နပန်း လောက အောင်မြင်မှုနှင့် အတူ
Home > ကမ္ဘာ့သမိုင်းသို့ > နပန်း လောက အောင်မြင်မှုနှင့် အတူ
WWE စူပါစတား ဂျွန်စီနာ၊ The Marine ဇာတ်ကားက မင်းသားသည် ကာယဗလလောကမှာ စစ်သားတစ်ဦးအဖြစ်ထမ်းဆောင်ပြီး သူ့ကိုယ်ကာယကို သွေးခဲ့သည်။ ဗီးနစ်မြို့မှ ဂျင်မ်ထဲမှာ ကျိတ်ကစားနေသူကောင်လေးက ကမ္ဘာကျော် နပန်းသမားတစ်ဦးဖြစ်သွားပုံဇာတ်လမ်းလေးကို ရှုစားကြည့်ကြပါစို့။

သူ့ရဲ့ဇာတ်ကားမှာ ပထမဦးဆုံးအနေဖြင့် သရုပ်ဆောင်တစ်ကွက်ပြီးနောက် သြစတီးရီးယားမှ ၁၄နာရီအကြာလေယာဉ်စီးလာလို့ကြောင့်ဖြစ်နိုင်သည်။ သူမောပန်းနေသည်။ သို့မဟုတ် သူအရင်က တာဝန်ထမ်းဆောင်ခဲ့သော နေရာမှာ အသိအမှတ်မပြုခံရမှာကို စိုးရိမ်နေသောကြောင့်လည်းဖြစ်နိုင်သည်။ သို့သော် သေချာတာကတော့ သူနောက်တစ်နိုင်ငံကို ကူးဖို့ ၅ နာရီပဲ နားချိန်ပေးထားတာပဲဖြစ်သည်။ ဘာပဲပြောပြောဂျွန်စီနာသည် ထရိန်နင်စဖို့ စိတ်လှုပ်ရှားနေသည်။
အကြောင်းပြချက်ကိုလက်မခံပဲ ဗိးနစ်က ဂိုးဒ်ဂျင်မ်က ကောင်တာစာရေးသည် စီနာနှင့်သူ့အဖွဲ့ ကို တစ်ရက်ကစားလည်း သူတို့ တစ်ရက်စာအသုံးပြုခ ဒေါ်လာ၂၀ပေးရမည်ဟု ဆိုမြဲဆိုသည်။ ပြီးတော့ထပ်ပြောသည်မှာ သင်တို့သည် ကမ္ဘာကျော်ပုဂ္ဂိုလ်များ အထူးသဖြင့် ကမ္ဘာကျော်နပန်းသမားများ ဖြစ်မနေဘူးဆိုလျှင် ပေးကို ပေးရပါမည် ဟူ၍။ ထိုအခါ ဂျွန်စီနာ မနေနိုင်တော့ပါ။

“ကောင်းပြီ” အမေရိကမှ ဂိုးဒ်ဂျင်မ်များနှင့် WWE တို့ ပူးပေါင်းမှုကို ကမကထပြုသည့်အနေဖြင့် ထောင်ထားသော ကောင်တာနောက်နားလေးက ၆ပေလောက်မြင့်သည့် ရုပ်ပုံကြော်ငြာကပ်ပြားဆီသို့ ကြည့်ကာ ခေါင်းငြိမ့်လျှက် စီနာဆိုသည်။ “ခင်ဗျားနောက်က ကပ်ပြားကြီးပေါ်က ပုံဟာ ကျွန်တော့်ပုံပါပဲခင်ဗျာ။”
အညတရ နိဒါန်း
လအနည်းငယ်ကြာပြီးနောက် မန်ဟတ်တန်က ဂိုးဒ်ဂျင်မ်မှာ သောကြာနေ့မနက် အလေးမလေ့ကျင့်ပြီးနောက် ထိုတိုက်ဆိုင်မှုကလေးကို ပြန်လည်ပြောပြရင်း ရယ်နေသည်။ “ကျွန်တော်အဲသည်လို လုပ်နိုင်တာ အဲသည့်တစ်ချိန်ပဲ ရှိခဲ့ပါတယ်။” သူ အမှတ်တရပြောသည်။ “ကျွန်တော် လုပ်ခဲ့တာကိုပဲ ကျွန်တော်တကယ်ပြန်ပြောချင်တာပါ။ အဲသည့်အချိန် ပြောလိုက်ရတာ အရမ်းအရသာရှိတာပဲ။”
WWE ပြိုင်ပွဲဝင်တစ်ယောက်က သင့်ကို ဘယ်လောက်ပဲ ယုံအောင် စင်ပေါ်မှာ ပြောခဲ့ပြောခဲ့ တကယ်တော့ ဂျွန်စီနာသည် အလွန်ရိုးကျိုးနှိမ့်ချသူတစ်ဦးဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ညီအစ်ကို ငါးယောက်နှင့် အိမ်တွင်းစည်းကမ်းကြပ်ကြပ်တည်းတည်း နေခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ကောလိပ်က ဘောလုံးအသင်း၏ အောင်မြင်သော နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးမှာ အောင်မြင်ဖို့ ရှေ့တန်းမှာသာ ကစားစရာမဟုတ်ဘူးလို့ သင်ယူတတ်မြောက်ခဲ့ခြင်း ကြောင့်လည်းဖြစ်နိုင်သည်။ သို့မဟုတ် အဖြစ်နိုင်ဆုံးမှာ တစ်နာရီကို ခြောက်ဒေါ်လာရသော အလုပ်ဖြစ်သည့် အားကစားဖြည့်စွက်အစာများ ရောင်းချသောစားပွဲလေးမှာ အလုပ်လုပ်ရပြီး ကမ်းခြေနားက ကားဂိုဒေါင်ဟောင်းတစ်ခုမှာ နေရခြင်းကြောင့်ဖြစ်နိုင်သည်။ ထိုစားပွဲလေးမှာ ဗီးနစ်က ဂိုးဒ်ဂျင်မ်ထဲမှာ ဖြစ်၏။
“ကျွန်တော်သည် အပြင်ကိုထွက် ရုပ်ရှင်မင်းသားဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တစ်ခုခုဖြစ်အောင် လိုက်လုပ်ချင်တဲ့ လူစားမျိုးမဟုတ်ပါ။” West Newbury , Massachusetts မှာကြီးပြင်းခဲ့သော ဂျွန်စီနာက ဆိုသည်။ “လူတိုင်းကလည်းသွားနေကြတော့ ကျွန်တော်လည်း မနေနိုင်တော့ပါ။ ဗီးနစ်က ဂိုးဒ်ဂျင်မ်မှာ တစ်ပတ်လောက် အချိန်ဖြုန်းမိခဲ့သည်။ အဲသည့်နေရာသည် ကျွန်တော့်ကို လွှမ်းမိုးသွားခဲ့သည်။ ကျွန်တော် ဗီးနစ်ကို ပြောင်းလာတယ်ဆိုတာကလည်း ကာယဗလမောင်ဖြစ်ချင်လို့တောင် မဟုတ်ပါ။ သည်လိုပဲ ဘာရယ်မဟုတ် ရောက်သွားတာပါပဲ။”
အချစ်ဦး
စီနာကို ကာယဗလနှင့်မိတ်ဆက်ခဲ့ခြင်းသည် ၁၉၈၉မှာဖြစ်သည်။ သူ ၁၃ပြည့်ခါနီးလေးပင်။ သူ့ဖခင်သည် သူတို့ မိသားစုအိမ်သို့ ခုံတန်းရှည်တစ်ခုနှင့် အလေးနည်းနည်းပါးပါး ၀ယ်လာသည့်အချိန်မှ စခဲ့သည်။ အဲသည့်အလေးတွေကို ကောင်းကောင်းအသုံးချခဲ့သည်။

“ယုံချင်ယုံ၊ မယုံချင်နေ.. အဲသည့်ပစ္စည်းတွေဟာ ၀ီဒါကထုတ်သည့် အမျိုးအစားများထဲမှာ ဈေးအပေါဆုံးပါပဲ။ ဒါပေမယ့် အဲဒါတွေသည် ကျွန်တော့်အတွက် ၀ီဒါအိမ်သုံးခုံတန်းရှည်နှင့် အလေးတွေပါပဲ။” စီနာက ပြောသည်။ “အဲဒါတွေနှင့်ပဲ နှစ်နှစ်လောက် နေ့စဉ်လေ့ကျင့်ခဲ့ပါတယ်။ နောက်ဆုံး အသင်းဝင်ဖို့ အရူးအမူးဖြစ်တော့မှပဲ တကယ့်ဂျင်မ်ကို သွားနိုင်တော့တယ်။”
သူသည် ကာယဗလအားကစားမဂ္ဂဇင်းများကို စဖတ်ခဲ့ပြီး ကာယဗလအားကစားကို လိုက်စားခဲ့သည်။ စီနာ ၁၅နှစ်ပြည့်တော့ တကယ့်ဂျင်မ်ကို လှမ်းဖို့ သတ္တိလုံလုံလောက်လောက်ရှိတော့မှပဲ အဲသည့်မှာ သူသည် ဤအားကစားကို တမ်းတမ်းစွဲသွားခဲ့သည်။ “ကျွန်တော့်အိမ်က နံရံမှာ မိုက်ဖရန်ဆွိုက် ပုံကို ကပ်ထားလိုက်တယ်။ သူရဲ့ မို့စ်မာစကူလာ ကိုယ်ဟန်ပြနေတဲ့ပုံပါ။” စီနာပြောသည်။ “ကျွန်တော့်အဖေအိမ်ကို ခင်ဗျားသည်ကနေ့ သွားကြည့်ရင် ကျွန်တော်အခန်းဟောင်းထဲက နံရံမှာ ဖလက်စ် မဂ္ဂဇင်းကစာမျက်နှာတွေကို တွေ့လိမ့်မယ်။ ကျွန်တော်သည် အထူးသဖြင့် ဂျင်မ်ကွင်း၊ မိုက်ဖရန်ဆွိုက်၊ လီပရိစ်၊ ဒိုရီယံရိတ်စ်နှင့် ဂျင်မ်ကိုလာပြီး အင်နှင့်အားနှင့်ကစားကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို လေးစားတယ်။”

စီနာသည် အထက်ပါပုဂ္ဂိုလ်များမှ အရိပ်နမိတ်ကို ယူခဲ့သည်။ တကယ်တော့ အထက်တန်းကျောင်းက ဘေ့စ်ဘောကစားဖို့လား။ ကာယဗလကို ဆက်ကစားဖို့လား၊ နှစ်လမ်းထဲက တစ်လမ်းကို ရွေးခိုင်းသောအခါ အဆုံးအဖြတ်သည် စဉ်းစားစရာကို မလိုပါ။ “နည်းပြက ပြောတယ်။ ‘မင်းအလေးမ နေတာကို ရပ်ရင်ရပ်၊ ဒါမမှဟုတ် ဘေ့စ်ဘောကစားတာကို ရပ်။” စီနာ အမှတ်တရပြန်ပြောသည်။ “ကျွန်တော် ယူနီဖောင်းလဲ၊ ဦးထုပ်ဆောင်းပြီး အဲဒီ့နေ့က ချက်ချင်းပဲ ဂျင်မ်ကို ထွက်လာခဲ့တယ်။”
၁၉၉၅ခုနှစ်က မဆက်ချူဆက်မှာ ကျင်းပသော ယန်ကီးကလပ်စစ် ဆယ်ကျော်သက် ကာယဗလမောင်ပြိုင်ပွဲသည် သူ၏ ပထမဆုံးပွဲဖြစ်ပြီး ပထမရခဲ့သည်။ သူ၏ စပရင်းဖီးလ်ဒ် ကောလိပ်မှာ ပထမနှစ်စမတက်ခင်လေးမှာပင်ဖြစ်သည်။ နှစ်နှစ်ကြာသည့်အခါ ထိုပွဲမှာပင် အကြီးတန်း အရပ်ရှည်အတန်းမှာရော၊ အိုဗာအော် ပြိုင်ပွဲမှာရော သူပထမရခဲ့သည်။
“နွေရာသီမှာပဲ ကျွန်တော် မောင်ပြိုင်ပွဲဝင်ပါတယ်။ ဒါမှသာ ကျွန်တော့်စာသင်နှစ်လည်းပြီးရော အစားအသောက်ကို ကောင်းကောင်းပြင်ဆင်စားနိုင်တော့တယ်။ ပြီးတော့မှ ကျွန်တော်ကျောင်းစာသင်နှစ် ဘောလုံးအသင်းမှာ စာရင်းတင်နိုင်မှာဖြစ်တယ်။” စာရင်းတင်စရာ ဘောလုံးပွဲတွေ မရှိတော့သောအခါ အပျော်တမ်းကာယဗလမောင်သည် အနောက်ဖက်ကို လွင့်လာတော့သည်။



တစ်ခုခုလုပ်ခြင်း
၁၉၉၉ ဗီးနစ်မှာ ရောက်ရှိပြီးနောက် စီနာသည် နောက်ထပ်ကာယဗလမောင်ပြိုင်ပွဲနှစ်ခုကို ၀င်ပြိုင်ခဲ့သေးသည်။ တစ်ပွဲက Max Muscle Naturals နှင့် တစ်ပွဲက ၂၀၀၁ ကIronman Naturals။ ၂၂၆ပေါင်ရှိသော သူသည် နှစ်ပွဲလုံးမှာ ဒုတိယသာရခဲ့သည်။ သို့သော် မြင်တတ်သူတိုင်းသည် သူ၏ ကာယဗလအောင်မြင်မှု ကြီးမားမည့်ပုံကို မြင်နေကြသည်။
“ကျွန်တော် ဘယ်မှာ ရှိခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။” သူပြောသည်။ “ကျွန်တော်ငယ်ရွယ်စဉ်က ကျွန်တော့်မှာ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်ကာယရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ သို့သော် ခြောက်ပေ တစ်လက်မအရပ်နှင့် ၂၂၅ပေါင်မှာ ပြိုင်ရတဲ့အခါကျတော့ ကျွန်တော်မလွယ်ဘူးဆိုတာ တွေ့လာရတယ်။ အထူးသဖြင့် ကျွန်တော်က ကောင်တာမှာ အလုပ်လုပ်နေတဲ့အချိန် ပေါလ်ဒီလေးသည် ပေါင်၂၈၀ ခန္ဓာကိုယ်ကြီးနှင့် ၀င်လာတဲ့အခါမျိုး၊ ဂရက် ကိုဗက်က ခင်ဗျားတို့ သိတဲ့အတိုင်း ပေါင် ၃၄၀ ကိုယ်လုံးကြီးနှင့် ၀င်လာတဲ့အခါမျိုးမှာ ကြည့်ပြီး မလွယ်ဘူးဆိုတာ တွေ့လာရတယ်။ ကျွန်တော်ဟာ ကိစ္စတွေကို အရှိအတိုင်းပဲမြင်တတ်ပါတယ်။ ဆိုပါတော့ ကျွန်တော် စပရင်းဖီးလ်မှာဘောလုံးကစားတုန်းက ကျွန်တော်က အမေရိကန်လူမျိုးပါ။ သို့သော် ကျွန်တော်ကစားတာက Division III ကပါ။ လူတွေကမေးသည်။ “မင်းဘာလို့ ကြေးစားဘောလုံးမကစားတာလဲကွာ?။” ဘာလို့လဲဆို ကျွန်တော်ဟာ ပေါင်၂၄၀ကြီးနှင့် သောက်မြင်ကပ်စရာ နောက်တမ်းလူဖြစ်နေလို့ပါဘဲ။ ကျွန်တော်သည် Bodybuilding ကို တကယ်ကို ချစ်မြတ်နိုးပါတယ်။ ပြီးတော့ ကျွန်တော်ဟာ အဲသည့်ပတ်ဝန်းကျင်မှာဘဲ နေပါတယ်။”

၁၉၉၉ စက်တင်ဘာမှာ စီနာသည် နောက်အားကစားတစ်ခုကို ကြိုးစားကြည့်ခဲ့သည်။ ကစားရုံမှာ သူ့မိတ်ဆွေတစ်ယောက်နှင့် စကားစပ်မိရာမှ ကယ်လီဖိုးနီးယားမှ နပန်းပြိုင်ပွဲတစ်ခုဆီကို ခရီးထွက်ကြည့်ဖို့ ပြောမိကြသည်။ ထိုမှစ၍ အရာများဟာ သူ့နေရာနှင့်သူ နေရာကျသွားသည်။ “အဲဒါဟာ ကိုယ်စားလှယ်တစ်ယောက် ဂိုးဒ်ဂျင်မ်ထဲကို ၀င်လာပြီး ‘ဟေးညီလေး မင်း နောက်အလုပ်အကြီးကြီးလုပ်ရတော့မယ်’ လို့ လာပြောတာမျိုးမဟုတ်။” စီနာပြောသည်။ “အဲဒါဟာ ‘ဟေ့ ဘဲကြီး မင်းစနေတနင်္ဂနွေမှာ အားနေရင် တစ်ခုခုမလုပ်ချင်ဘူးလား?။ လုပ်ချင်တယ်ဆိုရင် လာပြီး ဒီကကောင်တွေကို လာချကွာ’ လို့ပြောတာမျိုးဖြစ်တယ်။ ကျွန်တော်ကလည်း နဂိုကတည်းက နပန်းပရိသတ်တစ်ဦးပါ။ ဒါကြောင့် ကျွန်တော်ကြိုးစားကြည့်တယ်။”
သူအမှတ်တရပြန်ပြောသည်မှာ ဒါသည် မြင်မြင်ချင်းချစ်ခြင်းမျိုးဖြစ်သည်။ “ပထမဆုံးအကြိမ် ကျွန်တော် နပန်းသတ်တဲ့ ကြိုးဝိုင်းကို မြင်ဖူးလိုက်ကတည်းကပါ။” စီနာပြောသည်။ သူအဲသည့်အားကစားကို နှစ်သက်စွဲမက်ခဲ့သော အချိန်လေးတွေကို အမှတ်တရနှင့်ပင် “ခင်ဗျားတို့ ဖန်သားပြင်ကို ဖြတ်ပြီးမြင်နိုင်ကြတယ်။ အဲဒီ့ကလူတွေ သူတို့ လုပ်သင့်တာကို လုပ်နေကြတယ်။ ကျွန်တော်ဘောလုံးကစားတုန်းက ကျွန်တော် အဲသည့်ကစားနည်းကို ကြိုက်လို့ကစားခဲ့တယ်။ ကွင်းထဲမှာဝင်ပြီး အားကစားသမားတစ်ယောက်ဖြစ်ရတာကို သဘောကျတယ်။ အခု နပန်းသတ်စင်ကိုမြင်လိုက်ရတော့လည်း အဲသည်လိုပဲ ခံစားရတယ်။ ‘၀ိုး ငါကွင်းထဲပြန်ဝင်ပြီး တစ်ခုခုလုပ်ရတော့မှာပါလား။’”
လူဆိုးကြီးတစ်ယောက်မဟုတ်ပါ
၃၂နှစ်ပြည့်ခါနီးအခုအချိန်တွင် စီနာသည် သူအနောက်ပိုင်းကို ရွှေ့ခဲ့တုန်းက သူလျစ်လျူရှုခဲ့သော အရာများကို ပြန်လည်အမိဖမ်းနိုင်နေပြီဆိုတာ သူ့ကိုယ်သူ တွေ့လာခဲ့သည်။ သူသည် WWF ချန်ပီယံခါးပတ်တွေကို အကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီ။ ဗီဒီယို ဂိမ်းတွေမှာ သူ့ပုံက နေရာတကာပါလာသည်။ သူ့မှာ သူ့ကိုယ်ပိုင်ရပ်သီချင်း အယ်လ်ဘမ်တောင် ရှိ၏။ သူ့ရဲ့ ပထမဆုံးဇာတ်ကား The Marine မှာ Robert Patrickနှင့် တွဲရိုက်ခဲ့သည်။ ထိုသူသည် အာနိုးရွှာဇီနက်ဂါး၏ Terminator 2 တွင် လူဆိုးအဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်သည်။

အခုထိ ကောင်လေးတစ်ယောက် သူ့အိမ်နံရံမှာ မိုက်ဖရန်ဆွိုက်၏ ဓာတ်ပုံချိတ်ထားပြီး အိမ်အောက်ခန်းမှာ ၀ီဒါခုံအပေါစားလေးနှင့် ကစားခဲ့သော Massachusetts မှ ကောင်လေးတစ်ယောက်အတွက် ဖြစ်ရောဖြစ်နိုင်ပါ့မလား ထင်နေရဆဲပါ။ “နေ့စဉ်နေ့တိုင်း အဲသည့်အဖွင့်သီချင်းဖွင့်လိုက်တာနဲ့… ဘော့စ်ကိုတော့ သွားမပြောပါနဲ့။ သူတို့ကျွန်တော့်ကို သည်အတွက်ပိုက်ဆံပေးထားတာ ဟာသတော့ဟာသပါပဲ။ ကျွန်တော်အပြင်ထွက်လာရမယ်။ မာရေကျောရေဖြစ်ထားရမယ်။ ပြီးတော့ သည်ကောင်တွေဖင်ကို ကျွန်တော်ကန်ရင်ကန်၊ ဒါမှမဟုတ် ကျွန်တော့်ဖင်ကို သည်ကောင်တွေကန်။ ဒါပဲ။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်ဟာလည်း ကျွန်တော်မကြိုက်တဲ့အလုပ်ကိုတော့ ကျွန်တော်မလုပ်ပါ။ ဒါကို ကျွန်တော်ကကိုက နှစ်သက်နေလို့ပါ။”
စစ်တပ်မှ ဂျွန်စီနာ
၂၀၀၆ အောက်တိုဘာ ၁၃ရက်နေ့မှာစ ရုံတင်ခဲ့သော The Marine ဇာတ်ကားတွင် ဂျွန်စီနာသည် မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။
သူ၏ ပွဲဦးထွက် ဇာတ်ဆောင်အဖြစ်ကို မေးခွန်းထုတ်ကြသောအခါ ဂျွန်စီနာသည် အဲသည့်ထူးခြားချက်ကို လျှင်လျှင်မြန်မြန်ချပြနိုင်ခဲ့သည်။ “ကျွန်တော့်နာမည် ပိုစတာမှာ ပါနေတာကိုကြည့်ပြီး မျက်စိလည်မနေပါနှင့်။” သူပြောသည်။ “ဘာပဲဖြစ်ဖြစ် ကျွန်တော်က အဓိကဇာတ်ဆောင်ပါပဲ။”
ထိုနေရာမှာတော့ နည်းနည်းလေးထောင်လွှားနေသလိုပင်။ တကယ်တော့လည်း သူသည် ဇာတ်ကားတွင် အဓိကနေရာကသာ သရုပ်ဆောင်ခဲ့သည်။ သူသည် ဂျွန်တိုက်တန် အနေဖြင့် သရုပ်ဆောင်ရသည်။ ဂျွန်တိုက်တန် အီရတ်မှာ ဓားစာခံဖြစ်နေစဉ် ထိခိုက်မိသောကြောင့် သူ၏ တပ်သားဘ၀အဆုံးသတ်ခဲ့ရသောသူဖြစ်သည်။ ပြည်နယ်ကိုပြန်လာရသောကြောင့် သူသည် အရပ်သားအဖြစ်ဖြင့် သူ့ဇနီး (Kelly Carlson သရုပ်ဆောင်ထားသည်) နှင့် အခြေချနေခဲ့သည်။ သူတို့နှစ်ယောက် အားလပ်ရက် လျှောက်လည်ကြသည့်အခါ မှားယွင်းနေသည့်အချိန်မှာ မှားယွင်းနေသည့်နေရာ ရောက်သွားသည့် ဖြစ်နေကျဖြစ်ရပ်မျိုးတွင် သူ့ဇနီးသည် ရာဇ၀တ်ကောင်၏ ပြန်ပေးဆွဲမှုကို ခံလိုက်ရသည်။ ထိုလူဆိုးသည် Terminator 2 မှ လူဆိုး Robert Patrick ပင်ဖြစ်သည်။ လမ်းခုလတ်က ဓာတ်ဆီဆိုင်မှာ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ “ရောဘတ်ပက်ထရစ်သည် ပါရမီရှင်တစ်ဦးဖြစ်သည်။” စီနာဆိုသည်။ “သူဟာ တကယ့်လူဆိုးကြီးအဖြစ်သရုပ်ဆောင်နိုင်ပြီး ဇာတ်ကားဟာ သူ့ကြောင့်ပြီးပြည့်စုံသွားပါတယ်။”
ဆိုလိုစဉ်တွင် နပန်းသမားတဖြစ်လဲရုပ်ရှင်မင်းသားကြီးသည် The Rock နှင့် Triple H တို့ခြေရာကို လိုက်နင်းချင်သောကြောင့် သူ့ပွဲဦးထွက်ဇာတ်ကားကို ခပ်မြန်မြန်ပဲ ရိုက်ခဲ့သည်။ “ကျွန်တော် အတော်များများကို မှားမှားယွင်းယွင်းသရုပ်ဆောင်မိတယ်။” စီနာကပြောသည်။ “ကျွန်တော်ဟာ မယုံကြည်နိုင်လောက်စရာ အားပေးကူညီဖေးမမှုတွေရခဲ့ပါတယ်။ ပက်ထရစ်၊ ကာလ်ဆန်၊ နှင့် ဒါရိုက်တာ ဂျွန် ဘော်နီတို တို့က ကျွန်တော်ကို သူတို့ တောင်ပံတွေ အောက်မှာထားပြီး ကျွန်တော့်ကို ပြုစုပေးခဲ့တယ်။ ပထမဆုံးနေ့မှာ ကျွန်တော်ပြောခဲ့တယ်။ “ကိုယ့်လူတွေအားလုံး ကျွန်တော် ဘယ်လိုဝေဖန်မှုပဲဖြစ်ဖြစ် ခံယူဖို့ အသင့်ပါပဲ။ ကျွန်တော် သည်လာတာ ကျွန်တော် လုပ်ရမှာကို သိလို့ လာတာမဟုတ်ပါ။” ဒါသည် ပထမဆုံး ကြိုးဝိုင်းထဲဝင်ရသလိုပါပဲ။ အကယ်၍ ပထမဆုံးပွဲမှာ ကြိုးဝိုင်းထဲကို ငါအကုန်သိ၊ အကုန်တတ် ဆိုပြီး ၀င်လို့ကတော့ သူသည် နှစ်ပတ်လောက်သာ ခံပေလိမ့်မည်။”
ဇာတ်ညွှန်းသည် မူလက သူ့လုပ်ဖော်ကိုင်ဖက် “Stone Cold” Steve Austin အတွက်ဖြစ်သည်။ သို့သော် အော်စတင်အတွက် အချိန်ကိုက်မဖြစ်နိုင်ခဲ့ပါ။ စီနာကိုမေးကြည့်တော့ သူသည် အသင့်ဖြစ်နေသည်။ “သည်အခွင့်အရေးကို ကျွန်တော်တစ်ခါမျှ မစဉ်းစားခဲ့ဖူးပါ။” သူသည် သူ့အခွင့်အရေးအကြောင်း ပြောသည်။ “ဒါသည် ကာယဗလမောင်ပြိုင်ပွဲတစ်ပွဲ ၀င်ပြိုင်ရသလိုပါပဲ။ ကျွန်တော်အလေးတွေ ကောင်းကောင်းကစားနေပြီး တစ်စုံတစ်ယောက်က ‘ဟေ့မင်း ပြိုင်ပွဲဝင်ချင်လား’ လို့ မေးသလိုပဲ အခု ‘ဟေ့ မင်း ဇာတ်ကားရိုက်ချင်လား’တဲ့။”
ကာယလေ့ကျင့်မှုအပေါ် စီနာ၏ အကြံပေးချက်
သူသည် အခု နပန်းသမားဖြစ်၏။ သို့သော် ဂျွန်စီနာနှင့် ခဏလောက် စကားပြောကြည့်ပါ။ သူ့နှလုံးသားထဲမှာ သူသည် ကာယဗလသမားသာအမြဲတမ်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့ရမည်ဖြစ်သည်။ သူသည် ဒတ်လစ်ဖ်များကစားသည့်အခါ အလေးမ လက်ကောက်ဝတ်ကြိုးပတ်များ ၀တ်ဆင်ထားသည်ဖြစ်စေ၊ သူ၏ အမြဲတမ်းနှစ်သက်သော ကာယဗလမောင်များ အကြောင်းပြောလိုက်လျှင် သူအသက်ဝင်လှုပ်ရှားလာသည်ကို သတိထားမိလျှင်ဖြစ်စေ၊ သူ၏ ကာယဗလအရင်းအမြစ်သည် မေးခွန်းပင်ထုတ်စရာမလိုပါ။
“အရေအတွက်များများကစားပါ၊ ပြင်းပြင်းထန်ထန်ကစားပါ။” သူ၏ လေ့ကျင့်မှုသဘောတရားကို သူဖော်ပြခဲ့သည်။ “ကျွန်တော်တို့ အဲသည့်ထိတော့ ရောက်နိုင်ပြီး ပြင်းပြင်းထန်ထန်ကစား နိုင်ပါသေးတယ် သို့သော် ကျွန်တော် လေ့ကျင့်ခန်းတစ်ခု တစ်ကျော့ကို သုံးကြိမ်တည်းတော့ မကစားပါ။”
သူအလေးများများ မကစားသောကြောင့် သူသည် အကြိမ်တွေ၊ အကျော့တွေကို တိုးကစားသည်။ စီနာ၏ ပျမ်းမျှသည် ကြွက်သားအကြီးဆိုလျှင် ငါးကျော့ကို ထိရောက်အောင်ကစားသည်။ ကြွက်သားအသေးဆိုလျှင် သုံးကျော့ သို့မဟုတ် လေးကျော့လောက် ကစားသည်။ သူသည် တစ်ပတ်ကို ငါးချိန်ကနေ ခြောက်ချိန်ထိ ကစားလေ့ရှိသည်။ ကစားချိန်တစ်ချိန် ဘယ်လောက်ကြာသလဲဆိုသည်မှာ သူနောက်တစ်မြို့ကို ဘတ်စကား သို့မဟုတ် လေယာဉ်မသွားခင်အထိ ကစားရုံထဲမှာ သူအချိန်ဘယ်လောက်ရသလဲ ဆိုတာပေါ်မူတည်သည်။ သို့မဟုတ် ကြိုးဝိုင်းထဲမှာ သူခံလိုက်ရလို့ နာကျင်မှု ဘယ်လောက်ပြင်းသလဲ ဆိုတာပေါ်မှာလည်း မူတည်သည်။
“ကျွန်တော် ကမ္ဘာကြီးကို သိမ်းပိုက်နိုင်တယ်လို့ ခံစားမိလျှင့် ကျွန်တော် အလေးတွေပို တိုးကစားပစ်လိုက်တယ်။” စီနာပြောသည်။ “မနေ့ညက စတီးလှောင်အိမ်ကြီးထဲမှာ ကိုင်ပေါက်ခံလိုက်ရတယ်လို့ ခံစားမိလျှင်လည်း ကျွန်တော်လုပ်နိုင်တာ ကျွန်တော်ပြန်လုပ်မယ်။”

Related posts:





