Feb
2

ဘာတွေဖြစ်ကုန်တာလဲ 2010 – မောင်မြန်မာပြိုင်ပွဲ ?

Home > နိုင်ဦး စာမျက်နှာ > ဘာတွေဖြစ်ကုန်တာလဲ 2010 – မောင်မြန်မာပြိုင်ပွဲ ?

တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)

ဒီဆောင်းပါး ခေါင်းစဉ်ကိုဖတ်ပြီး တစ်မျိုးဖြစ်သွားပြီလား။ ကျွန်တော် ယနေ့ 30-1-2010 နေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကာယဗလလောကမှာ အထင်ရှားဆုံး၊ အကောင်းဆုံးဆိုတဲ့ မောင်မြန်မာပြိုင်ပွဲကို သွားကြည့်မိရာမှ မထိန်းနိုင် မချုပ်နိုင်ဖြစ်လာတဲ့ ခံစားချက်လေးတွေကို အိမ်ပြန်ရောက်ပြီးမှ ဒီလိုလေး ပြန်ပြောပြချင်စိတ်လေးပေါ်လာတာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်သွားတာပါ။ ဒီဆောင်းပါးဟာ မည်သူ့ ကိုမှ ပုတ်ခတ်ပြောဆို ခြင်းမဟုတ်ပါ။စေတနာသန့်သန့်ဖြင့် မြန်မာ့ကာယဗလောကကို တိုးတက်စေချင်သော၊ ခံစားချက်သက်သက်ဖြင့်သာ ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဒီဆောင်းပါးကိုရေးလို့ တော့ ကျွန်တော်ဘာမှရမှာ မဟုတ်သလို၊ ဘယ်သူကမှ ဘာကိုမှ လာမပေးသလို၊ ဂုဏ်ပြုလက်မှတ်လည်းရမှာ မဟုတ်တာ သေချာသည်။ ဒါပေမဲ့ စာဖတ်သူတွေက ကျွန်တော်ရဲ့ အပြုသဘော ဝေဖန်ချက်လေးတွေကို လက်ခံစဉ်းစားပေးရင် ကျေနပ်ပါပြီ။ ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီးရင် အောက်မှာ comment လေးတွေရေးဖြစ်အောင် ရေးခဲ့ပေးပါ။ ကျွန်တော် အနှစ်ချုပ်ပဲ ဝေဖန်လိုက်ပါမယ်။ သေချာဖတ်ကြည့်ပါ။

ဝေဖန်ချက်အမှတ်—1– ယခုနှစ်နဲ့ နှစ်စဉ်နှစ်တိုင်း ဆုပေးပုံလေးကို ဝေဖန်ချင်ပါတယ်။ ယခင်နှစ်က အကြီးတန်း မောင်မြန်မာပထမကို ငါးသိန်းကျပ်မှ ယခုနှစ်တွင် ခုနှစ်သိန်းသို့  တိုးမြှင့်ပြီး ချီးမြှင့်တာဟာ အလွန်ကောင်းပါတယ်။ ယခင်နှစ် အငယ်တန်း ပထမဆုကြေးကို သုံးသိန်းမှ ယခုနှစ်ငါးသိန်း အထိတိုးမြှင့်လိုက်တာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေက ဆုကြေးတွေကို ဒသမမှ စတင် ချီးမြှင့်တာ ဖြစ်ပြီး ယခုနှစ်မှာတော့ ပထမခြောက်ဦးကိုသာ ချီးမြှင့်ပါတယ်။ ဘာဖြစ်လို့ပါလဲ။  ဆုကြေးတွေတိုးလိုက်လို့ လား။ ဒါမှမဟုတ်စပွန်ဆာပေးတဲ့ MDG Co,Ltd ကဘဲမပေးလို့လား။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကာယဗလသမားအများစုဟာ ချိုတဲ့ကြပါတယ်။ အချို့ ဟာ သူများဝန်ထမ်းတွေပါ။ အလုပ်ဖျက်ပြီး ၀ါသနာအရ လာရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုအတွက် ပြင်ဆင်ရတာ ဘယ်လိုပင်ပန်းတယ်။ ဘယ်လောက် ငွေကြေးကုန်ကျတယ် ဆိုတာ အားလုံးသိကြမှာပါ။ တစ်ချိုကတော့ ပထမဆယ်ယောက်ထဲ ၀င်ရင်တော့ အရင်နှစ်တွေအတိုင်း အနဲဆုံး ဆုကြေးသုံးသောင်း လောက်ရမယ်လို့ မျော်လင့်ကြတာပါ။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကြပါဘူး။ ခြောက်ယောက်ထဲ မ၀င်လို့ အထင်သေးပြီး မပေးတာဆိုလျှင်တော့ မှားပါလိမ့်မယ်။ ယခုနှစ် မောင်မြန်မာအငယ်တန်း ချန်ပီယံမင်းဇော်ဟာ ယမန်နှစ်က အဆင့်-8 သာရခဲ့သူပါ။ လူတစ်ယောက်ဟာ တစ်နှစ်အတွင်း အများကြီးပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် သူတို့ ကိုလည်း အားပေးသင့်ပါတယ်။ ပြီးတော့ဆုကြေးပေးရမှာ ဘက်ဂျက်အခက်အခဲ ဖြစ်ရင်တောင် စပွန်ဆာ MDG Co, Ltd က သူတို့ ရဲ့ ထုတ်ကုန် calsome ကွေကာ စတာလေးတွေကို ဆုမရသူများကို လက်ဆောင်အဖြစ် ချီးမြှင့်သင့်ပါတယ်။ ဒါမှလည်း သူတို့ ပင်ပန်းရကျိုးနပ်မှာပါ။ ကျွန်တော်ပြောသလို အမောမပြေနိုင်ခဲ့တဲ့ ယခုနှစ် အငယ်တန်းပြိုင်ပွဲဝင်၊ ခါးအမှတ်-3  ဆလိုင်းကျော်မင်းရဲ့ ရင်ဖွင့်သံလေးကိုလည်း နားထောင်ကြည့်ပါဦးဗျာ။

သူပြောတာက -”ကိုနိုင်ဦးရာ စဉ်းစားကြည့်ပါဗျာ။ ကျွန်တော်က ဈေးရောင်းပြီး ပြိုင်ရတာပါ။ ဆယ်ယောက်ထဲဝင်ရင်တော့ အနဲဆုံး သုံးသောင်းရမယ်လို့ မျှော်လင့်ပြီး၊ ဒီနေ့ ဈေးမရောင်းဘဲ ၀င်ပြိုင်ခဲ့ဒါပါ။ ဒါပေမဲ့ ဆုပေးတော့ ကျွန်တော်တို့ မပါဘဲ ပထမခြောက်ယောက်ကိုပဲ ဆုကြေးတွေ တိုးပေးတော့ ကျွန်တော်တို့ ပင်ပန်းရကျိုး မနပ်တော့ဘူးပေါ့ဗျာ။” ဒါ့ကြောင့် ကျွန်တော်အကြံပြုချင်တာကတော့ အားလုံးပင်ပန်းရကျိုးနပ်အောင် ချီးမြှင့်ပေးကြပါလို့ ။

ဝေဖန်ချက်အမှတ်—2–အခန်းအနားအပြင်အဆင် အလွန်ညံ့ပါသည်။ ယခုနှစ်ပြိုင်ပွဲကို နိုင်ငံခြားသား များစွာ လာကြည့်ကြပါသည်။ ဓါတ်ပုံများဖြင့်လည်း မှတ်တမ်းတင်ကြသည်။ မှတ်စုများဖြင့်လည်း ဘာမှတ်မှန်းမသိ မှတ်နေကြသည်ကို ကျွန်တော်မြင်တွေ့ရပါသည်။ ထိုအချိန်မှာပင် မီးကပျက်သွားလိုက်၊ ဆလိုက်မီးများကလည်း မလင်း၊ အစီအစဉ်များကိုလည်း မကြေငြာ၊ လုပ်ချင်သလို လုပ်နေကြပါသည်။ နိုင်ငံခြားသားများကတော့ စိတ်အိုက်သဖြင့် မချိပြုံးလေးများ ပြုံးနေကြပါသည်။ ထိုသို့ သော အဖြစ်အပျက်များသည် သူတို့ ၏အမြင်တွင် နိုင်ငံတော်၏ဂုဏ်ကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် အခန်းအနားကို စနစ်တကျ ပြင်ဆင်သင့်သည်ဟု ထင်ပါသည်။

ဝေဖန်ချက်အမှတ်—3–မည်သို့ သော သတ်မှတ်ချက်ဖြင့် ဆုရွေးချယ်သည်ကို လုံးဝနားမလည်နိုင်လောက်အောင် ဖြစ်မိပါသည်။ ဥပမာ-အငယ်တန်းတွင် ထုထည်အလွန်ကောင်းသော နိုင်ေ၀၀င်းကို ခြောက်ပေးသည်မှာ နားမလည်နိုင်အောင် ဖြစ်မိပါသည်။ သူ၏အရပ်အမောင်းနှင့် ပေါင်ကြွက်သားများကို နိုင်ငံခြားသားများပင်လျင် သဘောကျကြပါသည်။ ပထမရသော မင်းဇော်ပင်လျှင် သူနှင့်ပေါင်ခြင်းယှဉ်လျှင် ဆင်နှင့်ဆိတ်ပမာကွာခြားပါသည်။ မာဆယ် ကွဲပြား ပေါ်လွင်မူ အားနည်းသောကြောင့် ပ၊ဒု၊တ မရလျှင်လည်း ထို့ ထက်တော့ ရလဒ်ကောင်းသင့်သည်ဟုထင်ပါသည်။ မာဆယ်ကို ဦးစားပေး ရွေးချယ်သည်ဆိုလျှင် ဘာ့ကြောင့် အကြီတန်းတွင် ထွန်းမင်းက တတိယမရဘဲ ယခုနှစ်တွင် မာဆယ် ကွာလတီ အလွန်ညံ့သော ကိုခိုင်လင်းကို တတိယ ပေးရတာပါလဲ။ ကိုခိုင်လင်းသည် ယခင်နှစ်က ချန်ပီယံဖြစ်သောကြောင့်လား။ ဒိုင်များအနေဖြင့် ချန်ပီယံဟောင်း ဟူသောဂုဏ်ကို တွန်းလှန်ပြီး အမှန်အတိုင်း မပေးဝံ့တာလား။ ဒါဆိုရင်တော့ မြန်မာ့ကာယဗလလောကဟာ -1980 အိုလံပီယာပြိုင်ပွဲမှာ အာနိုးတစ်ကျော့ ပြန်ပြိုင်လို့ တကယ်ကောင်းတဲ့ မိုက်ခ်မင်ဇာကို အဆင့်ငါးပေးပြီး စိတ်နာအောင် လုပ်သလို ဖြစ်နေပြီ၊၊ အဲဒီနှစ်မှာ အိုလံပီယာရထိုက်သူဟာ မိုက်ခ်မင်ဇာဆိုတာကို 1980-အိုလံပီယာခွေကို ကြည့်ဖူးသူတိုင်းသိတယ်၊ ဒါပေမဲ့ အာနိုးဟာ ချန်ပီယံဟောင်းဆိုတဲ့ အရှိန်နဲ့ ဆုကိုပြန်ယူသွားတယ်။ ဒီအဖြစ်အပျက်ကြောင့် မိုက်ခ်မင်ဇာဟာ ကာယဗလလောကကနေ အနားယူသွားခဲ့ပါတယ်။ ထုထည်ကြောင့်ပေးတာဆိုလျှင် နိုင်ေ၀၀င်းကို ဘာကြောင့်မပေးလဲ။ ပေါင်ကြွက်သားကောင်းလို့ အောင်ဆွေနိုင်ကို အကြီးတန်း ပထမပေးတာဆိုရင် အငယ်တန်းမှာမင်းဇော်ထက် ပေါင်ကြွက်သားကောင်းတဲ့ ထွန်းဝင်းနိုင်ကို ဘာလို့ ပထမ မပေးတာလဲ။ မာဆယ်တွေ ခြောက်နေလောက်အောင် ကောင်းတဲ့ အောင်ခိုင်ဝင်းကို ပေါင်အတွင်းသားတွေ အားနည်းလို့ ပထမ မပေးတာ သင့်တော်လား ခင်ဗျာ။ စင်ပေါ်မှာ အောင်ဆွေနိုင်လို ကြွက်တက်ပြမှ ဆုပေးမှာလားဗျာ။ ကျွန်တော့် အသုံးအနှုံးတွေ မှားနေရင်တော့ စေတနာအမှားလို့ နားလည်ပေးကြပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဒီလောက်ဆိုရင်တော့ကျွန်တော့်ဝေဖန်ချက်လေးတွေကပြည့်စုံပြီလို့ ထင်ပါတယ်။ ကျေးဇူးပြုပြီးတော့ comment ရေးခဲ့ပေးပါခင်ဗျာ။

မြန်မာ့ကာယဗလလောက အဆင့်အတန်းကို တိုးတက်စေလိုသူ

နိုင်ဦး—–119

Email—intensemuscle@gmail.com

Related posts:

  1. 2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?
  2. 2010- Mr.Crusher ပြိုင်ပွဲကို ကြိုတင် ခံစားကြည့်ခြင်း
  3. 2010 စင်္ကာပူ ပြိုင်ပွဲမှ အောင်ပွဲခံ မြန်မာများ၏ ပုံရိပ်အချို့
  4. 2010 -အာနိုးကလပ်စစ်ပြိုင်ပွဲ ကိုင်ဂရီန်းထပ်မံဗိုလ်စွဲ
  5. 2010-ခုနှစ်အတွက် မြန်မာ့လက်ရွေးစင် ကာယဗလမောင်များ ရွေးချယ်လိုက်ခြင်း