Jun
27

သံဆူးကြိုးများ နောက်ကွယ်က Gym

Home > motivation, ကမ္ဘာ့သမိုင်းသို့ > သံဆူးကြိုးများ နောက်ကွယ်က Gym

“မင်း ကာယဗလမောင် ဖြစ်ချင်တာလား? ၀ိတ်မချင်တာလား?” ကျွန်တော် စကစားစဉ်တုန်းက ကျွန်တော့် ဆရာ မောင်ဗမာ ဦးချန်ထွန်း ပြောခဲ့သော စကားများဖြစ်သည်။ “မင်း ကာယဗလမောင်ပဲ လုပ်ချင်တယ်ဆို ငါ သင်မပေးနိုင်ဘူး။ ဘာလို့ဆို မင်း ဘယ်တော့မှ မထူးချွန်နိုင်ဘူး။ မင်းထူးချွန်ချင်ရင် ၀ိတ်မချင်တဲ့ စိတ်ရှိရမယ်။” ထိုစကားများကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်ပါ။ အဲသည့်စကားများကို ကာယဗလတွင်သာမက တစ်ခုခု လုပ်တော့မည်ဆိုသည့်အခါတိုင်းလည်း ပြန်လည်ကြားယောင်မိသည်။ ဒါသည် အပေါ်ယံနှစ်သက်ခြင်းမျိုးလား? တကယ် စိတ်ပါတာလား?

ကျွန်တော်တို့ လက်မောင်းကစားတာ လက်မောင်းကြီးချင်ရုံပဲလား? အောက်ပိုင်းကြီးဖို့ပဲ အောက်ပိုင်းထိုင်မှာလား? စဉ်းစားကြည့်ပါ။ လူသူမရှိသည့် ကျွန်းတစ်ကျွန်းပေါ် သင်ရောက်သွားသည်။ အဲဒီ့မှာ ရှိတာဆိုလို့ ဒမ်ဘယ်လ်တွေ၊ ဘာဘယ်တွေနဲ့ ၀ိတ်ပြားတွေသာရှိနေသည်။ သင်ဝိတ် မ ဦးမှာလား? သင်ဝိတ်ကစားနေတာကို ဂရုစိုက်မည့်လူ ရှိမည်မဟုတ်။ သင့်လက်မောင်းကြီးကို ဘယ်သူမှလည်း ကြည့်မည်မဟုတ်။ ကစားဦးမှာလား? ခေါင်းရမ်းမိလျှင် သင် ၀ိတ်ကစားနေသည်မှာ သူများအတွက် ကစားနေခြင်းဖြစ်သည်။ သင့်ဝိတ်ကစား လေ့ကျင့်ခြင်းသည် သူများအပေါ်မှာ မှီခိုနေခြင်းဖြစ်သည်။

တောထဲတောင်ထဲ တိရစ္ဆာန်တွေပဲ ရှိသည့်အနေအထားကဲ့သို့ လူ့အဖွဲ့အစည်းကနေ ပယ်ထုတ်ခံရပြီး လူဆိုးလူမိုက်တွေပဲ ရှိသည့် အနေအထားမှာဆိုလျှင်ရော? ကိုယ်ကစားတာကို ဘယ်သူကမှ မြှောက်စားမှာ မဟုတ်သည့် နေရာ။ တစ်နေ့ပြီး တစ်နေ့ဆိုတာ ဘာအဓိပ္ပာယ်မှ မရှိပဲ ရွှေ့လျားနေသည့် ကာလမှာရော ဒီအလေးတွေကို သင်ဘာလုပ်မည်လဲ?

ကျွန်တော်တို့ ကစားတော့မည်ဆိုလျှင် အနှောင့်အယှက်တွေကို ကြိုက်သလို ရှာလို့ရသည်။ အကြောင်းပြချက်တွေ လွယ်လင့်တကူရှိသည်။ ၀ိတ်မခြင်း၏ အနှစ်သာရကို မဖမ်းမိသေးသူများအဖို့ ထိုအကြောင်းပြချက်များနောက်သို့ မျောပါသွားမည်သာဖြစ်သည်။ ကျွန်တော်တို့ ဘယ်လောက် စိတ်ကျဉ်းကျပ် ပင်ပန်းနေလို့လဲ? ကမ္ဘာ့အဆိုးရွားဆုံး ထောင်ကြီးတစ်ခုထဲမှာ တသက်တကျွန်း နေရမည့်လူများလောက် စိတ်ညစ်နေလို့လား? ဤဆောင်းပါးကို Men’s Health Journal Jan/Feb 2007 issue ထဲမှ ဘာသာပြန်ထားခြင်းဖြစ်သည်။ ကြမ်းတမ်းသာ စကားများ ပါဝင်နိုင်ပြီး ဘာသာတရား အချို့ကို ထိပါးနိုင်သော စကားများ ပါရှိသွားလျှင် မူရင်းစာရေးသူ၏ အာဘော်သာဖြစ်ကြောင်း။ (Jan/Feb 2007 Men’s Health(UK edition) Page No.128)

#

ဓားသွားကဲ့သို့ ချွန်ထက်လှပြီး အထပ်ထပ် ရစ်ပတ်ထားသော သံဆူးကြိုးများသည် Montana ပြည်နယ် ထောင်ကြီး၏ ပတ်ပတ်လည်ကို ဆယ့်ခြောက်ပေအမြင့်ထိ ရောက်အောင် ကာရံထားသည်။ လက်နက်များနှင့် ထောင်မှုးများသည် ပေတစ်ရာ အမြင့်ရှိသော မျှော်စင်များထိပ်ရှိ ကျဉ်ကာ မှန်များ နောက်ကွယ်တွင် စောင့်ကြည့်နေသည်။ နေ့စဉ်နေ့တိုင်း နေ့လယ် နှစ်နာရီအတိအကျဆိုလျှင် သူ့ဘ၀အတွက် ပြန်လည် အဖတ်ဆယ်နေသည့် George Demers ဆိုသူ၏ ပေးဆပ်မှု စတင်ပြီဖြစ်သည်။

Demers သည် ထောင်ဝင်းကြီးအတွင်းရှိ အလေးစင်များနှင့် ဘာဘယ်များဆီသို့ လူသတ်သမားများ၊ မုဒိမ်းကောင်များကို ကျော်ဖြတ်လျှောက်လာသည့်အခါတိုင်း ရိုရို ကျို့ကျို့ပဲ သူလမ်းလျှောက်တတ်သည်။ တခြား ကလိမ် ကကျစ်ကောင်များသည် ၀ိတ်များ၏ နံရံများကို ပျော့တီးပျော့ခွေ မှီလျှက် သတိကြီးစွာဖြင့် တီးတိုးတီးတိုး ပြောဆိုနေကြသည်။ ဤ၀င်းခြံသည် အမှတ်ရလဒ်များကို ဖြေရှင်းမည့် နေရာဖြစ်သည်။ ဤနေရာသည် အကြည့်တစ်ချက်လွဲသွားသည်ဖြစ်စေ၊ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ပေါ့ပေါ့သဘောထားလိုက်သည်ဟု ထင်ခံလိုက်ရသည်ဖြစ်စေ၊ မရှင်းရသေးသည့် ဂလဲ့စားရှိနေလျှင်ဖြစ်စေ ကိုယ့်နောက်ကျောမှာ ဓားပေါက်ရာတွေ ဗလပွဖြစ်သွားမည့် နေရာဖြစ်သည်။

အများစုကတော့ Demers နှင့် အကြည့်ချင်း မဆုံမိအောင် ရှောင်ကြသည်။ တောင့်တင်းသော ခန္ဓာကိုယ်နှင့် နီဝါရောင် အမွှေးပိုင်ရှင် သူသည် ထောင်သား အသစ်လူငယ်များကို အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း မခံရအောင် သို့မဟုတ် နိုင်ထက်စီးနင်း အပြုမခံရအောင် ကာကွယ်ပေးသော သူဖြစ်သည်။ အကျဉ်းမှုးများသည် အသစ်ဝင်ရောက်လာသော ထောင်သားများကို မကြာခဏဆိုသလို အသစ်နေရာမှာ မထားဘဲ (များသောအားဖြင့် ထောင်သားသစ်များကို အဓိက ထောင်မကြီးဆီသို့ မပြောင်းမီ အကျင့်ရအောင် ခဏထိန်းထားသော နေရာမှာ ထားလေ့ရှိသည်) ဤအန္တရာယ်များလှသော နေရာကို တခါတည်း ရွှေ့ပစ်တတ်ကြသည်။ သူ့ကို တာဝန်ပေးတတ်သည့် သဘောပင်ဖြစ်၏။ “ဒီပတ်ဝန်းကျင်ကို ရောက်လာတဲ့ လူသစ်တစ်ယောက်ကို လိင်ကိစ္စတွေရဲ့ သားကောင်တစ်ကောင် ဖြစ်သွားဖို့ ကျွန်တော် ခွင့်ပြုမှာ မဟုတ်။” မျက်လုံးများကို နိမ့်ချလျှက် ၄၄ နှစ်ရှိပြီဖြစ်သော Demers က ပြောသည်။

ယနေ့ လေ့ကျင့်ချိန်တွင် စမည်မှာ သံချေးတွေ တိုက်ချွတ်ထားသော ဘားရှည်နှင့် ဖြစ်သည်။ ဘားရှည်ကို ညွှတ်နေအောင် အလေး ကီလို ၂၃၀ ထည့်ထားသည်။ ထောင်ဝတ် အပြာရောင် ဂျင်းအ၀တ်များ ၀တ်ထားသော Demers သည် အောက်ပိုင်း မထိုင်ခင် အသက်ကို ပြင်းပြင်း ရှိုက်ရှုလိုက်သည်။ သူ၏ ထူထဲသော၊ အသားမာတက်နေသာ လက်များဖြင့် ဘားကို ဆုတ်ကိုင်လိုက်သည်။ သူသည် သုံးကြိမ် ခုန်ပေါက်လိုက်သည်။ ပြီးတော့ စတင်ပေါက်ကွဲတော့သည်။ သူ့မျက်နှာသည် ပြင်းထန်သော ဒုစရိုက်ကောင် အသွင် ရုတ်ချည်းပြောင်းလဲသွားကာ ဘားကို လေထဲသို့ မြှောက်တင် မလိုက်သည်။ အလေးကို အောက်သို့မချင်ခင် သူတကိုယ်လုံး တုန်ယင်နေသည်။ ထိုင်ထလုပ်တော့လည်း မြေပြင်တစ်ခုလုံး ငလျင်လှုပ်သလိုပင် တုန်နေသည်။

သူသည် နုနယ်သေးသော ၂၄နှစ်အရွယ်တွင် ဤထောင်တံခါးပေါက်များထဲကို စတင်ဝင်ရောက်လာသည်မှာ အခုဆိုလျှင် ဤနံရံများကြားမှာ ၁၈နှစ်တောင် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ထိုအပြစ်ဒဏ်သည် သူ့ရည်စားက သစ္စာဖောက်ခဲ့သည်ဟု ၀န်ခံပြီးနောက်မှာ သူ့ရည်းစားကို သတ်ခဲ့တာရယ်။ နောက်ထပ် ဒေါသမာန်ဟုန်များနှင့် လူသတ်ကောင် ဖြစ်လာတာရယ် စသည်တို့အတွက် ပေးဆပ်ရမည့် အပြစ်၏ လေးပုံတစ်ပုံပင် မရှိသေးပါ။ အဲသည့်တုန်းက ဖြစ်ခဲ့တာတွေကို သူဝန်ခံသည်။ ကိုယ်တိုင်လည်း ဘိန်းစွဲခဲ့သလို၊ မူးယစ်ဆေးဝါးတွေလည်း အရောင်းအ၀ယ် လုပ်ခဲ့သည်။ “ကျွန်တော့် ရာဇ၀တ်မှုတွေအတွက် ကျွန်တော် ယူကျုံးမရ ၀မ်းနည်းမိတယ်။” သူဆိုသည်။ ”ကျွန်တော် နေ့စဉ်နေ့တိုင်း စိတ်မကောင်း ဖြစ်ရတယ်။”

သံတိုင်များ နောက်ကို ရောက်သွားသည်နှင့် တပြိုင်နက် သူသည် သူ့သဘောတရားတွေကို လုံးလုံးလျားလျား ပြောင်းလဲပစ်သည်။ အရက်နှင့် မူးယစ်ဆေးတွေကို သူဖြတ်သည်။ အသားပင် မစားတော့ပဲ သတ်သတ်လွတ်သာ နေ့တိုင်း စားတော့သည်။ နောက်ပြီး အလေးကစားခြင်းကို အစွဲအလမ်းကြီး စွဲလမ်းသွားသည်။ ၀ိတ်မခြင်းနှင့် ပတ်သက်ပြီး ရှိသမျှ စာအုပ်တွေကို ဖတ်တော့သည်။ ခန္ဓာဗေဒကို လေ့လာသည်။ ဇီဝကမ္မအကြောင်းတွေကို ကျက်မှတ်သည်။ ကြွက်သားတည်ဆောက်ပုံတွေကို မှတ်ယူသည်။

ပထမတော့ မလွယ်ပါ။ သူသည် ၀င်းခြံထဲတွင် နှစ်ခါ တိုက်ခိုက်ခံရသည်။ သူ ကျူးလွန်ခဲ့သော ရာဇ၀တ်များကို သိပြီး ကလဲ့စားချေလိုသည့် ဆိုးသွမ်းလှသော ထောင်သားအုပ်စုတစ်စုမှ အနိုင်ကျင့်ခြင်းဖြစ်သည်။ gym သည် အန္တရာယ်ရှိသော နေရာအဖြစ် ထောင်ထဲတွင် နာမည် ကြီးခဲ့စဉ်က – “တစ်ကောင်ဆိုလျှင် ကျွန်တော် ပက်လက်အိပ်ရင်အုပ်တွန်း နေစဉ်မှာ ကျွန်တော့်ကို ဓားနှင့်ထိုးဖို့ ကြိုးစားခဲ့တယ်။” သူပြောသည်။ သို့သော် Demers က ပြန်ခုခံ နိုင်ခဲ့သည်။ အဲသည့်နောက်မှာတော့ သူ့ကို လွှတ်ထားလိုက်ကြတော့သည်။ တဖြည်းဖြည်းနှင့် သူသည့် သူ့ကိုယ်ကာယမှာ ကြွက်သားထုချည်း ကီလို ၄၀ လောက်တင်လာနိုင်သည်။ သူ့ရဲ့ ၆၈ ကီလို ပိန်ညောင်လေးဘ၀မှ ၁၁၀ ကီလို ဘီလူးကြီး ဖြစ်လာသည်။ သူသည် ထောင်ထဲမှ အလေးမပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး တန်တစ်တန်၏ သုံးပုံတစ်ပုံလောက် လေးသည့် ၃၁၈ ကီလိုကို ဒတ်လစ်ဖ် ဆွဲပြကာ ထောင်ထဲမှ စံချိန်ကို ချိုးနိုင်ခဲ့သည်။ သူ့၏ အလေးကစားခွင့် အခွင့်အရေးကို ဆုံးရှုံးသွားမှာ စိုးရိမ်သောကြောင့် သူ၏ ထောင်မှတ်တမ်းတွင် အမည်းအစွမ်း မရှိစေအောင် နေထိုင်ခဲ့သည်။ လေ့ကျင့်ကစားခြင်းသည်သာ သူ့အတွက် အရာရာဖြစ်သည်။ “ကျွန်တော် ဒဿနိက ဗေဒတွေကို လေ့လာခဲ့တယ်။ ဘာသာရေးပေါင်း များစွာထဲကို ထဲထဲဝင်ဝင် စူးစမ်းခဲ့တယ်။ သမ္မာကျမ်းစာကိုဖတ်တယ်။ ကုရ်အာန်ကိုဖတ်တယ်။” သူက တစ်ကျော့ကစားပြီးလို့ နားလျှက်က ပြောသည်။ “ဒါပေမယ့် အလေးမတာ ကလောက် ကျွန်တော့်အတွက် အများကြီး မရဘူးဖြစ်နေတယ်။ ကျွန်တော့်အတွက် အလေးတွေသည် ဘာသာရေးဖြစ်သည်။”


အတွင်းထဲမှ ပြောင်းလဲမှုများ

သို့သော် ထောင်ထဲမှ အလေးမခြင်းသည် အမေရိကတွင် တခါမှ ဤကဲ့သို့လောက် အငြင်းမပွားခဲ့ဖူးပါ။ ၁၉၉၀ ပြည့်နှစ် စောစောပိုင်းလောက်တွင် ထောင်ဆိုသည်ကို ပြန်လည်ထူထောင်ဖေးမပေးသည့် နေရာတစ်ခုအဖြစ် မယူဆကြဘဲ အပြစ်ပေးရာ နေရာတစ်ခုအဖြစ်သာ မှတ်ယူကြသည်။ Arizona ထောင်သည် အလေးနှင့် အလေးကစားဖို့ ပစ္စည်းများကို ပထမဆုံး ဖျက်သိမ်းပစ်သော ထောင်ဖြစ်သည်။ “လူဆိုးတွေ ထောင်ထဲဝင်သွားတယ်။ ပြန်ထွက်လာတော့ ပိုထွားကျိုင်းပြီး ပိုဆိုးလာတယ်လို့ ပြည်သူတွေက မြင်ကြတယ်။” Arizona အကျဉ်းဦးစီး တစ်ယာက်က ဆိုသည်။

နောက် တခြား ပြည်နယ်ထောင်များက လိုက်လုပ်လာသည်။ Calfornia, Oklahoma, Alaska, Connecticut, Rhode Island နှင့် Mississipi စသည်ဖြင့်။ တချို့ထောင်များက ခန္ဓာကိုယ် အပေါ်ပိုင်း ကစားခွင့်မပြု။ တခြားထောင်များ ဥပမာ Louisiana ကတော့ အကျဉ်းသားများသည် ၄၅ ကီလို ထက် ပိုမလို့ မရဟု သတ်မှတ်ထားသည်။ Montana သည်သာ တစ်ခုတည်းသော အလေးမခြင်းကို မကန့်ကွက်သည့် ထောင်ဖြစ်သည်။

နှစ်စဉ် နိုင်ငံရေးသမားများသည် ထောင်ထဲမှ အလေးတွေကို တားမြစ်ဖို့ ကြိုးစားကြမြဲဖြစ်သည်။ ၁၉၉၉တွင် Republican Randy “Duke” Cunningham သည် ထောင်ထဲမှ အလေးမခြင်းကို မူးယစ်ဆေးဝါးသုံးစွဲခြင်းနည်းတူ တားမြစ်ဖို့ ကြိုးစားခဲ့သည်။ ထောင်ထဲမှ အစာအာဟာရကိုလည်း လျှော့ချဖို့ တိုက်တွန်းခဲ့သည်။ နောက်ဆုံးတော့လည်း သူကိုယ်တိုင် March 2006 တွင် ထောင်ထဲဝင်ရသည်။ အခွန်အမြတ်များစားပြီး လာဘ်ထိုးငွေ $ 2.4 million စားခဲ့သောကြောင့် ထောင် ၈နှစ်ကျသည်။

ရှုတ်ချပုတ်ခတ်သူတို့၏ ထောက်ခံမှုတွေကလည်း အများအပြားပင်ဖြစ်သည်။ ရာဇ၀တ်ကောင်များသည် ထောင်မှုးများထက် ထွားကျိုင်းသွားလိမ့်မည်။ သူတို့ ထောင်ကထွက်လျှင် ပိုကြီးမားလာပြီး ပို အန္တရာယ်များလာလိမ့်မည်။ အလေးမခြင်းသည် တရားခံများကို စိတ်ဓာတ်တွေ ပိုပြင်းထန်ရက်စက် လာစေလိမ့်မည်။ အလေးတွေကို လက်နက်တွေ၊ ထောင်ဖေါက်ပစ္စည်းတွေအဖြစ် အသုံးပြုလာနိုင်သည်။ သို့သော် ထောင်ထဲမှာ အလေးကစားခြင်းတွင် ကောင်းသော သမိုင်းကြောင်းတွေကလည်း ရှိသည်။ ၁၉၄၀ ပြည့်နှစ်ပိုင်းကတည်းက နာမည်ကြီးခဲ့သည်။ တချို့ထောင်များတွင် ပြည်သူလူထုထဲကနေ ထောင်သားတွေနှင့် လာပြိုင်သည်အထိ နာမည်ရှိသော အလေးမပြိုင်ပွဲများ ရှိသည်။ အလေးမခြင်းကို လိုက်စားခြင်းသည် မြင့်မြတ်သော အလုပ်တစ်ခုဟု ယူဆကြသည်။ စိတ်ဓာတ်စည်းကမ်းနှင့် ကိုယ့်ကိုကိုယ် လေးစားသူများသာ ကစားကြသည်ဟုလည်း မှတ်ယူကြသည်။

ထို့ကြောင့် အမေရိကန်ထောင်တွေက အလေးတွေသည် ထောင်သားတွေကို ဗလတွေကြီးလာ၊ သန်မာလာအောင် လုပ်နေသည်ပေါ့? သို့မဟုတ် George Demers သက်သေခံခဲ့သလို ကစားပြီးနောက် စိတ်ဓာတ်များ တည်ငြိမ်သွားအောင် ပေးဆပ်သည့်နေရာတစ်ခု လို့ ယူဆနေကြသည်လား?

Montana State ထောင်ကို ထောင်ဝင်စာလာတွေ့မည်ဆိုလျှင် တံတိုင်းနှစ်ထပ်ကာထားသော လုံခြုံရေးအဆောင်ကြီးကို ကားနှင့်ဖြတ်သွားရမည်ဖြစ်သည်။ အဆောက်အဦး၏ ဘေးတွင် နို့နှစ်ရောင် အဆောင်တွဲတစ်ခုကို တွေ့နိုင်သည်။ ထိုအဆောင်တွဲကို သေခြင်း တံခါးဟုလည်း ခေါ်သည်။ သြဂတ်စ်လတုန်းက ဤနေရာတွင် David Dawson ဆိုသူကို ဆေးထိုးပြီး သတ်ရန် သေမိန့်ပေးခဲ့သည်။ သူသည် ၁၉၈၆တုန်းက လင်မယားနှစ်ယောက်နှင့် သူတို့၏ ၁၁ နှစ်အရွယ်သားတစ်ယောက်ကို မိုတယ်တစ်ခုမှာ သတ်ပစ်ခဲ့ခြင်း၏ အပြစ်ဒဏ်ဖြစ်သည်။

“သူအသတ်ခံရလိုက်ကတည်းက ထောင်သားအားလုံးက သူတို့ အလေးမ ကစားချိန်ကို ပိတ်တော့မလားဆိုပြီး စိုးရိမ်နေကြတယ်။” အလေးမခြင်းမှ အကျဉ်းအရာရှိ William Sanders က ဆိုသည်။ ထောင်သား ၁၃၀၀ လောက်ရှိသော ဤထောင်သည် နှစ်စဉ်နှစ်တိုင်း ဂျူလိုင်နှင့် ဒီဇင်္ဘာဆိုလျှင် အလေးမပြိုင်ပွဲများ ကျင်းပလေ့ရှိသော အစဉ်အလာနှင့် နာမည်ကြီးသည်။ the Mind & Muscle Bar-Bell Club ကို အသင်းဝင်သူတိုင်း ကစားသူတိုင်း ပြိုင်ပွဲဝင်ပြိုင်နိုင်သည်။ “အလေးမခြင်းသည် ဒီလူတွေ ရနိုင်တဲ့ တစ်ခုတည်းသော လွတ်လပ်မှုပါ။” Sanders က ပြောသည်။

အလေး ဘားများ၏ စည်းမျဉ်း

ထောင်ကို လုံခြုံရေး အမြင့်နှင့် လုံခြုံရေး အနိမ့် အပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းစီတွင် သူ့ gym ကိုယ်စီရှိသည်။ လုံခြုံရေး အနိမ့်အပိုင်းတွင်တော့ ကွင်းပြင်မှာ ထွက်ကစားခွင့်ရသည်။ လုံခြုံရေး မြင့်သော အပိုင်းတွင်တော့ အကျဉ်းသား အနည်းငယ်သည် ဘတ်စကတ်ဘော ကစားကြပြီး ကျန်တာသည် ဘားရှည်များ၊ ၀ိတ်များ၊ စက်များနှင့် ကစားကြသည်။ စပိန်စကားပြောသော အမေရိကန် ထောင်သားတစ်စုသည် ကျွန်တော့် (မူရင်းစာရေးသူ) ကင်မရာကို မြင်သည်နှင့် သူတို့ကစားနေတာကို ရပ်ပြီး gym အပြင်ဖက်ထွက်လာကာ မျက်မှောင်တွေ ကြုတ်ပြီး ကြည့်ကြသည်။ စူးရှားရှား အနံ့က ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသလို သိသာလှသော တင်းမာမှုတွေကိုလည်း ခံစားနိုင်သည်။ အပြာရောင်နှင့် ဆွဲထားသော နတ်ဘုရားပုံ တက်တူးများ အပြည့်နှင့် (ထိုတက်တူးအမျိုးအစားသည် ထောင်ထဲမှ အမှတ်အသားဖြစ်သည့် ငရဲမီး အပြာရောင်နှင့် ထိုးထားခြင်းဖြစ်သည်) အသားဖြူ ထောင်သား နှစ်ယောက်သည် အပြင်းအထန် ကစားနေကြသည်။ ၀ါညိုရောင် ထောင်အ၀တ်နှင့် ခုံစောင်းပေါ် လက်တင် လက်မောင်းကွေး ကစားနေသူကတော့ အသက် ၄၇နှစ် ရှိသည့် Larry Seybert ပင်ဖြစ်သည်။ သူသည် ဘိန်းဖြူရောင်းရင်းက သေနတ်ကိုင်ကာ ကလပ်တစ်ခုကို ဓားပြတိုက်ခဲ့သူဖြစ်ပြီး နှစ်သုံးဆယ် ထောင်ကျထားသူဖြစ်သည်။ ထိုအထဲကို ထောင်စောင့်များနှင့် ရန်ဖြစ်တိုက်ခိုက်ရာမှ နောက်ထပ် ၁၀နှစ် ထပ်ကျသည်။ Seybert သည် မကြာသေးမီကမှ သူနှစ်နှစ်ခွဲကျော် နေခဲ့ရသည့် အန္တ္တရာယ်အများဆုံးလူများ ထားသော အဆောင် (လုံခြုံရေး အမြင့်ဆုံးအဆောင်) မှ ရွှေ့လာသူဖြစ်သည်။ အဲသည့်တုန်းက တစ်နေ့ကို ၂၃နာရီနှင့် နာရီဝက် တိုက်ပိတ်ခံထားရပြီး အလေးကစားဖို့ဆိုသည်မှာ အလှမ်းဝေးလွန်းသည်။

“လေးဖက်လေးလံ ပိတ်ထားတဲ့ တိုက်ခန်းထဲ သောက်ကျိုးနည်း အကြာကြီးနေခဲ့ရတယ်ကွာ။” ကြီးမားလှသော သူ့ဆုံကြီးတွေကို နိမ့်ချကာ ပြောသည်။ “အဲဒါ ဆေးဖြတ်ရသလိုပဲ။ အရမ်းထိတ်လန့်စရာ ကောင်းတယ်။ အခုဆိုရင်တော့ နေ့တိုင်းဟာ ငါ့အတွက် အားလပ်ရက်တွေလိုပဲ ခံစားရတယ်။”

ထောင်ထဲမှ အလေးကစားခြင်း၏ အသိသာဆုံး အချက်သည် အကျဉ်းသားများအားလုံးက သူတို့၏ အလေးကစားရသည့် အခွင့်အရေး ဆုံးရှုံးမသွားရအောင် ထိန်းသိမ်းကြခြင်းဖြစ်သည်။ “ထောင်မှုးတွေက သည်မှာ ပြဿနာလေး နည်းနည်းရှိလိုက်တာနဲ့ ဒီgym ကို ပိတ်ပစ်မှာပဲ။” Seyberts ကပြောသည်။ “ဒီမှာ အဓိက စည်းမျဉ်းက ကိုယ့်ကိုကိုယ် ထိန်းဖို့ပါပဲ။ တစ်ယောက်ယောက်က သောက်ပြဿနာရှာရင် အဲဒါ့ဟာ အကုန်လုံးအတွက် သောက်ပြဿနာ ဖြစ်သွားလိမ့်မယ်။” သူ့မျက်လုံးများကို ကျဉ်းလိုက်ပြီး လည်ချောင်းထဲကနေ ဟတ်ရယ်လိုက်သည်။ “တစ်ယောက်ယောက်က အကုန်လုံးနှင့် ယှဉ်ပြီး ပြဿနာရှာတယ်ဆိုရင်တော့ အဲဒီ့ကောင် ထောင်ပြောင်းချင်လို့ပဲ ဖြစ်လိမ့်မယ်။”

ထောင်သားအများစုအတွက် လေ့ကျင့်ခြင်းဟူသည် ထောင်ထဲမှ စိတ်ဖိစီးမှုကို လျှော့ထုတ်ပစ်ရာ နေရာဖြစ်သည်။ “ထရပ်ကားတစ်စင်းရဲ့ pressure valve ကို ဖွင့်လိုက်တဲ့အခါ ဘယ်လိုနေလဲ။ တစ်စီးလုံးရဲ့ ရေနွေးငွေ့တွေ ထွက်ကုန်တယ်မလား?” ကယ်လီဖိုးနီးယား ထောင်မှ ပြောင်းလာသူ Randolph William ၃၁နှစ်က ပြောသည်။ ”အလေးတွေကလည်း ကျွန်တော်တို့အဖို့ အဲသည်လိုပါပဲ။”

Okalahoma State University က Sport Psychology မှ Professor Steve Edwards က ဆိုသည်မှာ “အလေးကစားခြင်းမှာ ခွန်အားတွေ အများကြီးလိုအပ်တယ်။ ဒါကြောင့်လည်း ထောင်သားတွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေကို ပေါက်ကွဲပစ်နိုင်ခြင်းဖြစ်သည်။” သူပြောသည်။ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ပိုင်း ဆိုင်ရာ ပြင်းထန်ရက်စက်လာစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့်မို့တောင် သူတို့ကို စိတ်ဓာတ်သန်မာလာစေသည်။ ခေါင်းဆောင် အရည်အချင်းတွေ နိုးကြွလာစေသည်။ ဒါနဲ့ပတ်သက်ပြီး မကောင်းပြောဖို့ဆိုတာ စကားလုံးတွေ ခေါင်းထဲက ကောင်းကောင်း ထွက်မလာတိုင်း ဘောပင်ကို အပြစ်တင်တာမျိုးနဲ့ တူနေတယ်။”

ပြန်လည် ချေပချက်

သို့သော် ၎င်းကြောင့် အကျဉ်းသားများ ပိုဆိုးလာလေသလား? ဒါမျိုးကို George Dermers က အလျှင်အမြန် ချေပသည်။ “အဲဒါကြောင့် ရာဇ၀တ်စိတ်ဓာတ်ပို မဆိုးပါဘူး။ လုံးဝကို ပိုမဆိုးပါဘူး” သူပြောသည်။ ”ဒီပတ်ဝန်းကျင်မျိုးမှာ အန္တရာယ်အရှိဆုံး ကောင်တွေဟာ ပုံမှန် ခန္ဓာကိုယ်ဆိုဒ်နဲ့ ကီလို ၇၀ ၀န်းကျင်လောက်က ကောင်တွေပဲ။ အဲဒီ့လိုကောင်တွေဟာ မင်းတစ်ကိုယ်လုံး အပေါက်တွေ ဖြစ်သွားအောင် ထိုးသတ်မယ့်ကောင်တွေ။ မင်းအသက်ကို ကယ်မယ့်ကောင်တွေဆိုတာ ၀ိတ်မတဲ့ သဘောတရားတွေကို လိုက်စားတဲ့ ကောင်တွေပဲ။ သူတို့ဟာ ဒီနေရာမှာ အကျိုးနွံဆုံးနဲ့ အကောင်းမွန်ဆုံး ဆက်ဆံမယ့်ကောင်တွေပါ။ အပြင်မှာဆိုတာက ရန်မီးစ ပွားဖို့ဆိုတာ လွယ်လွယ်လေးပါ။” သူ့ပြင် တခြားလူများစွာလည်း ရှိသေးကြောင်း George က ၀န်ခံသည်။ “သူတို့တွေဟာ လက်မောင်းထု လက်မ၀က်တက်သွားသလို စိတ်ဓာတ်ကျင့်ဝတ်လည်း တက်သွားကြတယ်။”


အလေးမခြင်းကို ဆန့်ကျင်သူများကတော့ နဂိုကတည်းကမှ တက်စတိုစတီရုန်းတွေ များနေတဲ့နေရာမှာ အလေးကစားခြင်းကြောင့် တက်စတိုစတီရုန်းတွေ ပိုတက်သွားသည်မှာ ကြီးမားသော အန္တရာယ်ဟု ဆိုကြသည်။ သို့သော် ၎င်းအချက်သည် အနည်းဆုံးဆိုရလျှင် အငြင်းပွားဖွယ်သာဖြစ်သည်။ ကာယဗလကစားခြင်းသည် တက်စတိုစတီရုန်း နည်းနည်းတက်သည်ဟု ပြထားသော်လည်း ထိုအချက်သည် ပုံမှန်နှင့် အနည်းဆုံးတက်ခြင်းသာ ဖြစ်သည်။ ဟားဗတ် တက္ကသိုလ်မှ Associat Professor of Medicine, Richard Spark ၏ အဆိုအရ “အလေးကစားခြင်းသည် တက်စတိုစတီရုန်းကို လုံးဝ မတိုးပွားစေပါ။”

ထောင်တွင်း အလေးမခြင်းကို ကာကွယ်သူများကတော့ အလေးမခြင်း သို့မဟုတ် ကာယဗလမှာ လိုအပ်သော စိတ်ဓာတ်စည်းကမ်းသည် စိတ်လိုက်မာန်ပါ လုပ်တတ်သည့် ရာဇ၀တ်ကောင်များနှင့်တော့ မကိုက်ညီပါ။

“သူတို့တွေ အာနိုး ဗီဒီယို ပြလိုက်ပြီဆိုတာနဲ့ နောက်ရက်ဆိုရင် gymမှာ ရှုပ်ယှက်ခက်သွားတယ်။” Demers က ရယ်လျှက် ပြောသည်။ “သူတို့က ထင်နေတယ်။ ငါတော့ အလေးမလိုက်ရင် အဲသည်လို ဖြစ်လာမှာပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒါ ခက်တယ်ဆိုတာ တွေ့လာတယ်။ စည်းကမ်းနှင့် အားထုတ်မှုတွေ လိုအပ်တယ်ဆိုတာ သိလာတယ်။ သူတို့အများစုကတော့ အဲသည့်အပိုင်းတွေကို မကြိုက်ကြဘူး။”


အလေးကို ပြင်းပြင်းထန်ထန် ကစားသည့် အကျဉ်းသားများအတွက်ကလည်း ကစားနည်းတွေနှင့် ကစားချိန်တွေကို ထိန်းသိမ်းဖို့က ခက်လာပြန်သည်။ ထောင်သားများကို တနေ့ နှစ်ချိန် နေ့လယ် ၂နာရီနှင့် ညနေ ၆ နာရီမှာ မိနစ်ငါးဆယ်စီ အနားယူချိန်ပေးထားသည်။ သို့သော် ထောင်အလုပ်များကို လုပ်ရသောကြောင့် ပထမမိနစ် ငါးဆယ်ကို အများစုသည် လွတ်မြဲဖြစ်သည်။ ထို့ကြောင့် တစ်နေ့ မိနစ်ငါးဆယ်သာ ကစားချိန်ရသည်။ လွန်ခဲ့သည့် သုံးနှစ်တုန်းက သူတို့ကို creatine နှင့် တခြား supplement များ သုံးစွဲခွင့်ပေးထားသော်လည်း နိုင်ငံရေးသမားများ၏ ဖိအားကြောင့် တားမြစ်လိုက်ရသည်။ Demers သည် သူလိုအပ်သော ပရိုတိန်းပမာဏစားသုံးဖို့ရာ အခက်တွေ့ရသည်။ ထောင်မှာကျွေးသည့် စုတ်ပြတ်နေသော အစားအသောက်တို့သည် ထောင်သားများကို လိုအပ်သော ပရိုတိန်း မရရှိစေအောင် လုပ်ထားပြီး အားနည်းပျော့ခွေနေအောင် ကျွေးထားခြင်းသာဖြစ်သည်။ သို့သော်လည်း အဲဒါသည် သူ့ကို ပိုပြီး စိတ်ဓာတ် ခိုင်မာလာအောင် လုပ်နေခြင်းသာ ဖြစ်သည်။

Montana မှ ပေးဆပ်ခြင်း

အမေရိကမှ အုပ်စုလိုက်လွှမ်းမိုးသော၊ လူမှုရေးအရ ပိုင်းခြားထားခြင်းခံရသော ထောင်အဖွဲ့အစည်း စနစ်များတွင် စိတ်ထိခိုက် ပေါက်ကွဲခြင်းနှင့် ထိတ်လန့် တုန်လှုပ်ခြင်းတို့မှ လွတ်မြောက်လမ်းဆိုလျှင် ကြိုဆိုချင်ကြစမြဲဖြစ်သည်။ US သည် တခြားနိုင်ငံများထက် ပိုပြီး ထောင်သွင်း အကျဉ်းချမှုများသည်။ ဘယ်အချိန်မဆို ကြည့်လိုက်လျှင် လူကြီး အယောက် ၁၅၀မှာ တစ်ယောက်သည် သံတိုင်များ နောက်မှာ ရောက်နေသည်။ ၁၉၉၅မှ ၂၀၀၅ အတွင်း ထောင်သားဦးရေသည် တစ်နှစ်ကို ၃.၄% တိုးလာစမြဲဖြစ်သည်။ ယခုဆိုလျှင် ထောင်သားဦးရေ နှစ်သန်း ကျော်နေပြီဖြစ်သည်။

လူဖြူထောင်သားအဖွဲ့ထဲမှ တစ်ယောက်ဖြစ်သည့် Jason Larcam က ကျွန်တော့်ကို ပြောသည်။ “သူတို့ အလေးတွေကိုသာ ပြန်သိမ်းသွားမယ်ဆိုရင် နေ့တိုင်း ရန်ဖြစ် သတ်ဖြတ်တာတွေ ဖြစ်နေမှာ အမှန်ပဲ။ တချို့ကောင်တွေဆို သူတို့ကို ကျွန်တော်ကြည့်လိုက်တဲ့ ပုံစံကို မကြိုက်ကြဘူး။ သူတို့ အလေးတွေကိုသာ မချရင် ကျွန်တော့်ကို ချမှာ သေချာပေါက်ပဲ။” ပြောရင်းနှင့် သူ့အင်္ကျီလက်မောင်းကို မသည်။ အဲသည့်မှာ သူတခြားတစ်ယောက်ကို ဓားထိုးခဲ့သောကြောင့် အပြစ်ပေးခံရသည့် လျှပ်စီးတိုက်ထားသော ဒဏ်ရာ နှစ်ချက်ကို ပြသည်။ ထောင်ဆိုသည်မှာ ပြင်းထန်သော နေရာဖြစ်သည်။ ရင်ဖွင့်ပြီး နာကျဉ်းချက်တွေ ပေါ့ပါးစေသော နည်းလမ်းဆိုတာ မရှိလျှင် ထောင်သည် ပိုပြင်းထန်လာသော နေရာတစ်ခု ဖြစ်သွားလိမ့်မည်။

“gym သည် စိတ်ဖိစီးမှုကို ရင်ဆိုင်စရာ အကောင်းဆုံးနေရာဖြစ်သည်။ အဲသည့်နေရာသည် အကျဉ်းသားများ၏ လူ့အဖွဲ့အစည်းအပေါ် သူတို့ ပေးဖို့ ကျန်နေသည့် အကြွေးတွေ ဆပ်ရာ နေရာဖြစ်သည်။” ထောင်ပိုင် Mike Mahoney က ပြောသည်။ သူသည် အလေးကစားခြင်းနှင့် ပတ်သက်လာလျှင် ငှက်ဆိုးထိုးသလိုပင် ခုခံပြောဆိုတတ်သည်။ “ပြုပြင်ပြောင်းလဲရေးမှာ ကိုယ်လမ်းပေါ် ပြန်တင်လိုက်မယ့် အရာကို ကြည့်တတ်ရမယ်။” သူပြောသည်။ “အလေးတွေသည် သူတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်စိတ် တည်ဆောက်စေသည်။ ရည်မှန်းချက်တွေ ဖြစ်ပေါ်စေသည်။ ပြီးတော့ သူတို့ရဲ့ ရလဒ်တွေကို မှန်ထဲမှာ ပြန်မြင်ယောင်စေသည်။ သူတို့ရဲ့ အချိန်တွေကို စီမံခန့်ခွဲတတ်စေသည်။ သူတို့ ထောင်ကထွက်သည့်အခါမှာလည်း ဘ၀တလျှောက်လုံး အဲသည့်အတိုင်း ဆက်လုပ်သွားနိုင်သည်။”

စာတမ်းတွေမှာဆိုလျှင် အလေးမခြင်းနှင့် ပတ်သက်ပြီး အဆိုးထက် အကောင်းကို သိသိသာသာ တွေ့ရှိရသည်။ အလေးကစားခြင်းသည် စည်းကမ်းသေသပ်ခြင်းနှင့် ယုံကြည်စိတ်ချခြင်း တိုးပွားစေသည်။ ထို့ပြင် စိတ်တင်းမာခြင်း လျော့ပါးစေပြီး ကျန်းမာရေး ထိန်းသိမ်းမှု ကုန်ကျစရိတ် နည်းပါးစေသည်။ စိတ်ဓာတ်ကောင်းမွန်စေပြီး တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစေကာ ရဲဘော်ရဲဘက်စိတ်တိုးပွားစေသည်။ အရေးကြီးဆုံးမှာတော့ ထောင်ကို ဘေးကင်းလုံခြုံစေသည်။ သို့သော် ၎င်းကိစ္စကို ခြိမ်းခြောက်ခံနေရမြဲ ဖြစ်နေသ်ာလည်း အခုတော့ Montana သည် စိတ်အေးလက်အေးရှိပြီ ဖြစ်သည်။

George Demers ကို သည်နှစ်မှာ ကတိဝန်ခံချက်ဖြင့် လွှတ်ပေးဖို့ ကိစ္စကို ငြင်းပယ်လိုက်ကြသည်။ တရားရုံး ကြားနာရာတွင် ရှုံးနိမ့်ခြင်းကြောင့် သူသည် ထောင်ထဲသို့ ပြန်ပို့ခံရပြီး နောက်ထပ် နှစ်ရှစ်ဆယ် ထပ်ကျသည်။ များစွာသော သူများအတွက်ဆိုလျှင် ၎င်းအပြစ်ဒဏ်သည် မခံနိုင်စရာပင်ဖြစ်သည်။ သို့သော် အလေးကစားခြင်းမှတဆင့် သူသည် ကိုယ့်ကိုယ်ကို သိခြင်း၊ ထိုက်တန်ခြင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်သည်။ မိနစ်ငါးဆယ် ကစားပြီးနောက် သူ့မျက်နှာသည် နီရဲနေပြီး ခန္ဓာကိုယ်က နွမ်းလျနေသည်။ Demers သည် B unit မှာရှိသည့် သူ့အခန်းသို့ ပြန်လျှောက်သွားသည်။ တခြား အကျဉ်းသားများ၏ အခန်းနံရံများတွင် ကိုယ်လုံးတီး မိန်းမပုံများ၊ ပြိုင်ကားပုံများ၊ ကိုယ်ကြိုက်သည့် ပိုလာရွိက်အရောင်စုံ ပိုစတာများနှင့် ပြည့်လျှက်။ Demers ၏ နံရံကတော့ ပြောင်ရှင်းလျှက်။ သူ့အခန်းသည် တရားကျင့်ကြံရာ နေရာနှင့် ပိုတူနေသည်။ “ကျွန်တော် ဒါကို ဘာမှ မလုပ်ဖို့ ဆုံးဖြတ်ထားတယ်။” မမှိတ်မသုန် ငေးလျှက်က ပြောသည်။ “ဘာကြောင့်လဲဆို ဒါ ကျွန်တော့် အိမ်မဟုတ်ဘူး။ ဒါဟာ ခဏရပ်ပေးရတဲ့ နေရာတစ်ခုပါ။”

Related posts:

  1. အာဖဂန် နစ္စတန် မှ ဂျင်မ်များ
  2. ကိုယ့်ဘ၀နှင့် ကိုယ်
  3. မောင်မြန်မာအောင်ဆွေနိုင်နှင့် ရောက်တတ်ရာရာ မေးခွန်းများ
  4. ကာယဗလနှင့် စိတ်ဓာတ်စွမ်းအား
  5. စိတ်၏ ပေါက်ကွဲရာ နေရာ