲကြည့်လိုက်လျှင်ပင် ကစားထားသော ကြွက်သားတွေသည် ဖောင်းကြွတင်းကားနေသည်။ နောက်တစ်ကြိမ်ကစားဖို့ ခွန်အားတွေလည်း ပြန်ပြည့်လာသည်။ ထို့ကြောင့် တနေ့ရှစ်နာရီကို အချိန်ဖြုန်းသည်ဟု ယူဆသူကား အိတ်ပေါက်နှင့် ဖားကောက်သူသာဖြစ်၏။
အထက်ပါသင်ခန်းစာများကို ပေါ့ပေါ့တန်တန်ပဲ ယူဆကာသင်ဖတ်မိသလား။ သင်ကစားနေသည့် ဂျင်မ်မှာ ဒီတစ်ခါပြန်သွားကစားလျှင် ဘေးဘီကို လှည့်ကြည့်လိုက်ပါဦး။ ဘယ်သူသည် အလွန်လျှင်မြန်စွာ ကြီးထွားပြတ်သားလာပါသနည်း။ တစ်ယောက်မှ ရှိမည်မဟုတ်!…. အာနိုးတို့လို အလွန်ကြိုးစားကြသည့် ခေတ်မှာပင်လျှင် သူတို့နိုင်ငံ၏ ကစားခန်းမကျယ်ကြီးများ၌ တကယ်တိုးတက်လာသော ကစားသမားကို ဆယ်ယောက်တွင် တစ်ယောက်တွေ့ခဲလှ၏ဟု ဆိုခဲ့သည်။ ဘာကြောင့်ဆို ကာယဗလသည် အစွန်းရောက်သာအားကစားဖြစ်သည်။ ပေါ့ပေါ့တန်တန် သဘောထားသူများအတွက် ကျန်းမာရေးဟုဆိုကာ အချိန်ဖြုန်းသည့် နေရာသာဖြစ်သည်။ တကယ်ကျန်းမာရေးအတွက်သာဆိုလျှင် မနက်ခင်း အပြင်ထွက် လမ်းလျှောက်၊ စက်ဘီးစီးတာက ပိုအကျိုးရှိသေးသည်။ ဤအလေးတွေနှင့် ကစားမနေပါနှင့်။ အချိန်တန်သွားကစားလိုက် အိမ်မှာ ကြုံတာလေး စားလိုက်ဆိုလျှင်တော့ လှပခန့်ညားသော ကိုယ်ကာယတစ်ခု ဘယ်တော့မှ ပိုင်ဆိုင်မည်မဟုတ်သည်မှာ အမှန်ပင်။ သူလို ကိုယ်လို လူတစ်ယောက် အဖြစ်ကနေ ဘယ်တော့မှ တတ်လှမ်းနိုင်မည်မဟုတ်။
Related posts:







အားပေးပါတယ် အကိုရေ … နောက်တကြိမ် မောင်မြန်မာပြိုင်ပွဲ မှာ အကို. နာမည် ရှေ.ဆုံးမှာရှိဖို.မျှော်လင်.ပါတယ် … အကောင်းဆုံးကြိုးစားနေမယ်လို.လဲယုံကြည်ပါတယ် …
Don’t you ever give up, my brother!
You’ll do great next year. I believe in you.
Never give up bro!!!I know that you will be No.1 my brother.
Like your words “NOTHING IS IMPOSSIBLE!”
Thanks a lot for your kind words, brothers…
those make me come alive..
ဖတ်ရတာ အားရလိုက်တာ။ တကယ့် စံချိန်မှီမောင်တစ်ယောက် ဖြစ်ချင်သူတွေအတွက် စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။ အားပေးလျှက်ပါဗျာ။
လေးစားစွာဖြင့်…
thanks,
နောက်တခါ ပြိုင်ပွဲတိုင်းမှာ အကို အဆင့် (၁) ရပါစေဗျား… တကယ်ပါ…း)
That’s a great lesson !!
Thank you for waking me up.
Thanks a lot …
@ Win Naing,
so nice to hear that.
You should, it’s been long overdue. Welcome back, bro!
ဟုတ်ပါတယ် အစ်ကိုရေ….အစ်ကို ပြောသလို ရာနှုန်းပြည့်မှန်နေတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ဒါနဲ့ စကားမစပ် အစ်ကိုတို့ အားကစားရုံက ဘယ်နားမှာလဲ။ အားကစား ကြေးရော ဘယ်လို သတ်မှတ်ထားပါသလဲ။ ကျွန်တော်က ရန်ကုန်ထဲမှာပဲနေပါတယ်။ ကျွန်တော်လဲ လာရောက် ကစားချင်လို့ပါ။ ကျွန်တော့် အသက်က ၂၇လောက်ရှိပြီး။ဒီအချိန်မှ ကာယဗလကို လေ့လာလိုက်စားလို့ရော အချိန်မှီနိုင်ပါ့အုံးမလား။ မောင်မြန်မာမဖြစ်နိုင်ရင်တောင် မြင်သူငေးလောက်တဲ့ ကြွက်သားအလှတွေကို ပိုင်ဆိုင်ထားသူအဖြစ်နဲ့ပေါ့။ ကျွန်တော့် ၀ါသနာကတော့ ငယ်ငယ်ကလေးတည်းက ကာယဗလကို ၀ါသနာပါပါတယ်။နည်းနည်းပါးပါးလည်း ကစားခဲ့ဖူးပါတယ်။ အခု အလုပ်တစ်ဖက်နဲ့ဆိုတော့ မကစားဖြစ်တာ ဆယ်စုနှစ် တစ်ခုလောက်တော့ရှိလောက်ပြီ။ အားကစားမလုပ်တော့ အစားအသောက်လဲ အများကြီးမစားတော့ဘူး။တော်သင့်ယုံလောက်ပဲ အစာ စားချင်တဲ့ စိတ်ပဲ ရှိတယ်။ ကျွန်တော့်အလုပ်က ထိုင်နေရတာက များတယ်လေ။အဲ့ဒါကြောင့် ကျန်းမာရေးအရရော။ကာယဗလ အလှ အတွက်ပါ ရည်ရှည်ကစားဖို့ ဆုံးဖြတ်ထားပါတယ်။အခု ကိုတက်သလောက် အားကစားလုပ်နေတော့ သိသိသာသာ အစားစားချင်စိတ်တွေပေါလာပြီး ဗိုက်လဲ အရမ်းအရမ်းစာလာတယ်။စိတ်ကြည်လင်ပြီး တက်ကြွဖြတ်လတ်နေတယ်လေ။ ဒါပေမဲ့ အခု အစ်ကို ပြောသလို အားကစားလုပ်ပြီး နည်းစနစ် မမှန်ရင်လဲ အလကားပဲ။အဲ့ဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင် အစ်ကိုတို့ရဲ့ လေ့ကျင့်ပုံတွေကို အတုယူပြီး မောင်မြန်မာ ကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားချင်ပါတယ်။ အစ်ကိုတို့ရဲ့ ရေးသားမှုတွေကိုလဲ စိတ်ဝင်တစား အမြဲတမ်းအားပေးနေမှာပါ။
ကျေးဇူးပါ။ kawhmu ကျွန်တော်တို့ မှာ ကစားရုံ ပိုင်ဆိုင်ခြင်း မရှိသေးပါ။ ကျွန်တော် ကစားတတ်တာကတော့ ပြိုင်ပွဲဝင်ကာယဗလမောင် မိတ်ဆွေအစ်ကိုကြီးများ၏ ကစားရုံတွေမှာပါပဲ။ အခုလောလောဆယ်တော့ လမ်းမတော်က ရုံတစ်ရုံမှာကစားနေပါတယ်။ မင်္ဂလာဈေးက စည်ပင်ဝင်းထဲက လက်ရွေးစင်အခန်းမှာလည်း ကစားလေ့ရှိပါတယ်။ အဲသည့်မှာ မောင်မြန်မာများဖြစ်သည့် ကိုအောင်ခိုင်ဝင်းနှင့် ကိုမင်းဇော်ဦးတို့၏ ကစားရုံတွေလည်း ရှိပါတယ်။ ဈေးနှုန်းကတော့ အပြောင်းအလဲရှိနိုင်တာကြောင့် စုံစမ်းကြည့်နိုင်ပါတယ်။
ဘယ်အသက်အရွယ်မှာ မဆို မြင်သူငေးလောက်တဲ့ ကြွက်သားတွေကို တည်ဆောက်နိုင်ပါတယ်။ အသက် ၂၇ ဆိုတာ တကယ်တော့ ကာယဗလမှာ baby အဆင့်သာရှိပါသေးတယ်။ ရှေ့မှာ ဟင်းလင်းပြင်အကျယ်ကြီး ရှိပါသေးတယ်။ ကိုယ်ကြိုက်တဲ့foundation ချလို့ရသေးပါတယ်။ ရွှေမန်းမောင် ဦးပြားဆိုလျှင် ကာယဗလကို အသက် ၄၂နှစ် မှ တစိုက်မတ်မတ်ကစားခဲ့တာပါ။ အခု အသက်ခြောက်ဆယ်ကျော်တဲ့အထိ ဆုတံဆိပ်တွေ ဆွတ်ခူးဆဲပါ။ မောင်မြန်မာကောင်း တစ်ယောက်ဖြစ်ချင်သည်ဆိုသည့် ရည်မှန်းချက်ကို အားရမိပါတယ်။ အမြဲတမ်းဖိတ်ခေါ်လျှက်ပါ။
အကိုညီလေးကအသက်20ဲ၇ှီပါပြီးbody ကစား၇င်းနဲအူကျသွားလို.ဘယ်လိုလုပ်၇မလဲမသိဘူးဖြစ်နေတယ်အဲဒါဘယ်လိုထ
ိန်းပြီးကစား၇မှာလဲ
ဘယ်အရာ ကစားကစား ဗိုက်ထဲကတော့ အနည်းနှင့် အများ ညှစ်မိနေမှာပဲ။ တကယ်အူကျနေတာဆိုရင်တော့ မကစားတာ အကောင်းဆုံးပါ။ ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပါ။ သို့သော် တချို့ကျ အဲသည့်နေရာက အောင့်တောင့်တောင့်ဖြစ်တာကို အူကျတယ်လို့ ထင်တတ်ကျပါတယ်။ အထဲက ကြွက်သားအရွတ်ထိခိုက်သွားတာလည်း ဖြစ်နိုင်တယ်။ အနားယူပါ။ ပြန်စရင် အလေးပေါ့ပေါ့နှင့် ခါးပတ်ပတ်ပြီးသာ ကစားပါ။ ဘာပဲဖြစ်ဖြစ်.. ဆရာဝန်နှင့် အရင်ပြကြည့်ပါ။
နိုင်ဝေ
ကျေးဇူးပါပဲ ခင်ဗျာ ကာယဗလ နဲ့ပတ်သက်လို့က တော့ သိသင့်တာတွေ မကုန်နိုင်အောင်ပါပဲ။နောက်လဲ အသစ် အသစ်လေးတွေရေးပေးပါဦးဗျာ။
ကျွန်တော့် ရဲ့ ကာယဗလ အသိအမြင်တွေဟာ ကိုနိုင်ဝေတို့ ကိုအောင်အောင်တို့ ဆောင်းပါးတွေကိုဖတ်ရှုရင်းနဲ့ 
တိုးပွားလာလို့  ကျေးဇူးအထူးတင်လျှက်ပါ။
ကိုနိုင်ဝေ ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေ။
Really Really thank u……bro,
ကိုနိုင်ဝေခင်ဗျား
အခုလိုကာယဗလနဲ့ပက်သက်လို့စေတနာအပြည့်နဲ့ပြည့်ပြည့်စုံစုံ အချိန်ပေးဖော်ပြထားလို့ကျေးဇူးအလွန်တင်ရှိပါတယ်ခင်ဗျား.. နောက်နှစ်တွေမှာ အကို မောင်ဗမာ ပတမဆုရပါစေလို့လဲ ဆုတောင်းပေးပါတယ်.. ကျွန်တော်သိလိုတာလေးမေးပါ၇စေ..
ကျွန်တော်ဟာငယ်ငယ်က ပိန်သူတစ်ယောက်ပါ အစားအသောက်မဆင်ခြင်ခြင်းနဲ့ ကိုယ်လက်လှုပ်၇ှားမှုနဲခြင်းကြောင့် အသက် ၂၅နှစ်အရွယ်မှာ ကိုယ်အလေးအချိန် ကီလို ၇၀၇ှိနေပါပြီ .. ကျွန်တော့်အ၇ပ်က ၁၆၆စင်တီမီတာပါ BMI တွက်ကြည့်ရင် အိုဗာဝိတ်ဖြစ်နေပါပြီ .. ဗိုက်မှာလဲ အဆီခေါက်ထူနေပြီး မျက်နှာမှာလဲအဆီတွေအစ်လာပါတယ် အဲဒါဘော်ဒီဝိတ်ချတဲ့လေ့ကျင့်ခန်းလေးတွေ၇ှိရင်လဲ သက်သက်တင်ပြပေးစေလိုပါတယ်.. ကျွန်တော့်ရည်မှန်းချက်ကတော့ ဘော်ဒီဝိတ်ကျပြီး အကိုတို့လောက်မဖြစ်တောင် ဗိုက်နဲ့ လက်မောင်း ရင်အုပ်တို့မှာ ကြွက်သားထုကြီးမားပြီး ကြည့်ကောင်းချင်တာပါဘဲ .. အကိုတို့ရဲ့ website ကိုကြည့်ပြီး ငါလဲကြည့်ကောင်းတဲ့ အချိုးအစားကျနတဲ့ ဘော်ဒီ၇နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်လေးပေါ်ပေါက်လာတယ်ဆိုတာ ၀န်ခံပါရစေခင်ဗျာ… အဆီကိုစနစ်တကျချတဲ့ လေ့ကျင့်ခန်းနဲ့ နေထိုင်စားသောက်နည်းစနစ်လေးတွေ ဖော်ပြပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်အကို..
ကျေးဖူးပါပဲ မောင်လူအေး
ဘော်ဒီဝိတ်ချဖို့၊ အဆီကျဖို့နဲ့ နေထိုင်စားသောက်နည်းစနစ်တွေအတွက် အောက်မှ link တွင် တွေ့နိုင်ပါသည်။ နောက်နောင်ကိုလည်း ဆက်လက် ကြိုးစားတင်ဆက်ပေးပါမည်။
http://myanmarfitness.com/category/weight-loss
keep training,
Naing Wai