May
7

ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း

Home > General Health, Healthy Recipes, Weight Loss > ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း

ကိုယ်ကာယတည်ဆောက်မှုတွင် ရေသည် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဆိုတာ မငြင်းနိုင်သလို တန်ဖိုးသိပ်မထားကြသည့် အာဟာရတစ်မျိုးလည်းဖြစ်သည်။ ကြီးကျယ်သော supplement ကြီးတွေအတွက် ရူးသွပ်စွာရှာဖွေနေကြစဉ် ကျွန်တော်တို့သည် ရေက ကိုယ်ကာယဖွံ့ဖြိုးဖို့အတွက် ဘယ်လောက် အရေးကြီးသည်ဆိုသည်ကို မကြာခဏမေ့သွားတတ်ကြသည်။ ဈေးပေါသည်၊ လွယ်ကူသည်၊ များများစားစား ရနိုင်သည် စသည့်အချက်များနှင့် ပြည့်စုံသော ရေသည် ကျွန်တော်တို့ ခန္ဓာကိုယ်၏ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးရုံမျှ မက ကိုယ်ကာယတိုးတက်ကြီးထွားအောင်လည်း စွမ်းဆောင်ပေးနိုင်သည်။ အကယ်၍ သင်သည် ရေသောက်နည်းနေခဲ့လျှင် တစ်နေ့ကို တစ်ခွက်သို့မဟုတ် နှစ်ခွက်ဖြစ်စေ နည်းနေခဲ့လျှင်တောင်မှ မြန်မြန် ပြန်ဖြည့်ပါလေ။ ခန္ဓာကိုယ်မှာ ရေဓာတ် ၂% လျော့နည်းနေခြင်းသည်ပင် ကစားရုံထဲမှ အားထုတ်မှုတွေကို ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေလောက်အောင် အကျိုးယုတ်သွားစေနိုင်သည်။ အောက်တွင်ဖော်ပြမည်များသည် ရေအကြောင်း ကျွန်တော်တို့ မေ့နေပြီဖြစ်သော ကောင်းကျိုးတွေပင်ဖြစ်၏။

၁) အဆီကို ချေဖျက်သည်

ရေသည် အဆီ၏ ဇီဝဖြစ်ပျက်မှု လုပ်ငန်းစဉ်တွင် အဓိကပါဝင်သည်။ ၎င်းသည် ကိုယ်ခန္ဓာ၏ မလိုအပ်သည့် အဆီပိုများကို ချေဖျက်သော တစ်ခုတည်းသော အရေးကြီးဆုံး ဓာတ်ကူပစ္စည်းဟု ဆိုလျှင်တောင် ဆိုနိုင်သည်။ သိပ္ပံအထောက်အထား လေ့လာချက်များအရ ကျွန်တော်တို့၏ ရေသောက်သုံးမှုကို အနည်းငယ်ကလေး လျော့နည်းလိုက်လျှင်ပင် ကျွန်တော်တို့ ခန္ဓာကိုယ်တွင် အဆီများ ပိုသိုလှောင်စေလိမ့်မည် ဆိုသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုနည်းတူစွာပင် ရေသောက်သုံးမှုကို တိုးမြင့်လိုက်ပါက ရှိပြီးသားအဆီတွေ ပျောက်ကွယ်လာလိမ့်မည် ဆိုသည်ကိုလည်း တွေ့ရှိခဲ့ကြသည်။

ဘာကြောင့်လဲ – အသည်း(liver)သည် အဆီများ၏ ဇီဝဖြစ်ပျက်မှုကို မျိုးစုံသော ဇီဝဓာတုနည်းလမ်းများနှင့် ထိန်းချုပ်ထားသည့် ခန္ဓာကိုယ်ရှိ အဆီချေဖျက်ပေးသော အဓိက အင်္ဂါကြီး ဖြစ်သည်။ ဤရှုပ်ထွေးသော နည်းလမ်းများအလုပ်ဖြစ်အောင် ကျောက်ကပ်ပေါ်မှာလည်း အများကြီး မူတည်ပါသည်။ ကံမကောင်းစွာပင် ကျောက်ကပ်တို့မည်သည် ရေလုံလုံလောက်လောက် မရရှိထားပါက ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်သောအခါ ထိုအလုပ်များသည် အသည်းပေါ်မှာ သွားပိလေသည်။ အသည်းက အလုပ်များဝန်ပိလေတော့ သူ့အလုပ်များကို သူ ကောင်းကောင်း ထိန်းချုပ်ခွင့်မရတော့။ (သူ့အလုပ်သည် သိုလှောင်ထားသော အဆီများကို ခန္ဓာကိုယ်အတွက် ခွန်အားအဖြစ် ပြောင်းလဲပေးရန်ဖြစ်သည်) ရလဒ်အနေဖြင့် အဆီအနည်းငယ်သာ ချေဖျက်ခြင်းခံရလေပြီး တစ်ရှုးများကြား အဆီပိုစုစေကာ သင့်ပြတ်သားလှသော ဗိုက်ကြွက်သားများ မှုန်ဝါးလာစေတော့သည်။

၂) အဆစ်များကို ချောဆီထည့်ပေးသည်

ရေသည် ကျွန်တော်တို့ အဆစ်များကို ချောမွတ်လှုပ်ရှားစေသည့် အရည်များတွင် အဓိကပါဝင်သည့် အစိတ်အပိုင်းဖြစ်သည်။ နောက်ပြီး သူသည် ပြင်းထန်လှုပ်ရှားမှုများကို စုပ်ယူခုခံပေးသည့် ကူရှင်အဖြစ်လည်း ထမ်းဆောင်ပေးသည်။  အရွတ်များကို ၀န်းရံ ကာကွယ်ပေးသည့် အကာအရံများကိုလည်း ချောမွတ်စေရာမှာလည်း ရေကို လိုအပ်သည်။ ကျွန်ူပ်တို့ ခန္ဓာကိုယ်တွင် ရေမြောက်မြားစွာ မရှိလျှင် ကျွန်ူပ်တို့ အဆစ်နှင့် အရွတ်များ ဒုက္ခရောက်ကြတော့မည်သာ ဖြစ်သည်။ ဆီမရှိသော အင်ဂျင်တစ်လုံးကဲ့သို့သာ ခရီးနှင်ရတော့မည်ဖြစ်သည်။

၃) ကယ်လိုရီ ပိုလောင်ကျွမ်းစေသည်

ယုံချင်ယုံ မယုံချင်နေ – ရေသည် ခန္ဓာကိုယ်ထဲ၌ အမှန်တကယ်ပင် လောင်ကျွမ်းစေသော ပစ္စည်းဖြစ်သည်။ ၎င်းတွင် စွမ်းအင်လိုအပ်သည်။ တခြား အာဟာရဓာတ်များကို အစာချေသကဲ့သို့ပင် ၎င်းအတွက် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တွေ သုံးရသည်။ သုတေသနတစ်ခုတွင် (published in the Journal of Clinical Endocrinology and Metabolism 2003) ရေကို တနေ့ နှစ်လီတာ သောက်သုံးပါက နည်းနည်း သောက်သည်ထက် တစ်နေ့ကို ကယ်လိုရီ အပို ၁၅၀ ပိုလောင်ကျွမ်း စေသည်ကို တွေ့ရှိခဲ့သည်။ ပထမတော့ ထိုကယ်လိုရီကို နည်းနည်းလေးလို့ပဲ ထင်ရသည်။ သို့သော် တွက်ချက်ကြည့်လိုက်လျှင် ရေချည်း သက်သက် ပိုသောက်ရုံနှင့် တစ်နှစ်ကို ပေါင် ၅ ပေါင် ပိုကျစေနိုင်သည်ဟု ပြန်ဆိုနိုင်သည်။

စိတ်ဝင်စားစရာပင် သုတေသီများက တွေ့ရှိခဲ့သည်မှာ ရေသောက်ပြီးလျှင် အစမ်းသပ်ခံပုဂ္ဂိုလ်များ၏ ဇီဝဖြစ်ပျက်မှုနှုန်း(metabolic rate) သည် သောက်ပြီး ၁၀မိနစ်လောက်အတွင်းကိုပင် ထိုးတက်လာသည် ဟူ၍။ သောက်လိုက်သည့် ရေကို နွေးစေဖို့ ခန္ဓာကိုယ်က လုပ်ရသည့်အတွက် ဇီဝဖြစ်ပျက်မှုနှုန်း ၄၀% ပိုတက်လာခြင်းဖြစ်သည်ဟု ထိုသုတေသနက ကောက်ချတ်ချခဲ့သည်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အပူအအေးမျှတနေအောင် ထိန်းသိမ်းရသည့်အနေနှင့် အေးသောရေကို နွေးအောင်လုပ်ရသည်။ ထိုနေရာတွင် စွမ်းအင်တွေ ထုတ်သုံးရပေတော့သည်။ ထို့ကြောင့် ရေအေးလေလေ ကယ်လိုရီပိုလောင်ကျွမ်းလေလေဖြစ်သည်။

၎) ထုထည်တည်ဆောက်မှုကို အားပေးသည်

ကြွက်သားကြီးထွားရန် တက်စထရိုစတီရုန်းနှင့် ကြီးထွားဟိုမုန်း(Growth Hormone) တို့သည် မရှိမဖြစ်လိုအပ်သော နှစ်ချက်ဖြစ်သည်။ ထို့အတူ ကော်တီဆော(Cortisol) ကလည်း ဖျက်ဆီးမည့်အရာများထဲတွင် မရှိမဖြစ် ဖြစ်သည်။ The International Journal of Sports Medicine (2006) မှ လေ့လာမှုတစ်ခုအရ ရေဓာတ်အနည်းအများသည် ကော်တီဆော အနည်းအများကို ထိရောက်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုလေ့လာမှုတွင် သုတေသီများသည် အုပ်စုနှစ်စုခွဲသည် – ရေသောက်ထားသော အုပ်စုနှင့် ရေဖြတ်ထားသော အုပ်စု။ အုပ်စုနှစ်ခုလုံးတွင် တက်စထိုစတီရုန်း ပြောင်းလဲခြင်းမရှိသလို luteinizing hormone (လေ့ကျင့်ပြီးနောက် ဦးနှောက်မှ ထုတ်လွှတ်သော တက်စထိုစတီရုန်း ထုတ်လုပ်မှုကို ချုပ်ထိန်းသည့်  ဟော်မုန်း)တို့လည်း အနည်းအများ ပြောင်းလဲခြင်းမရှိ။ သို့သော် ရေဖြတ်ထားသည့် အုပ်စုတွင် ကော်တီဆော ပမာဏ သိသိသာသာ များနေကြောင်းတွေ့ရသည်။

သုတေသီများသည် လေ့လာမှုကနေ ကောက်ချတ်တချို့ ဆွဲနိုင်ခဲ့ကြသည်။ ပထမ ခန္ဓာကိုယ်တွင် ကစားပြီးနောက် ရေဓာတ် နည်းနေပါက adrenal stress တုံ့ပြန်မှုများလိမ့်မည်။ ဒုတိယ ရေဓာတ်ခန်းခြောက်ပါက ကြွက်သားကြီးများထက် ကြွက်သားငယ်များကို ပိုပြင်းထန်စွာ အားယုတ်သွားစေလိမ့်မည်။ စိတ်ဝင်စားစရာ မှတ်သားစရာသည် ရေဓာတ်ပိုနည်းလေလေ၊ ကော်တီဆော ပိုများလေလေဖြစ်လာပြီး တက်စထိုစတီရုန်းကို သိသာစွာ နှိမ့်ကွတ်လေ ဆိုသည့်အချက်ပင်။ အတိုချုပ်ဆိုရသော် ရေဓာတ်အနည်းအများသည် ကိုယ့်ကြွက်သားတက်လာမည်လား၊ ကျသွားမည်လားဆိုသည်ကို ဆုံးဖြတ်ပေးရာတွင် အဓိကနေရာက ပါဝင်နေပေသည်။

၅) ကိုယ် အပူချိန်ကို ထိန်းညှိပေးသည်

ကြွက်သားများ ညှစ်နေချိန်တွင် ကြွက်သားဆဲလ်များမှ စွမ်းအင်ကို ထုတ်သုံးသည်။ ထိုထဲမှ အများစုသည် အပူအဖြစ်ပြောင်းလဲကုန်သည်။ ခန္ဓာကိုယ်မှာ အရာရာ balance ထိန်းချုပ်ရသောကြောင့် ထိုအပူများကို ခန္ဓာကိုယ်အပြင်ဖက်သို့ စွန့်ထုတ်ပစ်ရသည်။

အပူလွန်ကဲခြင်းကို ကာကွယ်ရန် ခန္ဓာကိုယ်သည် သွေးများ၊ တစ်ရှုးများကနေ ချွေးဂလင်းများကို လှုံ့ဆော်ပြီး အရေပြားမှတဆင့် အပူတွေကို လွှင့်ထုတ်ပစ်ရသည်။ ထိုဂလင်းများသည် ကိုယ်ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးများ ထုတ်လွှတ်ပစ်ရပြီး ကိုယ်ခန္ဓာ၏ သဘာဝ အအေး စနစ်များဖြစ်သည်။ ပျမ်းမျှ လူတစ်ယောက်တွင် ချွေးဂလင်းပေါင်း ၂.၆ သန်းခန့်ရှိသည်။

ခန္ဓာကိုယ်သည် ရေကို ဆက်လက်ဆုံးရှုံးသွားလျှင် သူ၏ ကိုယ်အပူချိန် ထိန်းညှိနိုင်အားကို အပြင်းအထန် ထိခိုက်လာမည်ဖြစ်သည်။ သုတေသနမှ ပြသည်မှာ ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းခြင်းမရှိပဲ ချွေးဆက်တိုက်ထွက်နေပါက သွေးပမာဏ အပြောင်းအလဲဖြစ်ခြင်းသို့ ရောက်ရှိသွားနိုင်သည် ဟူ၍။ သွေးပမာဏ အပြောင်းအလဲဖြစ်ခြင်းသည် ခန္ဓာကိုယ်၏ အပူထုတ်လုပ်နိုင်မှုကို လျော့နည်းစေသည်။ ကိုယ်အပူချိန်ကို တက်စေသည်။ ထို့နောက် နှလုံးကြွက်သား အလုပ်လုပ်မှုကို ထိပါးလျော့နည်းစေသည်။။

၆) ကိုယ့်ခွန်အား တက်စေသည်

ကြွက်သားများသည် ရေ ၇၅ % နှင့် ဖွဲ့စည်းထားသည်။ လေ့လာမှု အများအပြားတွင် ရေသောက်သုံးမှုကို လျှော့လိုက်ပါက ကြွက်သားခံနိုင်ရည်အား နည်းပါးလာပြီး ရုပ်ပိုင်းဆိုင်ရာ အလုပ်စွမ်းရည်များ ကျဆင်းလာသည်ကို တွေ့ရှိခဲ့ကြသည်။ တကယ်လည်း သုတေသနခန့်မှန်းချက်များတွင် ရေဓာတ် ၂% ဆုံးရှုံးသွားလျှင် လုပ်ဆောင်မှုပမာဏ ၁၅-၂၀%လျော့နည်းသွားနိုင်သည်ကို တွေ့ခဲ့ကြသည်။ ၂၀၀၁ လေ့လာမှု (the journal of Strength and Conditioning Research) သည် ရေဓာတ်အနည်းအများနှင့် ခွန်အား ဆက်စပ်မှုအပေါ်လေ့လာခဲ့သည်။ ပြသည်မှာ ရေဓာတ်ခန်းသော အစမ်းသပ်ခံများတွင် ရင်အုပ်တွန်းလေ့ကျင့်ခန်း အများဆုံးတစ်ကြိမ်ခွန်အားနှင့် တွန်းခိုင်းသောအခါ ခွန်အား ၅.၆% ဆုံးရှုံးသွားကြောင်းတွေ့ရသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းနေပါက ကိုယ်“မ”နေကျ ခွန်အားအတိုင်း မနိုင်တော့မည်မဟုတ်ပါ။ ထို့နောက် ကြွက်သားလည်း မဖွံ့ဖြိုးနိုင်တော့ပါ။

၇) ဖြည့်စွက်ဆေးများကို ကူညီပေးသည်

အရည်အသွေးမြင့် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိက်၊ essential fats စသည်တို့ကို ဆေးကနေ စားသည်ဖြစ်စေ၊ အစာကနေ ရသည်ဖြစ်စေ၊ ၎င်းတို့သည် ခန္ဓာကိုယ်ကို ဖျက်ဆီးမှုမှ တားမြစ်ထားပြီး ကြွက်သားတည်ဆောက်စေသည်။ ခွန်အားကိုတက်စေသည်။ ထိုအာဟာရဓာတ်များသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သူတို့ လုပ်ငန်းသူတို့ ကောင်းကောင်းလုပ်စေအောင်၊ အဆိပ်အတောက်တွေ ဖယ်နိုင်အောင် ကူညီထောက်ခံပေးသည်။ အသည်း၊ အစာအိမ်၊ ကျောက်ကပ်။ ထိုအင်္ဂါများ ကောင်းကောင်းအလုပ်လုပ်လျှင် ကျွန်ူပ်တို့ ဆေးများ၊ အစာများလည်း ကောင်းကောင်းအလုပ်လုပ်ပေလိမ့်မည်။ သုတေသနက ပြသည်မှာ ရေဓာတ်ဆုံးရှုံးလျှင် သွေးရည်ကြည်ပမာဏကို သိသိသာသာ ထိခိုက်နည်းပါးစေသည်။ ရေသည် သွေးရည်ကြည်ထဲတွင် အဓိက အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ရေသည် ထိုအာဟာရများ တကိုယ်လုံးကို ဖြန့်ဝေရာတွင် အဓိက ပါဝင်လုပ်ဆောင်သည်။ ရေဓာတ်နည်းသောကြောင့် သွေးပမာဏနည်းလျှင် ကြွက်သားတည်ဆောက်သည့် အာဟာရများလည်း သူတို့အလုပ်သူတို့ ကောင်းကောင်းအလုပ်မလုပ်နိုင်ဖြစ်ရပေမည်။

ကိုယ့်အင်ဂျင်ကို ပြန်စစ်ဆေးပါ

က) ဆီးအရောင် ဘယ်လိုနေလဲ?

ဆီးသည် သောက်ရေကဲ့သို့ပင် ကြည်လင်နေရမည်။ အ၀ါရောင်လေး နည်းနည်းတော့ သန်းနေနိုင်သည်။ ဆီး အရောင်ရင့်လေ၊ ရေဓာတ်ခန်းခြောက်လေဖြစ်သည်။

ခ) ကိုယ့်ရေဓာတ်ကို ပြန်စစ်

ချွေးထွက်မှုကြောင့် ကိုယ်အလေးချိန် ပြောင်းလဲသွားလား ချိန်ကြည့်ပါ။ ရေဓာတ်သိသိသာသာ ဆုံးရှုံးလျှင် ဘော်ဒီဝိတ်လည်း ကျသွားမည်သာ ဖြစ်သည်။

ဂ) ချွေးဘယ်လောက်ထွက်လဲ သတိထား

လေ့ကျင့်နေတဲ့တလျှောက် သေချာစစ်ပါ။ ပြင်းပြင်းထန်ထန်ကစားပါလျှက် ချွေးထွက်နည်းနေလျှင် ရေဓာတ်ခန်းခြောက်နေပြီဖြစ်သည်။

ဃ) ရေဓာတ်ခန်းခြောက်ခြင်း၏ တခြားလက္ခဏာတွေကို စောင့်ကြည့်

ကြွက်တက်ခြင်း၊ ညောင်းညာ နွမ်းနယ်နေခြင်း စသည်ဖြင့် စောင့်ကြည့်ပါ။

ကိုယ့်စည်ပိုင်းကိုယ်ဖြည့်ပါ

တနေ့လုံး ရေဓာတ်ပမာဏကို ထိန်းညှိဖို့ ကြိုးစားသင့်သော်လည်း American College of Sports Medicine မှ အကြံပေးသည်မှာ အောက်ပါသုံးချိန်ကို အဓိက အာရုံထားရန် ဟူ၍။

မကစားခင်

အလေးမ မခင် ရေအလွန်အကျွံသောက်ဖို့ မလိုအပ်ါ။ သင့်ခန္ဓာကိုယ်သည် ထိုရေတွေကို စုပ်ယူထားရုံသာဖြစ်သည်။ ပါးနပ်သောနည်းသည် မကစားခင် ၂ နာရီသို့မဟုတ် ထိုထက်ကြာသော အချိန်၌ ရေ ၁၆အောင်စ(နှစ်ခွက်) လောက် သောက်ထားလျှင် ကိုယ့် ကျောက်ကပ်သည် မလိုအပ်တာတွေ ဖယ်ရှားနိုင်ပြီး ကောင်းကောင်းအလုပ်လုပ်နိုင်မည် ဖြစ်သည်။ ထို့နောက်မှာတော့ မကစားခင်နည်းနည်းလောက်စီ သောက်ပါ။

ကစားနေစဉ်

ရေဓာတ်ခန်းခြောက်ခြင်းသည် ကိုယ့်စိတ်ဓာတ်၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့ကို ထိုးကျသွားစေနိုင်သည်။ ကစားနေစဉ် ၁၅ မိနစ် ခြားစီလောက်စီ ရေသောက်ပေးခြင်းသည် ကိုယ့်စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားစေလိမ့်မည်။

ကစားပြီးနောက်

ကစားပြီးလျှင် ဆုံးရှုံးသွားသော ရေဓာတ်ကို အပြည့်အ၀ပြန်ဖြည့်ရန် အားထုတ်သင့်သည်။ ဖြစ်နိုင်လျှင် ကာဗိုဟိုက်ဒရိက် တစ်ခုခုစားပါ။ ဓာတ်ဆားရည်တစ်ခုခုသောက်ပါ။ ကာဗိုဟိုက်ဒရိက်သည် (ကြွက်သားထဲမှာ သိုလှောင်ထားသော ကဆီဓာတ်) glycogen store ကို ပြန်ဖြည့်ပေးလိမ့်မည်။ ဓာတ်ဆားရည်သည် လေ့ကျင့်စဉ် ဆုံးရှုံးသွားသော ဓာတ်ဆားများနှင့် ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်သည်။

ကျေးဇူးတင်ပါသည် သူငယ်ချင်းတို့

Related posts:

  1. သင်အဆီမကျရသော အကြောင်းအရင်းများ
  2. ကိုယ့်ဘ၀နှင့် ကိုယ်
  3. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
  4. ထမင်းစားပွဲ၏ စည်းမျဉ်းများ
  5. ပန်းသီးနှင့် လိမ္မော်သီးကို ကာယကစားသည့်အခါ ဘယ်အရာက ပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်သည့်အခါ–