အာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်း
Home > ကမ္ဘာ့သမိုင်းသို့ > အာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်းကျွန်တော်တို့ ၁၉၇၃ခုနှစ် ဂျူလိုင်လ ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ် ဂျင်မ် (Gold’s Gym) သို့ သွားကြပါစို့။ အာနိုးရွှာဇီနက်ဂါး၏ ဘ၀နှင့် လေ့ကျင့်မှုထဲသို့ စေ့စေ့စပ်စပ်ဝင်ကြည့်ကြပါစို့။ ကမ္ဘာ့အကျော်ဇေယျကြီးတစ်ဦးကို ပုံသွင်းထုလုပ်ပေးခဲ့သော သွေး၊ ချွေးနှင့် ကြမ်းတမ်းလှသော လေ့ကျင့်ကစားမှုများကို အသက်ပြန်သွင်းကြည့်ကြရအောင်။
ကယ်လီဖိုးနီးယာ။က ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ်ဂျင်မ်မှာ သြစတီးယား ၀က်သစ်ချပင်ကြီးဟု အမည်ရသည့် အာနိုး၏လေ့ကျင့်ချိန်သက်သက်ကို ဖော်ပြရုံသာမဟုတ်ဘဲ ထိုနေရာမှာ အာနိုးနှင့်အတူ ဖြစ်ပျက်သွားတာလေးကိုပါ လိုက်ပါကြည့်ရှုရန်ဖြစ်သည်။ အာနိုးသည် သူ၏ မောင်အိုလံပီယာ လေးထပ်ကွမ်းအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
ထိုခေတ်က ကာယဗလမောင် အများစုကစားကြသလို ရွှာဇီနက်ဂါးသည်လည်း သူ့တစ်ကိုယ်လုံးကို နှစ်ရက်တည်းနှင့်အပြီးကစားပြီး ကြွက်သားတစ်မျိုးကို တစ်ပတ် သုံးချိန်ကစားခဲ့သည်။ သူ့လေ့ကျင့်ရက်များသည် တနင်္လာမှ စနေအထိဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို ထိုဆက်တိုက်ခြောက်ရက်အတွင်း သုံးချိန်ကစားခဲ့သည်။ တနင်္ဂနွေသည် သူ့နားရက်ဖြစ်သည်။
တနင်္လာနေ့တွင် ရင်အုပ်၊ နောက်ကျော၊ ခြေသလုံးတို့ကို မနက်ပိုင်း၊ ပေါင်နှင့် ဗိုက်ခါးတို့ကို ညနေပိုင်းကစားသည်။ ထိုအတိုင်းပင် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့မှာလည်း ကစားသည်။ အင်္ဂါနေ့တွင် ခန္ဓာကိုယ်ကျန်သည့်တပိုင်းကို ကစားသည်။ ဆုံ၊ လက်မောင်းရှေ့နောက်၊ လက်ဖျံတို့ကို မနက်ပိုင်း၊ ခြေသလုံးနှင့် ဗိုက်ခါးတို့ကို ညနေပိုင်း ကစားသည်။ ထိုအတိုင်းပင် ကြာသပတေးနှင့် စနေမှာကစားသည်။
ယခုသွားရောက် တွေ့ဆုံမည့်နေ့သည် အာနိုး၏ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ လေ့ကျင့်ချိန် နေ့ရက်တွင်ဖြစ်သည်။ သူ ၁၉၇၃ မောင်အိုလံပီယာ ပြိုင်ပွဲနီးကာလမှာ လေ့ကျင့်ခဲ့သည့် တထေရာတည်းနီးပါးနေ့ရက် များထဲမှ တစ်ရက်ဖြစ်၏။
1973ခုနှစ် ဂျူလိုင်လ 17ရက် အင်္ဂါနေ့ မနက် 8 နာရီ 59 မိနစ်
“သူက လင်းနို့ကြိးတစ်ကောင်လိုပဲ၊ အပေါ်အောက်ပြောင်းပြန်ကြီးပဲ အမြဲတမ်း..” ကန့် ကွတ်ခ်ျ (Kent Kuchn) က သူတို့ရှေ့က အရာကို ငေးနေကြသည့် ကာယဗလကစားသမား ခြောက်ယောက်လောက်ကို ဟာသလုပ်ပြောလိုက်သည်။ တကယ်တော့ တန်းခိုသည့် တန်းတစ်ခုမှာ ဒကောက်ကွေးနှင့် ပြောင်းပြန်ချိတ်ထားပြိး လက်သီးတွေကို တင်ပါးပေါ် ထောက်တင်ထားသော ဖရန်ကို ကိုလံဘူသည် အတောင်ပျံဖြန့်ထားသည့် ဧရာမ လင်းနို့ကြီးအလားပင်ဖြစ်သည်။
“ဟုတ်တယ်။ ငါ မင်းဆီ ပျံလာနိုင်တယ်။” ကိုလံဘူသည် သူအေးအေးဆေးဆေးလုပ်နိုင်သည့် သန်မာမှုတွေကို အာရုံစိုက်နေကြသည်အတွက် ကျေနပ်လျှက် ပြုံးရယ်ကာ ပြန်ဖြေသည်။
“ဟေး ဖရန်ကို မင်းဇောက်ထိုးတွေ လုပ်မနေနဲ့။ မင်းငါ့ကို နိုင်ချင်တယ်ဆိုရင် မင်းမှာ လုပ်စရာတွေအများကြီး ရှိသေးတယ်။” ဂိုးလ်ဒ် ဂျင်မ်၏ နောက်ပေါက်မှ အင်္ဂလိပ်စကားသံ တော်တော်ကို ၀ဲနေသာ အသံတစ်သံမြန်ဟိန်းသွားသည်။ နောက်ပေါက်ကနေသာ အမြဲတမ်းဝင်လာသော်လည်း အာနိုးရွှာဇီနက်ဂါးသည် ဘယ်တော့မှ တိတ်တိတ်လေး ခိုးကြောင်ခိုးဝှက်ဝင်မလာ။ အဲသည့်အစား သူသည် တနည်းမဟုတ် တနည်း သူရောက်ကြောင်း အမြဲတမ်းကြေငြာတတ်သည်။ ချွေးတွေနှင့် စိုရွှဲနေမည့် ဇာတ်လမ်းကြီး စတော့မည်ဆိုတာ အသိပေးသည့် သဘောပင်ဖြစ်သည်။
မနက် 9 နာရီ 4 မိနစ်
“ငါတို့ ရှေ့ကိုတွန်းမှာလား၊ နောက်ကို တွန်းမှာလား?” ဒန်နီ ဂေဘယ် (Deny Gable) က ရွှာဇီနက်ဂါးကို မေးသည်။ ထိုင်လျှက်ဆုံတွန်း – ဆုံကြွက်သားများအတွက် ထုတင်မည့် အခြေခံလေ့ကျင့်ခန်းကောင်းတစ်ခုနှင့် သူတို့ သည်နေ့ ဆုံလေ့ကျင့်ခန်းကို စကြမည်ဖြစ်သည်။
“နောက်ကိုတွန်း” ရွှာဇီနက်ဂါးဖြေသည်။ ဖြေလျှက်ပင် သူသည် သူ့ကစားဖော်များ ဂေဘယ်နှင့် ကွတ်ခ်ျတို့ရှေ့မှာ ခုံတန်းရှည်တစ်ခုပေါ် လွှားထိုင်လိုက်သည်။
ဘာသံမှ မထွက်၊ မပြောကြပဲ ၀က်သစ်ချပင်ကြီးသည် 45 ပေါင်အလေးပြားတစ်ပြားကို ယူကာ ဘားရှည်၏ တစ်ဖက်တွင်ထည့်ပြီး ကိုင်ထားသည်။ ကွတ်ခ်ျက နောက်တစ်ဖက်မှာ အလားတူအလေးပြား မထည့်ပြီး မချင်း သူသည် ဘားကို ကိုင်ထားမြဲဖြစ်သည်။
ရွှာဇီနက်ဂါးသည် အမြဲတမ်းပထမဆုံးကစားသည်။ သူ့လက်တစ်ဖက်စီကို ဆုံတစ်ဖက်စီ အကြောလျှော့သည့်အနေဖြင့် လေရဟတ်လို လှည့်နေသည်။ အနည်းငယ်ကြာလှည့်ပြီးမှ သူသည် ခုံပေါ်ပြန်ထိုင်သည်။ ကွတ်ခ်ျသည် သူ့နောက်မှာ ရပ်နေသည်။ သူ့လက်ချောင်းများကို ဘားရှည်အောက်တွင် ခံထားပြီး လက်နှစ်ဖက်ကြား တစ်ပေလောက်စီကွာသည်။ ရွှာဇီနက်ဂါးသည် လက်မှောက်ကာ ဘားကို ကိုင်သည်။ သူ့ပခုံးအကျယ်ထက် အနည်းငယ်ချဲထားသည်။ သို့မှသာ သူ့လက်ညှိးတွေသည် ဘားရှည်ကို ကောင်းကောင်းဆုပ်မိနေမည်ဖြစ်သည်။ သူ့ရှေ့ကမှန်ကို ကြည့်လျှက် သူရေတွက်နေသည်။
“Ein, zwei, drei (ဂျာမန်လို ဆိုခြင်းဖြစ်နိုင်သည်) တင်” ထိုသို့ ရွတ်နေစဉ်တွင် ကွတ်ခ်ျသည် မောင်အိုလံပီယာ သုံးထပ်ကွမ်းကြီးကို ဆုံနောက်အောက်နားကနေ အပေါ်လက်တဆန့်အထိ ဘားရှည်ကြီးကို တွန်းတင်ကစားနေသည်ကို လိုက်ကူပေးနေသည်။ အိုလံပီယာ ၀က်သစ်ချပင်ကြီး (သူ့ အလေးမခါးပတ်မှာ ရေးထားသည့်အတိုင်း) သည် 135 ပေါင်ကို 15ကြိမ် ပထမဆုံးအကျော့အနေဖြင့် သွေးပူတွန်းသည်။ သူသည် အလေးကို ချောမွေ့စွာာပင် ပြန်စင့်လိုက်ပြီး ခုံမှ ထသည်။ သူ့ခါးပတ်ကို ဖြုတ်သည်။ ကွတ်ခ်ျဆီသို့ လွှဲပေးသည်။
ခါးပတ်သည် ကွတ်ခ်ျ၊ ဂေဘယ်နှင့် ရွှာဇီနက်ဂါးတို့ဆီ ငါးကျော့လှည့်ပတ်ပြီးချိန်တွင် သူတို့သည် သွေးပူ 15ကြိမ်တစ်ကျော့၊ တကယ်ကစားသည့် အကျော့လေးကျော့ 12၊ 10၊ 8 နှင့် နောက်ဆုံး 8ကြိမ်ကို 205ပေါင်အထိ ဖြည်းဖြည်းချင်းတိုးကာ ကစားသွားကြသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် ဒီနေ့မနက် တော်တော် အားပြည့်နေကြသလိုပင်၊ စုစုပေါင်း 15ကျော့ကို 12မိနစ်အတွင်းအပြီးကစားသွားကြသည်။သူတို့၏ နှစ်ရက်ခွဲကစားနည်းတွင် သည်နေ့က ပိုလွယ်သောကြောင့်ဖြစ်နိုင်သည်။ ၀င်ပေါက်နားမှာ မိန်းမချောလေးတွေ အုပ်စုလိုက် ရောက်နေတာကြောင့်လည်းဖြစ်နိုင်သည်။ တီးတိုးတီးတိုးပြောနေကြပြီး ယောက်ျားတစ်ယောက် လက်မောင်းညှစ်ပြလိုက်တိုင်း တခစ်ခစ်ရယ်နေကြတာ ကြောင့်လည်းဖြစ်နိုင်သည်။ သို့သော် သူတို့၏ တနေ့စီသည် သူတို့ ကြမ်းကြမ်းတမ်းတမ်း ကြိုးစားခဲ့ကြခြင်း၏ ရလဒ်ကို တွေ့ရဖို့ အချိန်နီးကပ်လာတာကြောင့်သည် အဖြစ်နိုင်ဆုံးအကြောင်းဖြစ်သည်။ မာရသွန်ပြေးပွဲမှာ ပန်းဝင်ခါနီး ပိုပြေးလာသလိုပင်ဖြစ်၏။
မနက် ၉ နာရီ ၁၇ မိနစ်
“လာစမ်းပါ” ကန် ဝေါလ်လာက အလေးအနက် တွန်းအားပေးသည်။ “အဲဒီံ ၂၅ပေါင်တွေက တော်တော် လေးနေပြီလား?” ထိုစဉ်တွင် အာနိုးသည် ဘားတိုဘေးခွဲမကို ပထမဆုံးအကျော့ကစားနေခြင်းဖြစ်သည်။ အလေးက ပေါ့သော်လည်း သူ့မျက်နှာပေါ်တွင် ပြင်းထန်မှုကို မြင်နေရသည်။
“ဟေ့လူတွေ ငါသာ ဖရန့်ဇိန်းဆိုရင် ငါ့ကြွက်သားတွေကို လျှာနဲ့ရက်နေပြီ”” ဝေါလ်လာကဆိုသည် “လူတွေရှေ့မှာဆို တော်တော် အဝေဖန်ထူသူ”ဟု နာမည်ရသူသည် သူ့ အပေါင်းအပါများကို ဟာသလုပ်နေသည်။ သူကိုယ်တိုင်တော့ သေချာပြင်းပြင်းထန်ထန်လေ့ကျင့်တာကလွဲလို့ အားလုံးကို အပြောင်အပျက်လုပ်တတ်သူဖြစ်သည်။ သူ့နာမည်ကြားလိုက်လို့ ဖရန့်ဇိန်းသည် သူကစားနေသာ ခုံစောင်းမှီ ဘားတိုဘေးခွဲမကို ကစားနေစဉ် ခဏရပ်သွားသည်။ သူသည် ရွှာဇီနက်ဂါး၏ဆုကို မခြိမ်းခြောက်နိုင်သော်လည်း 1972 မောင်အိုလံပီယာမှာ စတုတ္ထရခဲ့သူဖြစ်သောကြောင့် သမိုင်းအရ ကြောက်စရာ ပြိုင်ပွဲဝင်တစ်ဦးပင်ဖြစ်သည်။ နောက်ဆုံးတော့ အာနိုးထက် ပေါင်၅၀လောက်ပိုနည်းသော်လည်း ဇိန်းသည် ဆာဂျီယိုအိုလီဗာနှင့် ချက်ရောတန်တို့နှင့်အတူ ရွှာဇီနက်ဂါးစပြိုင်တုန်းက နိုင်ဖူးသူများအဖြစ် ရာဇ၀င်တင်ထားသည့် သုံးယောက်ဖြစ်သည်။
ဇိန်းသည် ဟာသပြန်မလုပ်ပါ။ သူသည် ဟာသအပြောင်အပျက်လုပ်ခဲသည်။ ဇိန်းသည် အလေးအနက်သမားဖြစ်သည်။ သို့သော် ပြဿနာကောင်တော့မဟုတ်။ သူ့ခန္ဓာကိုယ်ကို ရိုးရိုးလေးသာ အလေးအနက်ထားသူဖြစ်သည်။ သူမကစားခင်နှင့် ကစားပြိး အချိန်တွေမှာ အမြဲတမ်းဟာသလုပ်ဖို့ အချိန်ရှိသည်။ သို့သော် ဂိုးလ်ဒ်ဂျင်မ်မှာ ပြိုင်ပွဲနီးကစားတော့မည်ဆိုလျှင် သူသည် အလေးအနက်ဖြစ်သွားသည်။
အာနိုးတို့သုံးယောက်သည် ဘားတိုဘေးခွဲမကို လေးကျော့လျှင်မြန်စွာ ကစားသွားကြသည်။ နောက်ဆုံးတွင် ပေါင် ၄၀တုံးနှင့် ၈ကြိမ်ကစားသည်။
“ငါတော့ ဆုံတွေတော်တော်ကို ပူနေပြီ” ဂေဘယ်က အလေးတွေကို ပြန်စီရင်းဆိုသည်။
“ငါတို့ ကစားပြီးတဲ့အထိ စောင့်ပါဦး။” ရွှာဇီနက်ဂါးက ပြောသည်။
မနက် ၉ နာရီ ၃၂ မိနစ်
စမစ်စက် — အိုလံပစ်ဘားရှည်ကို သံလုံးနှစ်လုံးမှာ စွပ်ထားပြီး အထက်အောက်တည့်တည့်သာ ရွှေ့လျားနိုင်သော စက် –ထိုစက်သည် ဆုံတွန်းတွင် ပုံသေသာ ရွေလျားလို့ရသည်။ အလးလွတ်များနှင့် မတူစွာထိရောက်သည်။
ဂေဘယ်လ်နှင့် ကွတ်ခ်ျတို့သည် ဆယ်ပေါင်နှင့် ငါးပေါင်တစ်ပြားစီ တစ်ဖက်စီတွင်ထည့်သည်။ စုစုပေါင်းအလေးချိန် (ဘားရှည်ရော၊ စက်၏ ခုခံအားပါ အပါအ၀င်) ၁၀၅ပေါင်လောက် ရှိသည်။ လေးကျော့မှာ ပထမဆုံးအကျော့ကို စဖို့ အတော်အသင့်ကောင်းသော အလေးချိန်ဖြစ်သည်။ ရွှာဇီနက်ဂါးသည် ခါးပတ်ကို တထစ်ထပ်တင်းလိုက်သည်။ လွန်ခဲ့သည့် တစ်လကထက် တစ်ထစ်တင်းပတ်လိုက်သည်။ ဘားရှည်အောက်က ခုံတန်းပေါ် ခွထိုင်လိုက်သည်။
ဝေါလ်လာသည် စက်ပြင်ဆရာတစ်ယောက်ဖြစ်သလို ဂိုးလ်ဒ်ဂျင်မ်မှာရှိသည့် စက်များ ချောချောမွေမွေ့ လည်ပတ်လှုပ်ရှားနိုင်အောင် အစဉ်ပြုလုပ်ပေးနေသူ လည်းဖြစ်သည်။ တကယ်လည်း စမစ်စက်၏ အထက်အောက် ရွေ့လျားမှုသည် ရွှာဇီနက်ဂါး၏ ၀ူးရှ်ဆိုသည့် စည်းချက်မှန်မှန် လေရှုသွင်းရှုထုတ်သံမှ လွဲ၍ ဘာသံမှ မကြားရသလို အလုံးစုံပြေပြစ်နေသည်။ ပထမဆုံး ၁၂ကြိမ်ကစားသည်။ ထို့နောက် သုံးကျော့ဆက်ကစားသည်။ ကာယဗလလေ့ကျင့်သူများ၏ ကြွက်သားအားကုန်ခြင်းဆိုသည်မှာ ၁၀ကြိမ်သို့မဟုတ် ၈ကြိမ်ဟု ယူဆကြသော်လည်း သူတို့သုံးဦးသည် ၁၂ကြိမ်လောက်တော့ ရအောင်ကြီုးစားကြသည်။ ရွှာဇီနက်ဂါး၊ ကွတ်ခ်ျနှင့် ဂေဘယ်လ်တို့သည် သူတို့ ရှိသမျှ အားကုန်သည်အထိ ကြိုးစားကြသည်။ ပြီးတော့ အဲသည့်ထက် ပိုရအောင်လည်း ကြိုးစားကြသည်။
မနက် ၉နာရီ ၄၅ မိနစ်
“ဟေ့ ကြည့်ကြပါဦး ဒီလူ့လက်မောင်းကြီးက မယုံနိုင်စရာပဲ။”
အာနိုးတို့ သုံးဦး ဒမ်ဘယ်လ်စင်အစွန်းမှာ ခါးကိုင်းဘေးခွဲမ လုပ်ဖို့ရန် ပြင်ဆင်နေစဉ်တွင် ဘီလ်ပက်တစ် တစ်ယောက် ဘေးက ဖြတ်လျှောက်သွားသည်။ ဘီလ်ကြီး ဂျင်မ်ကို ၀င်လာတိုင်း အားလုံး စိတ်ထဲမှာ ပြောနေကြသည်ကို ဂေဘယ်လ်က ပါးစပ်က ထုတ်ပြောလိုက်ခြင်းပင်။ ပက်တစ်သည် ပြိုင်ပွဲတွေ သိပ်မ၀င်ပါ။ သူ့လက်မောင်းကလွဲပြီး တခြားဟာတွေလည်း မကစားပါ။ သို့သော် သူ့လက်မောင်းများကတော့ ကြောက်ခမန်း လိလိပင်။ သူတို့ကို ၂၃လက်မရှိသည်ဟု သတင်းပြန့်နေသည်။ ရှိချင်ရှိမည်။ မရှိချင်လည်း မရှိမည်။ သို့သော် သူတို့သည် ရွှာဇီနက်ဂါးလက်မောင်းကြီးလောက် နီးနီးကြီးသည်။ ဒါကြောင့်လည်း ပြောစမှတ်ပြုရခြင်းဖြစ်၏။
စင်ပေါ်က ၂၅ပေါင် ဒမ်ဘယ်တစ်စုံကို ယူလိုက်ပြီး ရွှာဇီနက်ဂါးသည် ခါးကနေကိုင်းလိုက်သည်။ သူပြောလေ့ပြောထရှိသော သစ်ပင်ကြီးကို ပိုက်ခြင်း နည်းလမ်းဖြင့် ကစားနေသည်။ တံတောင်ကို အနည်းငယ်ကွေးလိုက်ပြီး မျက်နှာကြက်ဆီသို့ ထိုးထားသည်။ သူသည် ဒမ်ဘယ်လ်ကို နောက်ကို စက်ဝိုင်းခြမ်းပုံ ကွေးမလိုက်သည်။ တစ်ကြိမ်စီတွင် သူ့ ဆုံကြွက်သားများ အမြှောင်းလိုက်ထင်းလာသည်ကို တွေ့နေရသည်။
သုံးဦးလုံးသည် ခါးကိုင်းဘားတိုဘေးခွဲမကို လေးကျော့ကစားသည်။ တစ်ကျော့ကို ၂၅ပေါင်တုံးများနှင့် ၁၂ကြိမ်၊ နောက် ၃၀ပေါင်နှင့် ၁၂ကြိမ်၊ ၃၅ပေါင်နှင့် ၁၀ကြိမ် နောက်ဆုံးတွင် ၃၅ပေါင်နှင့် ၈ကြိမ်ဖြစ်သည်။
မနက် ၁၀နာရီ ၁မိနစ်
ဆုံရှေ့ တည့်တည့်မရမည့် အချိန်ဖြစ်သည်။
သိုးတစ်ကောင်လို နားသယ်မွေးတွေအများကြီးနှင့် ၀၀ကစ်ကစ်ကစားသမားတစ်ယောက်သည် ဘားရှည်စင်ရှေ့တွင် ၃၅ပေါင်နှင့် ဘားရှည်လက်မောင်းရှေ့သားကွေးကို အော်ကြီးဟစ်ကျယ်ကစားနေသည်။ အမေရိကန်အလံပါ လည်စည်းပဝါကို ခေါင်းစည်းထားသည်။ Road Runner တံဆိပ်မှိန်နေသော စောင်းရွဲ့နေသည့် တီရှပ်ကို ၀တ်ထားသည်။ ဘောင်းဘီဝတ်ထားသည်မှာလည်း တိုနမ့်နမ့်နှင့် သူကစားတိုင်း ကိုယ်ကြီးက ယိမ်းယိမ်းမနေသည်ကို မြင်နေရသည်။ သူကြည့်ရသည်မှာ သူ့မပြည့်စုံသည့် ကိုယ်ကာယကို ပြင်ဆင်နေသည်နှင့်မတူပဲ လူတွေကြည့်အောင် လုပ်နေသည်နှင့်သာ တူနေသည်။
ရွှာဇီနက်ဂါး၊ ကွတ်ခ်ျနှင့် ဂေဘယ်လ်တို့သည် ထိုပွဲထုတ်ကစားနေသည်ကို ပေအနည်းငယ်အကွာမှ စိတ်ရှည်လက်ရှည်စောင့်နေသည်။ ဂျင်မ်မှာရှိသည့် လူတိုင်းသတိထားမိလာသည်အထိ ထိုလူသည် ဘားရှည်စင်ကို ပိတ်ကစားနေသည်။
သူ ၃၅ပေါင်ဘားရှည်ကို ပြန်တင်လိုက်သည်နှင့်တပြိုင်နက် အာနိုးသည် ၉၅ပေါင်ဘားရှည်ကို ယူဖို့ မြန်မြန်ဝင်လိုက်သည်။
“နေပါဦး.. ငါမပြီးသေးဘူး” မစ်စတာ နလပိန်းတုံးသည် မစ်စတာ အိုလံပီယာကို ပြောလိုက်သည်။ ထို့နောက်သူသည် သူ့ ဘားရှည်ပေါ် လက်ပြန်တင်လိုက်ပြီး နောက်တစ်ကျော့အတွက် စိတ်အားမြင့်သလို လုပ်နေသည်။ ရှင်းရှင်းလင်းလင်းပင် ရှိသမျှ ဝါရင့် ကစားသမားများသည် ဒါသည် ရယ်စရာ မဟုတ်တော့ဆိုတာ တွေ့လာသည်။ ဂေဘယ်လ်သည် ရွှာဇီနက်ဂါးသာ ကြားမဖြတ်လိုက်လျှင် အဲသည့်လူကို ရန်ဖြစ်တော့မည်ဖြစ်သည်။
“စိတ်မကောင်းပါဘူး ဆရာ၊ ကျွန်တော်တို့အတွက် သည်အလေးတွေကို မြန်မြန်မဖို့ အရမ်းကို အရေးကြီးနေလို့ပါ။” ထိုပုဂ္ဂိုလ်သည် ဝက်သစ်ချပင်ကြီးကို မာန်တက်နေသည့် အကြည့်ဖြင့် ပြန်ကြည့်သည်။
“ကျွန်တော်တို့ ခန္ဓာကိုယ်တွေ သည်လို ဖောင်းကားနေအောင် ကူးစက်ရောဂါတစ်ခုဖြစ်နေတာကြောင့် ကျွန်တော်တို့ကို ရောဂါခြေချုပ်မှာ ထားထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံကနေ ဒီမှာကစားဖို့ ခဏလောက် ခိုးထွက်လာခဲ့တယ်။ တကယ်လို့ သူတို့ ပြန်တွေ့သွားလျှင် သည်နေရာတစ်ခုလုံးကို ရှိသမျှ လူတွေအပါအ၀င် အားလုံးကို ရောဂါခြေချုပ်ပစ်လိုက်ပါလိမ့်မယ်”
ကွတ်ခ်ျသည် ဟန်ဆောင်ချောင်းဆိုးလိုက်သည်။ အာနိုးပြောလိုက်သည်ကို ပိုယုံသွားအောင်ဖြစ်သည်။ ဂေဘယ်လ်ကလည်း ထပ်ဆိုးပြလိုက်သည်။ နာကျင်နေသည့်ပုံစံနှင့်။
“လာကြဟေ့ ငါတို့ကစားကြအောင်” ရွှာဇီနက်ဂါးက ထပ်ပြောလိုက်သည်။
တွေဝေသွားသော ထို လူ့ဘ၀င်ကလေးသည် ဘားရှည်စင်မှ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပြီး နောက်ဖက်တံခါးပေါက်ဆီသို့ တိုးတိုးတိတ်တိတ်ပင် ထွက်သွားလေသည်။ ရွှာဇီနက်ဂါးနှင့် အဖွဲ့သည် ၁၂ကြိမ်၊ ၁၀ကြိမ်၊ ၁၀ကြိမ်၊ ၈ကြိမ် ၄ကျော့ကစားသည်။
မနက် ၁၀နာရီ ၁၇မိနစ်
လက်မောင်းကစားဖို့ အချိန်ရောက်လေပြီ။ ဘယ်ကာယဗလသမားမဆို နှစ်သက်တတ်ကြသည့် အချိန်ဖြစ်လေသည်။ အာနိုးသည် စူပါဆက်ပရိသတ်ဖြစ်သည်။ သူသည် နောက်ကျောနှင့် ရင်အုပ်ကို မနေ့ကတော့ သက်သက်စီကစားခဲ့သော်လည်း များသောအားဖြင့် သူသည် အစိတ်အပိုင်းနှစ်မျိုးကို တွဲကစားတတ်သည်။ တစ်ကျော့ပြီးတစ်ကျော့ ဆက်တိုက်ကစားသည်။ ဥပမာ ပက်လက်အိပ် ရင်ဘတ်တွန်း တစ်ကျော့ ကစားပြီးသည်နှင့် တပြိုင်နက် လက်အကျဲကိုင်တန်းခိုဆွဲတက်ကို ဆက်တိုက်တစ်ကျော့ ဆက်ကစားသည်။ သူသည် ဆန့်ကျင်ဘက် ကြွက်သားနှစ်မျိုး တပြိုင်နက် ပူလောင်ထိရောက်နေသည်ကို နှစ်သက်သူဖြစ်သည်။
ယနေ့တော့ သူသည် လက်မောင်းများကို စူပါဆက် တွဲကစားဖို့ ဆုံးဖြတ်လိုက်သည်။ ကွတ်ခ်ျနှင့် ဂေဘယ်လ်တို့လည်း ဤနည်းလမ်းကို သိသည်။ သူတို့ မကြာခဏပင်တွဲကစားဖူးသည်။ တကယ်တော့ ဂိုးလ်ဒ်ဂျင်မ်တွင် စိတ်တူကိုယ်တူတွေများသည်။ တစ်ယောက်အတွက် ကောင်းနေသာ နည်းလမ်းတစ်ခုကို အားလုံးကလည်း လိုက်ကစားတတ်ကြသည်။ ဂိုလ်းဒ်သည် တခြားဘယ်ကစားရုံနှင့်မျှမတူဘဲ ချိန်ပီယံတွေကို ပိုထုတ်ပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ လမ်းစဉ်ကို ဘယ်သူငြင်းနိုင်ဦးမလဲ?။
ရွှာဇီနက်ဂါးနှင့် သူ့ကစားဖော်များသည် လက်မောင်းရှေ့နောက် လေ့ကျင့်ခန်းတစ်မျိုးစီကို စူပါဆက် လေးစုံဖြင့် ကစားသွားသည်။ ဘားရှည် လက်မောင်းကွေးကို အိပ်လျှက် လက်မောင်းနောက်သားဆန့်နှင့် စူပါဆက် လေးကျော့၊ မတ်တတ်ရပ် ဒမ်ဘယ်တစ်ဖက်ချင်း လက်မောင်းရှေ့သားကွေးကို ကေဘယ်ကြိုး လက်မောင်းနောက်သားဖိချနှင့် စူပါဆက်လေးကျော့၊ ခုံစောင်းမှီထိုင်လျှက် လက်မောင်းရှေ့သားကွေးကို ဒူးထောက် ကေဘယ်ကြိုး လက်မောင်းနောက်သားဆန့်နှင့် စူပါဆက် လေးကျော့၊ နောက်ဆုံးတွင် ကွန်စန်ထရေးရှင်းကားလ်နှင့် ထိုင်လျှက် တစ်ဖက်ချင်း လက်မောင်း နောက်သားဆန့်တို့ကို စူပါဆက်တွဲလျှက် ကစားသည်။ လက်မောင်းနောက်သားများသည် လက်မောင်းရှေ့သားထက် ပိုကြီးသော အစိတ်အပိုင်းဖြစ်သောကြောင့် သူတို့ကို နောက်ဆုံးတွင် ခုံတန်းရှည်ပေါ် လက်ထောက် နိမ့်ချပြန်တင် လေးကျော့ကစားပြီး အဆုံးသတ်သည်။
ဤလက်မောင်းလေ့ကျင့်ချိန်တွင် အာနိုးတို့ သုံးယောက်၏ တလှည့်စီ စနစ်တကျ လှည့်လည်ခြင်းကို မြင်နေရသည်။ ဗလကြီးသုံးဦးသည် တစ်ကျော့ပြီး တစ်ကျော့၊ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု မနားတမ်းလှည့်လည်သွားသည်။ ရွှာဇီနက်ဂါးက အိပ်လျှက် လက်မောင်းနောက်သားဆန့် ကစားနေချိန်တွင် ကွတ်ခ်ျက ဘားရှည်လက်မောင်းကွေးကစားနေသည်။ ဂေဘယ်လ်က ကေဘယ် လက်မောင်းနောက်သားဖိချကစားနေစဉ်တွင် ရွှာဇီနက်ဂါးသည် ဒမ်ဘယ်လက်မောင်းရှေ့သားကွေးကို အပြင်းအထန်ကစားနေသည်။ သူတို့သုံးယောက်သည် တစ်လှည့်ပြီး တစ်လှည့်၊ တစ်ပတ်ပြီး တစ်ပတ် ကစားလိုက်နားလိုက်နှင့် အစီအစဉ်ကျနစွာကစားသွားလေသည်။
မနက် ၁၁နာရီ ၆မိနစ်
“လာစမ်းပါ၊ အာနိုး၊ မင်းလိုချင်နေတယ်မဟုတ်လား? ဆာဂျီယိုကို မင့်းနိုင်ခွင့် ပြုမှာလား? ကြိုးစားစမ်းအာနိုး..”
အီရတ် ဘဂ်ဒတ်မှ ပြန်လာသော အဒ် ကော်နေသည် မောင်စကြာဝဠာဘွဲ့ကို သွားမယူခင်နှစ်မှာပင် ပြန်ရောက်လာပြီး သူ့ ရင်အုပ်နှင့် နောက်ကျောကို ကစားနေသည်။ သူ့သူငယ်ချင်းတွေကို လှုံ့ဆော်နေသည်။ ကော်နေသည် အလွန် ဖော်ရွေသူတစ်ယောက်ဖြစ်သည်။ အမြဲတမ်း ဟာသလုပ်ဖို့လည်း အဆင်သင့်ဖြစ်သူဖြစ်သည်။ သင့်ရဲ့အခက်ခဲဆုံးအကျော့တွေမှာ ဖြတ်ကျော်နိုင်အောင် စိတ်ခွန်အားမြင့်တင်ပေး၊နိုင်သူလည်းဖြစ်သည်။
ရွှာဇီနက်ဂါးသည် သူ၏ နောက်ဆုံး အလေးလျှော့လျှော့ကစားသည့် ခုံပေါ်လက်ထောက် လက်မောင်းနောက်သားဖိချ လေ့ကျင့်ခန်းတွင် ၁၀ကြိမ် သို့မဟုတ် ၁၁ကြိမ်လောက်ရောက်နေပြီး အဆုံးသတ်တော့မည်ဖြစ်သည်။ သူသည် သူ့ ပေါင်ပေါ် ၄၅ပေါင် အလေးပြားသုံးပြားတင်ပြီး ၉ကြိမ်နှင့် စကစားသည်။ ထို့နောက် တစ်ပြားဖြုတ်ပြီး နောက် ၅ကြိမ်ဆက်ကစားသည်။ ထို့နောက် တစ်ပြားတည်းနှင့် ၄ကြိမ်ထပ်ကစားသည်။ ဂေဘယ်လ်က နောက်ဆုံး အလေးပြားကြီးကို ဖြုတ်ပေးပြီးနောက် ရွှာဇီနက်ဂါးသည် နောက်ထပ် ၄ကြိမ်၊ ၅ကြိမ်လောက် အလွတ်ဆက်ကစားသည်။ ကော်နေကို ကျေးဇူးပဲ၊ သူ့ကြောင့် ၄ကြိမ်၊ ၅ကြိမ်အစား ခြောက်ကြိမ်၊ ၇ကြိမ်နှင့် နောက်ဆုံး၈ကြိမ်အထိ ဆက်ကစားနိုင်စေခဲ့သည်။
“နှစ်ဆယ့်လေး၊ ၂၅၊ ၂၆” ဂေဘယ်လ်၊ ကွတ်ခ်ျနှင့် ဝေါလ်လာတို့ ပြိုင်တူ အော်ပေးကြသည်။
“အား..” ရွှာဇီနက်ဂါးသည် သူ၏ အကြီးစား အကျော့ကြီးကို အဆုံးသတ်လိုက်သည်။ ပြီး သူ့ခြေထောက်ကို တင်ထားသည့် ခုံတန်းမှ ပြန်ချလိုက်သည်။ သူအားကုန်နေပြီ၊ အောင်နိုင်ခဲ့ပြီ၊ မောပန်းနေပြီ၊ ပူလောင်နေပြီ.. နောက်ပြီး ကျေနပ်နေပြီ။ သူ မတ်တတ်ရပ်သည်။ သူ့ မျက်နှာကို တဘက်နှင့် သုတ်လိုက်သည်။ Tဘားရှိရာသို့ဝင်းဆွဲရန် လျှောက်လာသော ကော်နေသည် လှည့်ပြီး အာနိုးအားပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ဒါပေမယ့် ဆာဂျီယိုက ၂၇ကြိမ်လုပ်မယ်ဆိုတာ လောင်းရဲတယ်။”
ရွှာဇီနက်ဂါးပြုံးသည်။ ပြန်ပြောဖို့ရန် တော်တော်ကို မောပန်းနွမ်းနွယ်နေသည်။ ဟုတ်ပါပြီ။ သူ့ကိုယ်သူ ပြန်တွေးလိုက်သည်။ နောက်တစ်ချိန်ကျလျှင် ငါ အကြိမ် ၃၀ ရအောင်လုပ်မယ်။
မနက် ၁၁နာရီ ၂၃ မိနစ်
“ဟဲလို၊ အာနိုး” ဂျင်မ်ရဲ့ ၀င်ပေါက်ကနေ နှာခေါင်းသံနှင့် အသံတစ်သံပေါ်လာသည်။ ဝေါလ်လာနှင့် စကားစမြည်ပြောနေသော အာနိုးသည် ရင်းနှီးသော ကနေဒီအသံရောသည့် အသံကို ကြားလိုက်သည်။
“ဂျိုး ခင်ဗျား ဘာလာလုပ်တာလဲ? ခင်ဗျား ကျွန်တော့်ကို အိုလံပီယာ မပြိုင်စေချင်လို့လား၊ ဒါမှ တခြားလူတွေနိုင်ဖို့ အခွင့်အရေးရအောင်.” အာနိုးသည် လှမ်းစလိုက်သည်။
“သြော် မင်းသိပ်လည်း ဆရာကြီးလုပ်မနေနဲ့ဦး။ ဖရန်ကိုက တော်တော်ကောင်းနေပြီ။ မင်းသိတယ်မဟုတ်လား။” ဂျိုးဝီဒါက ပြန်ပြောသည်။
“တော်တော်ကောင်းနေပြီဆိုတာနှင့် မလုံလောက်သေးဘူး။ ဂျိုး.” ရွှာဇီနက်ဂါးက ပြန်နှိုးဆော်လိုက်ပြန်သည်။
“ငါနှင့် နေ့လည်စာလိုက်စားကွာ။ ဒါမှ မင်းအဲသည့်အကြောင်းငါ့ကို အကုန်ပြောပြနိုင်မယ်။” ၀ီဒါကပြောသည်။
“ငါ့ကို နေ့လည်စာကျွေးမလို့လား ဂျိုး? ဘာအကြောင်းပြချက်နဲ့လဲ?”
”မင်းသိပါတယ် အာနိုး။ လာမည့် နှစ်ပတ်လောက်မှာ မင်းမွေးနေ့လေ။ ငါက အဲသည့်အချိန်ကျတော့ ခရီးသွားနေမှာ။ ဒါကြောင့် ငါ အချိန်ရတုန်းလေး ကျွေးထားချင်လို့။ မင်း နေရာရွေးကွာ။”
“အိုကေ။ Zuckyကို သွားကြစို့။ အို ကျွန်တော့်သူငယ်ချင်းတွေခေါ်လာရင်ကော ဘယ်လိုလဲ?”
ပြောပြောဆိုဆိုပင် ကွတ်ခ်ျ၊ ဂေဘယ်လ်၊ ဝေါလ်လာနှင့် ကော်နေတို့ ရှေ့တိုးလာကြသည်။ ဝီဒါ ရပ်နေသည်။ ထို့နောက်မှ သက်ပြင်းရှည်ကြီး ချပြီး “သြ ကောင်းပါပြီ ဗျာ။ မင်းတို့အားလုံး ဘယ်လောက်ထိ စားကြမှာလဲ? ငါ စားသောက်ဆိုင်ကို ကြိုဖုန်းဆက်ထားပြီး ဘယ်လိုစားကြလိမ့်မယ် ဆိုတာ ပြောထားရင် ကောင်းမယ်ထင်တယ်။”
“မလိုပါဘူး ဂျိုး” ကော်နေ ပြန်ပြောသည်။ “ကျွန်တော်တို့ ဗိုက်နည်းနည်းပဲ ဆာသေးတာပါ။”
”သူငယ်ချင်း မင်းအတွက်ပဲမင်းပြော ဟုတ်လား၊” ရွှာဇီနက်ဂါးက ပြောသည်။ “ငါကတော့ ဗိုက်အမြဲတမ်းဆာနေတာပဲ။”
ညနေ ၄နာရီ ၃၁ မိနစ်
အာနိုးမုန်တိုင်းကြီး ဂိုးလ်ဒ်ဂျင်မ်ကို တခါ ပြန်တိုက်ခိုက်လာပြန်သည်။ နေ့လယ်ပိုင်း ဂျိုးကကျွေးသည့် နေ့လယ်စာစားပြီး ကမ်းခြေမှာ ရေကူး။ နောက်ပြီး ဗီးနစ်ကမ်းစပ်က နေရောင်အောက်မှ တရေးလောက်အိပ်ပြီး မနက်ပိုင်းကစားချိန်နှင့် ငါးနာရီလောက်အကွာမှာ လန်းဆန်းတက်ကြွစွာဖြင့် အာနိုးပြန်ရောက်လာသည်။
ညနေပိုင်း ကစားချိန်သည် များသောအားဖြင့် အစိတ်အပိုင်းအသေးများသာ ကစားတတ်ကြသည်။ အထူးသဖြင့် ဗိုက်ခါးနှင့် ခြေသလုံးတို့ဖြစ်သည်။ ဂိုးလ်ဒ်ဂျင်မ်မှ ကစားသူများအားလုံး လိုလို ကစားတတ်ကြသော စနစ်ဖြစ်သည်။ ဝက်သစ်ချပင်ကြီးဝင်လာသည့်အခါ ဝေါလ်လာသည် အိပ်ထမတင် အကြိမ် ၆၀လောက်ရောက်နေပြီ ဖြစ်သည်။ ကွတ်ခ်ျသည် ခါးလှည့်နေပြီး ဂေဘယ်လ်သည် ထိုင်လျှက် ခြေဖျားထောက်ကြွကစားနေသည်။
ရွှာဇီနက်ဂါး၊ ကွတ်ခ်ျနှင့် ဂေဘယ်လ်တို့သည် ညနေပိုင်းတွင် ဗိုက်ခါးနှင့် ခြေသလုံးတို့ကို သီးသန့်စီလေ့ကျင့်ကြသည်။ သို့သော် ခြေသလုံးကစားနေစဉ် တစ်ဦးဦးအတွက် အလေးဝန်တိုးဖို့လိုအပ်လာလျှင် အဆင်သင့်တော့ ရှိနေကြသည်။
ဗိုက်ခါးသည် တခြား အစိတ်အပိုင်းများထက် အကြိမ်များများကစားရသောကြောင့် ကစားဖော်နှင့် ကစားလျှင် သိပ်အလုပ်မဖြစ်၊ နောက်တစ်ယောက်သည် သူ့အလှည့်ရောက်ဖို့ အကြာကြီးစောင့်နေရပေမည်။ ခြေသလုံးများသည်လည်း အများစု မြန်မြန်ကစားချင်သည့် အစိတ်အပိုင်းတစ်မျိုးဖြစ်သည်။
ရွှာဇီနက်ဂါးသည် ပေါင် ၅၀၀ အလေးဖြင့် မတ်တတ်ရပ် ခြေဖျားထောက်ကြွကို ၁၅ကြိမ် ၄ကျော့ကစားသည်။ ထို့နောက် ထိုင်လျှက် ခြေဖျားထောက်ကြွစက်ဆီသွားပြီး ၁၅ကြိမ် ၄ကျော့ကစားသည်။
ဗိုက်ခါးအတွက် ဗယ်လီရိုက်သည့် ခုံဆီသွားပြီး ဆယ်မိနစ် တောက်လျှောက် ဗယ်လီိကစားသည်။ ကြားထဲမှာ အခါအားလျော်စွာ ကိုယ်ကို ညှိပြီး ပြင်တတ်သည်။ ဂိုးလ်ဒ်ဂျင်မ်မှာ ကာယဗလကစားသမားများသည် ရင်အုပ်၊ နောက်ကျော၊ ဆုံ၊ ပေါင်နှင့် လက်မောင်းလေ့ကျင့်ချိန်များတွင် အပြင်းအထန် အသေအကြေကစားကြသော်လည်း ဗိုက်ခါးလေ့ကျင့်ချိန်ရောက်လျှင်တော့ ပုံမှန်လေး၊ လုပ်နေကြ အကျင့်ကလေးတစ်ခုလို ကစားတတ်ကြသည်။ သူတို့သည် ဗိုက်ကြွက်သားများသည် ပြင်းပြင်းထန်ထန် ဆိုသည်ထက် ဇွဲနှင့် ညီညီလေးကစားသွားဖို့သာ လိုသည်ဆိုတာ သိကြသည်။ ဗိုက်ခါးလေ့ကျင့်ခန်းများသည် ရွှာဇီနက်ဂါး၏ စိတ်သက်သာရာရစရာဖြစ်သည်။ ၎င်းအချိန်လေးများသည် တနေ့လုံးကမ္ဘာ့အကောင်းဆုံး ကာယဗလမောင်ဖြစ်ရသည်မှ သက်သာစေရုံသာမက သူ့ခေါင်းထဲမှာ ကျန်နေသေးသော စဉ်းစားစရာလေးတွေကို တွေးခေါ် ကြံစည်ဖို့ အချိန်အခွင့်အရေးလေးတွေဖြစ်သည်။ သရုပ်ဆောင်ဖို့၊ စီးပွားရေးတွေ တိုးချဲ့ဖို့နှင့် တနေ့သောအခါ ရုံးလုပ်ငန်းတွေအတွက် စီစဉ်ဖို့။ ဆိုကြပါစို့။ ကယ်လီဖိုးနီးယား မြို့တော်ဝန်လိုမျိုး…
Reference: Flex
Related posts:



















