Mar
28

Bodybuilding သည် လူတိုင်းအတွက်ဖြစ်သည်။

Home > motivation, ကမ္ဘာ့သမိုင်းသို့ > Bodybuilding သည် လူတိုင်းအတွက်ဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က အိုဟိုင်းအိုးမှ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် ခါးအောက်ကစပြီး အောက်ပိုင်းသေသွားခဲ့သည်။ သူ၏ ရေတပ်ဗိုလ်တစ်ယောက်ဖြစ်မည့် အိပ်မက်သည်လည်း ကွဲကျေပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူ နောက်အိပ်မက်တစ်ခုကို အသည်းအသန်ရှာကာ နောက်ဆုံးတော့ တွေ့ရှိခဲ့လေပြီ။ ကာယဗလ ချန်ပီယံ တစ်ယောက် ဖြစ်လာရန်။

သစ်ပင်တစ်ပင်မှာ

သည်နေရာတွင် ကော့တ်ဝင်း(Colt Wynn) ၏ ဇာတ်လမ်း စခဲ့သည်။ အိုဟိုင်းအိုး West Virginia ၏ အရှေ့တောင် ထောင့်က မြို့သေးသေးလေးဖြစ်သည့် ကြိုဆိုခဲလှသော Fleming မြို့ရှိ ကော့တ် အိမ်နှင့် ငါးမိုင်မျှပင် မကွာသော သစ်ပင်တစ်ပင်ဖြစ်သည်။ ထိုနေရာလေးသည် ကော့တ် ၁၄ နှစ်အရွယ်တွင် ပြုတ်ကျခဲ့ပြီး ကျောရိုးကျိုးခဲ့သော နေရာဖြစ်သည်။

၁၉၉၉ ခု နိုဝင်္ဘာ ၂၉ ရက်၊ သမင်ပစ်ရာသီ၏ ပထမဆုံးနေ့တွင် ရေခဲမှတ်အောက် ရောက်သည်အထိ အေးခဲနေသည်။ မနက် ၅ နာရီ ခွဲတွင် ကော့တ်နှင့် သူ့ ညီအစ်ကိုဝမ်းကွဲ R.J တို့ အမဲလိုက်ဖို့ဆိုပြီး 12 guage နှစ်လုံးပြူးသေနတ် ကိုယ်စီဖြင့် အိပ်ရာထကြလိုက်သည်။ သူတို့ ထွက်သွားပြီး နေ့လယ်စာ အတွက် အိမ်တစ်ခေါက်ပြန်လာကြပြီး အများကြီး စားကြသည်။ ထိုကဲ့သို့ စားခြင်းသည် ကိုယ့်ကို ပင်ပန်း ငိုက်မျဉ်းစေစမြဲဖြစ်သည်။ အေးသော ရာသီဥတုကလည်း ကောတ့်၏ စွမ်းအင်တွေကို သုံးစွဲနေသည်။ ထိုနှစ်ချက်ပေါင်းမိပြီး အဲသည့်သစ်ပင်အမြင့်ကြီးပေါ်မှာ အိပ်ပျော်သွားခြင်း ဖြစ်နိုင်သည်။

ပါလာသော သေနတ်သည်လည်း အကြောင်းတစ်ချက်ဖြစ်နိုင်သည်။ ၀င်းအမျိုးအနွယ်တို့သည် လေးနှင့် အမဲလိုက်သူများသာဖြစ်ကြသည်။ လေးကိုသာ တစိုက်မတ်မတ်သုံးစွဲလာကြသူများဖြစ်သည်။ လေးနှင့် အမဲလိုက်မည်ဆိုလျှင် သစ်ပင်တစ်ပင်ပေါ်တော့ တက်ရမည်။ (သစ်ပင်ပေါ် ထိုင်ခုံရှိရမည်) ပြီး ထိုင်ခုံကို အသေအချာချည်မည့် သိုင်းကြိုးနှင့် တန်ဆာပလာတွေလည်းပါရမည်ဖြစ်သည်။ ထိုမှသာ ဟန်ချက်ထိန်းနိုင်မည်ဖြစ်သည်။ သို့သော် သေနတ်နှင့် အမဲလိုက်လျှင် များသောအားဖြင့် မြေပြင်ပေါ်မှာသာ လိုက်ကြတာများသည်။ ထို့ကြောင့်ပင် ကော့တ်သည် ထိုနေ့က သိုင်းကြိုးတန်ဆာပလာတွေ ယူလာဖို့ မစဉ်းစားမိတာဖြစ်မည်။

သို့သော သစ်ပင်၊ အေးသော ရာသီဥတု၊ သေနတ်? ထိုသုံးချက်နှင့် သွေးလေးကာ အိပ်ငိုက်နေမှုတို့ ပေါင်းစပ်လိုက်သောအခါ…  သူတို့ရဲ့ အပြစ်တွေတော့မဟုတ်ပါ။ ကောင်ကလေး၏ အပြစ်သာဖြစ်သည်။ ထိုနေ့မနက်က အမဲလိုက်ဖို့ သစ်ပင်ကောင်းကောင်းတစ်ခုကို တွေ့ခဲ့သော ကောင်လေးသည် သူ့ဖခင် Rich ၏ စကား “ငါ့သား.. မင်း တခြားလူတစ်ယောက်ရဲ့ သစ်ပင်ကို တက်လို့မရဘူးဆိုတာ ရေးမထားတဲ့ ဥပဒေတစ်ခုပဲ။” ကိုလည်း နားမထောင်ခဲ့ပါ။ ကောင်လေးသည် သူ့မှာ ကာကွယ်ရေးကိရိယာတွေ မပါဘူးဆိုတာသိသော်လည်း သစ်ပင်ပေါ် မရ ရအောင်တက်သွားသည်။ အေးသော ရာသီဥတု၊ တ၀တပြဲ စားထားခြင်းနှင့် မနက်စောစောထလာခြင်းတို့ကြောင့် သေချာပေါက် ပင်ပန်းနေသော ကလေးငယ်သည် သစ်ပင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ သူ့ကိုယ်သူ မဖမ်းနိုင်ခဲ့ခင် သူသည် ၁၅ပေအထက်က ပြုတ်ကြသွားပြီး သူ့ပခုံးတွေနှင့် မြေကြီးပေါ် ထိရိုက်သွားလေသည်။

နာကျင်မှု?  ပြင်းပြင်းထန်ထန် များပြားစွာ ပေါ်ပေါက်လာသည်။ “သတ္ထုတိုင်ချွန်ကြီးတစ်ခု ကျွန်တော့်ကိုယ်ဘေးကနေ ရိုက်သွင်းလိုက်ပြီး မိုးကြိုးတွေ၊ လျှပ်စီးတွေ အဲသည့်ကနေ ဆက်ပြီး ကျွန်တော့်ကိုယ်ထဲကို ဖြတ်စီးသွားသလိုပဲ” ကော့တ်က နောက်ပိုင်းတွင် ပြောခဲ့သည်။ သို့သော် ထိုနာကျင်မှုတွေထက် ပိုနာခဲ့ရပါသည်။ ကော့တ်၏ တစ်နေ့သောအခါ ရေတပ်ဗိုလ်ဖြစ်ရမည်ဆိုသော မျှော်လင့်ချက်ကြီး။ သူကျောင်းပြီးကတည်းက မြင်မက်ခဲ့သော အိပ်မက်၊ ရုပ်ရှင်ထဲမှာ ကျွန်ူပ်တို့ မြင်ဖူးသလို ညကြီးသန်းခေါင်မှာ စစ်သားအဖွဲ့တစ်ဖွဲ့နှင့်အတူ လှေပေါ်ကနေ အသာလေးလှိမ့်ဆင်း၊ ကမ်းခြေကို တိတ်ဆိတ်စွာ တွားသွားတက်ရသော ထိုရှုခင်းအိပ်မက်တွေ။ တမဟုတ်ခြင်း ပိတ်ပင်တားဆီးခြင်းခံလိုက်ရလေပြီ။

Rich သစ်ပင်ကို ရောက်လာသောအခါ ဗုန်းဗုန်းလဲနေသော သူ့သားသည် သူ့ခြေထောက်တွေ လှုပ်မရတော့ကြောင်း ပြောသည်။  မင်းခြေထောက်တွေ ခံစားလို့မရတော့ဘူး? သေချာလား? “ကျွန်တော် သူ့ ခြေသလုံးတွေကို ဆုပ်ကြည့်တယ်။” နောက် ၇ နှစ်အကြာတွင် Rich ပြန်ပြောသည်။ “ပြီးတော့ ခြေသလုံးတွေကို အတင်းကို နှိပ်နယ်ပြီး ဆုတ်ဖြဲမိခါနီးထိ ပြင်းပြင်းထန်ထန် လှုပ်ခါကြည့်သည်။”

ကောင်လေးက မျက်လုံးလေး ပေကလပ်ဖြစ်တာကလွဲပြီး ဘာမှ မလှုပ်။ သူ့ဖခင်ကို ကြည့်ပြီး ပြောလိုက်သည်။ ”အဖေ၊ ကျွန်တော် ရေတပ်ဗိုလ် ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။”

ဆေးရုံကုတင်ပေါ်တွင်

ဖလမ်းမင်းမြို့မှ မိုင်တစ်ရာနီးနီး ဝေးသော ဆေးရုံ။ သို့သော် အနီးနားက အကူမီးသတ်အဖွဲ့က ၀ိုင်းဝန်းကူညီပြီး အရေးပေါ် ဟယ်လီကော်ပတာနှင့် ပို့ပေးသောကြောင့် မိနစ်၂၀ လောက်နှင့် ရောက်သွားခဲ့သည်။ ပတ်ဝန်းကျင်က Marrietta Memorial Hospital မှ ဆရာဝန်များက သူ့လိုဖြစ်ရပ်မျိုးကို ကုသဖို့ ကိရိယာမပြည့်စုံနေမှန်း ချက်ချင်းသိ၍ လွှဲခဲ့ခြင်းဖြစ်သည်။ သူ့ကို ပို့ခဲ့သည်မှာ Columbus က Children’s Hospital ပင်ဖြစ်သည်။ ကော့တ်၏ ကျောရိုး T9, T10 နှင့် T11 တို့ ကျိုးသွားသည်။ နှစ်ပတ်အတွင်း သူ့ပေါင်ချိန် ၁၄၂ ပေါင်မှ ၁၁၂ ပေါင်သို့ကျသွားသည်။ သူလုပ်ခဲ့ရသော တစ်ခုတည်းသော လှုပ်ရှားမှုသည် သူနာပြုဆရာမများ၏ သူ့ကိုယ်လုံးကို ဟိုဘက်ဒီဘက်လှည့်ပေးရုံသာဖြစ်သည်။ အိပ်ရာပူနာများ မဖြစ်စေရန် သေသေချာချာ လှည့်ပေးခြင်းဖြစ်သည်။ ထိုရက်များတွင် သူ့ မျက်နှာချင်းဆိုင်က မျက်နှာကျက်ရှိ အကွက်များကို ရေတွက်ရင်း လှဲနေရာက သူ့ခေါင်းထဲသို့ မေးခွန်းတစ်ခုသာ ထပ်ခါထပ်ခါ ၀င်လာသည်။ ညစဉ် သူအိပ်မပျော်ခင် သူ့ကိုယ်သူ မေးလေ့ရှိသော မေးခွန်း တစ်ခု — ဘာကြောင့် ငါ့မှ ဖြစ်ရသလဲ?

ကော့တ်၏ ကောင်းကွက်တစ်ခုက သူ့မှာ နောက်ထပ်မေးခွန်းကောင်းတစ်ခု အမြဲတမ်းရှိစမြဲပင်။ သူ့ကျောရိုးကို ခွဲစိတ်ဖို့ စောင့်နေစဉ် ၀င်လာသော မေးခွန်း — အကယ်၍ ငါအလေးမ နိုင်သေးတယ် ဆိုရင်ကော?

သူဘာလို့ မစဉ်းစားနိုင်ရမှာလဲ? ဤကဲ့သို့ ၀င်းန် စဉ်းစားသည်။ ငါ့မှာ အထက်တန်းကျောင်း အလေးမ ချန်ပီယံကြီး ငါ့အကို Adam ရှိတာပဲ။ ပြီးတော့ ငါ့အဖေ Rich ၊ သူက ကိုယ်အလေးချိန် ၁၈၂ ပေါင်ရှိပြီး အောက်ပိုင်းထိုင်ထကို ပေါင် ၆၀၀၊ ဒတ်တ်လစ်ဖ်ကို ၅၃၅ ပေါင်၊ ပက်လက်အိပ် ရင်ဘတ်တွန်းကို ၄၂၀ ပေါင်ကစားနိုင်ပြီး သူ့အစ်ကို Adam ထက် ပိုအားကျစရာကောင်းသေးသည်။ တို့မိသားစုထဲက ဘယ်သူ ဒီထက်ကောင်းတဲ့ စံချိန်ထပ်ချိုးနိုင်မလဲ၊ ချိုးနိုင်မယ်ဆိုရင် ငါတို့ အိမ်က အလေးမခန်းအတွက် နောက်ထပ် အလေးတွေထပ်ဝယ်မယ်ဟူ၍ Rich ပြောခဲ့သည်။ နောက်ဆုံးတော့ သူတို့ အလေးမ အခန်းလေးသည် စမစ် စက်မှသည် ကေဘယ် ခရော့စ်အိုဗာ စက်အထိ ပြည့်စုံလာခဲ့သည်။

ကောင်းလိုက်တဲ့ကံ။ အလေးမခြင်းသည် ပြဿနာမရှိဟု ကော့တ်၏ ဆရာဝန်က ဆိုသည်။ သို့သော် ဆေးရုံက ထောက်ပံ့နိုင်သည်မှာ စပရိန် သံချောင်းများနှင့် ၁၀ ပေါင်နှင့် ပေါင်၂၀ ဒမ်ဘယ်လ်များသာဖြစ်သည်။ “ဆရာမ.. ဒါနဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး” Rich က သူနာပြုဆရာမ ကိုပြောသည်။ “ကျွန်တော်တို့ အလေးတွေ ထပ်လိုသေးတယ်။” မကြာခင်ပင် Rich ၏ မိတ်ဆွေတစ်ဦးသည် Fleming မှ ဒမ်ဘယ်တွေကို ထရပ်ကားနှင့် အပြည့်နီးနီး တင်လာလေသည်။

Rocky ဇာတ်လမ်းများ ကြည့်ရသလို စိတ်ထဲမှာ တွေးကြည့်လိုက်ပါ။ တီးလုံးများကိုတော့ ကိုယ့်ဘာသာ နားယောင်ကြည့်ပါ။ ဆေးရုံက ကုတင်ပေါ်မှာ ကော့တ်သည် ဒမ်ဘယ်လ် ဖလိုင်းများ၊ လက်မောင်းနောက်သား ဆန့်နှင့် ရင်အုပ်တွန်းလေ့ကျင့်ခန်းများ တစ်နေ့ တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်ကစားနေသည်ကို အာရုံစိုက်ကြည့်ပါ။ ကျိုးနေသော ခါးရိုးကြီးနှင့် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် ပေါင်သုံးဆယ် ဒမ်ဘယ်လ်နှင့် ဖလိုင်းခွဲနေပုံများ၊ ပေါင်ငါးဆယ်တုံးများနှင့် ရင်အုပ်တွန်းနေပုံများကို မြင်တွေ့ရသော ဆေးရုံစင်္ကြပေါ် လမ်းလျှောက်လာသည့် သူနာပြုဆရာမများ၏ မျက်နှာ အမူအရာများကို ပုံဖော်ကြည့်ပါ။

ဆက်ကြရအောင်၊ ကော့တ်သည် ကျောရိုး ခိုင်ခံ့အောင် ဘေးတစ်ဖက်စီကနေ သံချောင်းများ စိုက်ရသည့် ၁၀နာရီကြာ ခွဲစိတ်မှုကြီးကို ဖြတ်ကျော်ရသည်။ ထို့နောက်တွင် ပြန်လည်ထူထောင်ပေးသည့် အစီအစဉ်၊ အကြောသေသွားသူများအား ထပ်ခါတလဲလဲ ထ ထိုင်နိုင်အောင် သင်ယူခိုင်းသည့် အစီအစဉ်ဖြစ်သည်။ ပထမတော့ ခါးပတ်ကြီးတစ်ခုဝတ်ပြီး ထိုင်ရသည်။ နောက် ခုံတန်းတစ်ခုအစွန်းမှာ ထိုင်ရင်း ကိုယ်ကို ငြိမ်အောင်ထိန်းရသည်။ ထို့နောက် လေ့ကျင့်ဘောလုံးကြီးပေါ်ထိုင်ခိုင်းသည်။ အဲသည့်နောက်မှာတော့ ဘောလုံးပေါ်ထိုင်လျှက်က ပြန်လည်ထူထောင်လေ့ကျင့်ပေးသည့် ဆရာနှင့် ဘောလုံး ပစ်ဖမ်းကစားရသည်။ ထိုကဲ့သို့ လေ့ကျင့်ခြင်းဖြင့် လက်များကို သန်မာထိန်းသိမ်းနိုင်စေသည်။ ကားထဲ ၀င်ထွက်ရတာ လွယ်ကူစေသည်။ ၀ှီးချဲလ်ပေါ် ထိုင်ကာ ဘီးကို လွယ်လွယ်ကူကူ လှိမ့်စေသည်။ ရှောင်နိုင် ကွေ့နိုင်စေသည်။

သူနာပြုဆရာမက ကော့တ်ကို ပြန်လည်ထူထောင်ရေး အဖွဲ့၏ ဒူပေနာပေခံ စက်ကြီး(the Workhorse of Rehab) ဟု နာမည်ပြောင် ပေးထားသည်။ သူသည် ဘာခိုင်းခိုင်း လုပ်သည်။ သူ့နောက်ကျောမှာ သံချောင်းတွေ၊ ချုပ်ရိုးတွေ ရာပေါင်းများစွာရှိနေသော်လည်း အကုန်လုပ်သည်။ ပြီးတော့ သူမှာ အကူအညီတွေလည်း ရှိခဲ့သည်။ အဒမ်နှင့် သူ့အကိုနောက်တစ်ယောက် ဆမ်တို့ ဆေးရုံကိုလာပြီး သူ့ဆီကို ဘောလုံးတွေပစ်ပေးပြီး ကစားခဲ့ကြသည်။ ကွဲနေပြီဖြစ်သော သူ့အဖေနှင့် အမေတို့သည်လည်း တစ်ယောက်တစ်လှည့် ဆေးရုံကို လာစောင့်ကြသည်။

ကော့တ်သည် အလေးကစားခြင်းကိုလည်း မရပ်လို၊ ထို့ကြောင့် “အဖေ၊ ကျွန်တော်တို့ ဒီနေ့လည်း ၀ိတ်မ ဦးမှာ မဟုတ်လား?” ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ ပြီးနောက် မေးသည်။ ရစ်ခ်ျက ပြန်ပြောပြသည်။ “သူနေ့တိုင်း နည်းနည်းမနိုင်အောင် ကျွန်တော်သူ့ကို လေ့ကျင့်ခန်းလေးခုစီ ခွဲပေးရတယ်။” “သူအဲဒါနဲ့ကို ပင်ပန်းနေပြီ။” ပြန်လည်ထူထောင်ရေး အစီအစဉ်သည် ဖေဖော်ဝါရီ ဒုတိယအပတ်ထိ ကြာမည်ဖြစ်သည်။ ကော့တ် ဆေးရုံမှ ဆင်းခဲ့သည်မှာတော့ ဇန်န၀ါရီ ၁၉ ရက်ဖြစ်သည်။

ထို့နောက် တကယ့်အဖြစ်သည် စ ပါတော့သည်။ သူ တစ်လခွဲ ကြာ နေခဲ့သော Childrens’ Hospital တွင် ညီပြန့်နေသော ကော်ရီဒါများရှိသည်။ ဂ မု တွေမရှိ၊ ရွှံ့နွံ မရှိ၊ အဟန့်အတားတွေ မရှိ၊ နှင်းခဲတွေ မရှိ။ အခုတော့ ရစ်ခ်ျ၏အိမ်တွင်ကျတော့? ဆင်ခြေလျှောလမ်းများမရှိ၊ လှေးခါးတွေသာရှိသည်။ ကျောက်စရစ်ခင်းထားသော လမ်းများလည်း မရှိတော့ပြီ။ ပြီးတော့ အိုဟိုင်းအိုးက ဇန်န၀ါရီလသည် အလွန်အေးခဲလှသော ဆောင်းရာသီကာလဖြစ်ဆဲပင်။ နှင်းတွေထဲမှာ ၀ှီးချဲလ်လှိမ့်သွားခြင်းသည် မိုးလုံလေလုံ ရေခဲပြင်ကြီးပေါ်တွင် တောင်တက်စက်ဘီး နင်းရသလိုပင်ဖြစ်သည်။ ထိုတိုင်းပြည်ရှိ လေးမြားနှင့် အမဲလိုက်မုဆိုးများကို ကျေးဇူးးတင်ရမည်ဖြစ်သည်။ လူသိများသော အမဲလိုက် ၀ဘ်ဆိုက်တစ်ခုဖြစ်သည့် Bowsite.com တွင် သူ့အကြောင်း ပို့စ်တစ်ခုတင်ခဲ့သည့်အတွက် ပြည်နယ်တစ်ခုလုံးမှ မုဆိုးများ ရောက်လာကြပြီး သူ့အိမ်မှာရှိ ကုန်းပတ်နှင့်အညီ ဆင်ခြေလျှောလမ်းများ ဆောက်လုပ်ပေးကြသည်။ မြေအောက်ခန်းမှာ ကော့တ်အတွက် အိပ်ခန်းအပိုတစ်ခုကိုပင် တည်ဆောက်ပေးခဲ့ကြသည်။ ထိုအလုပ်များအတွက် အမေရိက တစ်ခုလုံးမှ မုဆိုးများ ပေါင်းစုလှူဒါန်းပေးကြသည်။

“ကျွန်တော် လုပ်စရာရှိတာကိုသာ ဆက်လုပ်နေခဲ့တယ်။” ကော့တ်က ပြောသည်။ “နောက်ဆုံးတော့ ဘာကြောင့်ငါ့မှ လာဖြစ်ရသလဲ ဆိုတဲ့ အတွေးတွေ ပျောက်ကွယ်သွာပြီ။ ကျွန်တော့်မှာ ကျေးဇူးတင်စရာတွေ အများကြီးရှိနေပြီ။ ဘာကြောင့်ဆို ကျွန်တော် ပြုတ်ကျခဲ့တုန်းက အဲသည့်သေနတ်က ကျည်ထွက်သွားကောင်းသွားနိုင်တယ် ဒါမှမဟုတ် ကျွန်တော် လည်ပင်းကျိုးသွားပြီး အများကြီး ပိုဆိုသွားနိုင်သေးတယ်။ အဲသည့်လို အတွေးကောင်းတွေ ကျွန်တော့်စိတ်ထဲ တဖြည်းဖြည်း များများလာတယ်။”

ရေကူးကန်မှာ

Fleming မြို့အနီးမှ Marrietta YMCA တွင် ကလေးများနှင့် သူတို့မိဘများသည် ရေကူးကန်တလျှောက် စီတန်းထားကြသည်။ အလွတ်ကူးပြိုင်ပွဲ စတင်နေပြီ။ အသက်၁၅နှစ် ပြည့်ပြီဖြစ်သော ကော့တ်သည် သူ့အဖွဲ့နှင့်အတူ ဖားကူးပြိုင်ရမည့် ပွဲသို့ ရောက်ရှိနေပြီ။ ခြေထောက်များ သုံးမရသောဆယ်ကျော်သက် ကော့တ်သည် အထက်တန်းကျောင်း ရေကူးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် နေခြင်းဖြစ်သည်။

တခြားသော ပြိုင်ပွဲဝင်ကလေးများသည် ရေကူးရင်း တစ်ဖက်နံရံရောက်သည်နှင့် လွယ်လွယ်ကူကူ ပြန်လှည့်သွားနိုင်သည်။ ကော့တ်ကျတော့ အဲသည်လိုမဟုတ်။ သူ့လက်တွေသုံးပြီး တစ်ပတ်ပြည့်အောင် ကိုယ်ကိုလှည့်ပြီး တွန်းရသည်။ ကိစ္စတော့မရှိပါ။ သြဘာပေးခြင်းများသည် အနိုင်ရရှိသူများအတွက်သာ မဟုတ်ပါ။ တခါတရံ ထိုလက်ခုပ်သံများသည် ကိုယ့်ဝိတ်ကို ထိန်းနိုင်ဖို့ လက်တစ်ဖက်ကို အမြဲ ရှေ့မှာထားပြီး ကူးခတ်တတ်အောင် သင်ကြားထားသော ကလေးတစ်ယောက်ဆီသို့ အများဆုံးသွားတတ်သည်။ ထိုကလေးသည် သူ့အဖွဲ့အတွက်သာ ကူးခတ်ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ ၀ှီးချဲလ်ပေါ်မှာရှိသည့် လူတိုင်းအတွက် ကူးခတ်နေခြင်းဖြစ်သည်။

သို့သော် ထိုဗီဇများ.. ၎င်းတို့သည် ကမ္ဘာ့ရေးကူးချန်ပီယံဖြစ်လာဖို့ မဟုတ်ပါ။ သူ့အကို Adam သည် အောင်မြင်သော အလေးမ သမားဖြစ်သည်။ ကော့တ်သည် ထိခိုက်မှုကြီး မဖြစ်ခင်ကတည်းက ဂျင်မ်ထဲမှာ စကစားထားသူဖြစ်သည်။ သူ့အဖေ Rich သည်လည်း အလေးကစားနည်းတွေအကြောင်း နောကျေနေသူဖြစ်သည်။ ရေးကူးခြင်းသည် Cardio အတွက်တော့ ဟုတ်နေပြီ။ သို့သော် သူတို့ ၀ိန်းမျိုးရိုးက အလေးမကြသည်။

အလေးကစားနည်းတွေထဲမှာ သူ့လိုလူအတွက် သို့မဟုတ် တခြားနည်းစနစ်အသစ်တွေများ ရှိလေသလား? ကော့တ်ရဲ့ဇာတ်လမ်းကို ကောင်းကောင်းသိထားလျှင်တော့ ရှိရမည်ဆိုတာ ကျွန်တော်တို့ သိသည်။ အချိန်တော့ နည်းနည်းပိုကြာလိမ့်မည်။ ဘာကြောင့်ဆို ၀ှီးချဲလ်ထဲမှာဖြစ်သည့်အတွက် အရာရာတိုင်းသည် ပိုကြာသွားမည်ဆိုတာ ကျွန်တော်တို့ သိထားသည်။ ကော့တ်တို့အိမ်သည် ၀ှီးချဲလ်သမားများအတွက် ဆောက်လုပ်ထားခဲ့သည်မဟုတ်။ ၀ိတ်ကစားသည့်အခန်းက ဒုတိယထပ်မှာဖြစ်သည်။ Rich သည် ကော့တ်ကို အရင် အပေါ်ကို ထမ်းသွားရမည်။ ပြီး အောက်ဆင်းပြီး ၀ှီးချဲလ်ကို တခါ ပြန်ဆင်းယူရမည်ကို စဉ်းစားကြည့်နိုင်သည်။ ကော့တ်က သူ့ဝှီးချဲလ်ကို ခုံစောင်းရင်ဘတ်တွန်းသည့် နေရာကို လှိမ့်သွားမည်။ အဲသည့်မှာ ခုံပေါ်ထိုင်ရန် သူ့ကိုယ်သူ သေချာထိန်းရွှေ့ထိုင်။ ပြီးတော့ သူ့အဖေက သူ့ကို ၆၅ပေါင် ဒမ်ဘယ်တစ်ဖက်စီ တင်ပေး။ သူ ရင်ဘတ်တွန်းသည်ကို စောင့်ကြည့်ထိန်းပေး။ တစ်ကျော့ကစားပြီး ဒမ်ဘယ်များ ကော့တ် ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်ကို မြင်ယောင်ကြည့်ပါ။ ထို့နောက် Rich က တစ်ခါ ဒမ်ဘယ်တွေ နောက်တစ်ကျော့အတွက် ပြန်တင်ပေး။ အဲသည့် အစီအစဉ်အတိုင်း အင်ကလိုင်း ရင်ဘတ်ခွဲ၊ ရေပြင်ညီခုံ ရင်ဘတ်ခွဲအတွက် ဆက်ကစားကြသည်။ ထို့နောက် နောက်ဆုံးလေ့ကျင့်ခန်း နှစ်မျိုးအတွက် ကော့တ်သည် ညောင်းကိုက်နေပြီဖြစ်သော လက်နှစ်ဖက်ဖြင့် လှေခါးလက်ရမ်းများကို ဆုပ်ကိုင်ပြီး အောက်ထပ်နှစ်ထပ် (မြေအောက်ခန်းသို့) ဆင်းသွားသည်။ နှစ်ထပ်လွှာကို လှေကားမှ ဆင်းဖို့ အချိန် ဘယ်လောက်လောက် ယူရမည်နည်း? စက္ကန့် ၂၀ သို့မဟုတ် ၃၀ ဖြစ်နိုင်သည်။ ကော့တ်အတွက်တော့ ၅ မိနစ်ကနေ ၁၀ မိနစ်ကြာသည်။

အဲသည့်မှာ ကော့တ်သည် စက်ဖြင့် ရင်ဘတ်တွန်း၊ ပက်လက်အိပ် လက်မောင်းနောက်သားဆန့်တို့ မပြီးဆုံးမီတွင် ကျွန်တော်တို့သည် ဇာတ်လမ်းကို ကျော်လိုက်ကြပါစို့။ သူ့ ခရီးသည် အခုမှ စတာဖြစ်ပြီး လာမည့်နှစ်များမှာ သူလုပ်ရမည့် အလုပ်တွေ နောက်ထပ်နောက်ထပ် များစွာကျန်ရှိနေသေးပေသည်။

ကော့တ်သည် ကောလိပ် ဒုတိယနှစ် ကျောင်းသားကြီးဖြစ်နေသည့် အချိန် Ohio, Kenton မှာ ကျင်းပသည့် Ohio High School State Powerlifting Championships မှာ စသည်။ Adam နှင့်အတူ ၀င်ပြိုင်သည်။ ညီအကိုနှစ်ယောက်သည် state champions အတူတကွ ဖြစ်ကြရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ကော့တ်သည် ထိုင်ထတွေ၊ ဒတ်လစ်ဖ်တွေ မလုပ်နိုင်ဘဲ ရင်ဘတ်တွန်းများသာ အများကစားထားသော်လည်း သူနိုင်ရမည်ဟု စိတ်စွဲထားသည်။ သို့သော် ပေါင်ချိန်ရမည့် အချိန်ကျတော့ မတ်တတ်မရပ်နိုင်သည့်လူအတွက် ဘယ်လိုလုပ်မည်လဲ? “ပြောပါရစေ.. သူငယ်ချင်း” Rich က ကိုယ်အလေးချိန် ချိန်ပေးနေသည့် ပုဂ္ဂိုလ်ကို ပြောသည်။ “မင်းငါ့ကို အရင်ချိန်။ ပြီးရင် ငါက သူ့ကို မထားမယ်။ ငါတို့နှစ်ယောက်လုံးကို ထပ်ချိန်။ နောက်ပြီး ငါ့ ပေါင်ချိန်ကို နှုတ်လိုက်။” ပြီးပြီ။ ကော့တ်က ၁၃၅ ပေါင် အတန်းတွင် ရောက်ပြီး အဒမ်က ၁၈၅ ပေါင်အတန်းတွင်ဖြစ်သည်။

Rich က ၎င်းလေ့ကျင့်ခန်းကို စစ်မှန်သော ရင်အုပ်တွန်းနည်းဟု ဆိုသည်။ နောက်ကျောကော့လို့ မရ။ ခြေထောက်များနှင့် တွန်းခွင့်မရှိ။ ရင်အုပ်နှင့် လက်မောင်းနောက်သားများသာ သုံးရမည်ဖြစ်သည်။ တွန်းဖို့ ပြင်ဆင်ရခြင်းမှာတော့ ပညာပါရသည်။ ကော့တ်သည် ရင်အုပ်တွန်းခုံပေါ်သို့ လွှဲပြောင်းထိုင်လိုက်သည်။ အလေးမ ခါးပတ်ယူပြီး သူ့ခြေထောက်များကို ပတ်သည်။ သို့မှသာ ခြေထောက် ဟန်ချက်မပျက်သွားမည်ဖြစ်သည်။ နောက်လှဲအိပ်သည်။ Rich နှင့် Adam တို့က သူ့ကိုယ်ပေါ် ရင်ဘတ်တွန်း အ၀တ်လွှားလိုက်သည်။ လက်ဖ၀ါးကို မြေဖြူသုတ်သည်။ ဘားကို ကိုင်လိုက်သည်။

ကော့တ်နောက်ဆုံးရင်ဘတ်တွန်း အချိန်ကို ရောက်လေပြီ။ နိုင်ချင်လျှင် ၂၅၀ ပေါင်ကို တွန်းနိုင်ရမည်။ အဒမ်သည် ကော့တ်ရင်ဘတ်မှာ မြေဖြူနှင့်သုတ်လိုက်ပြီး ပြောသည်။ “ညီလေး.. မင်းအစွမ်းကုန်အားထုတ်ကွာ။ ဒါမှ ငါတို့ state champion အတူတူဖြစ်မှာကွ။” ကော့တ်သည် အားနှင့် အလေးကို မလိုက်သည်။ ထို့နောက် အဒမ်သည် စကွဝ်တ်ထိုင်(အလေးထမ်း ထိုင်ထ)စင်သို့ လျှောက်သွားပြီး ပေါင် ၆၀၀ ထမ်းထိုင်ပြပြီး သူ့အတန်းမှာ စုစုပေါင်း ပထမဆုကို ဆွတ်ခူးသွားသည်။ ပြိုင်ပွဲရုံတစ်ရုံလုံး တခဲနက် အားပေးပျော်ရွှင်နေကြသည်။ ဆုကြေညာသည့်အချိန် ကော့တ်သူ့အတန်းတွင် ပထမရသည့်အခါ တစ်ရုံလုံး မတ်တတ်ရပ်ကာ အားပေးချီးကျူးကြသည်။ တခါတရံကျတော့ သြဘာပေးမှုများသည် အနိုင်ရသူများထံသို့ သွားလေ့ရှိသည်။

လှုပ်ရှားသည့် အနေအထားကို ပြင်ဆင်ဖို့ဆိုသည်မှာ ညှိနှိုင်းမှု အနည်းငယ်သာလိုသည်။ ကော့တ်က ရေကူးသည့်အခါ သူ့လက်ကို အပြင်ထုတ်ထားခဲ့သည်။ အလေးမခါးပတ်နှင့် ခုံကို ပတ်ထားသည်။ သူ့ရေချိုးခန်းထဲမှာ ပလက်စတစ်ခုံတစ်လုံးထားထားသည်။ သူတို့၏ ကြာပြီဖြစ်သော လေးမြားနှင့် အမဲလိုက်ခြင်းကိုလည်း မြေကြီးပေါ်မှနေ လိုက်နိုင်နေပြီ။ သူ့ကားကိုလည်း လက်နှင့် လီဗာနင်းနိုင်အောင် ပြင်ဆင် ပြုလုပ်ထားသည်။

အသက်၁၆နှစ်သာရှိပြီး လိုင်စင်ရကာ ထိုကဲ့သို့ မောင်းနိုင်အောင် တတ်နိုင်ပါ့မလား? သို့သော် ကျောင်းကားမှာ တခြားကလေးတွေ အကုန်ပို့ပြီးနောက် သူတစ်ယောက်တည်းကျန်သည့်အခါ မောင်းရသည့် နှစ်နှစ်နီးပါး အတွေ့အကြုံကြောင့် သူတတ်နိုင်သည်။ “ကျွန်တော် ကားမောင်းသည့်အခါ တခြားလူတိုင်းနှင့် အတူတူပင်” ကော့တ်က ပြောသည်။ “ကျွန်တော်တို့အားလုံး ထိုင်နေကြသည်။ ကျွန်တော် ၀ှီးချဲလ်ပေါ်ပဲ ထိုင်ရသည်ကို သူတို့မသိကြတော့။ ပထမဆိုရင် ကျွန်တော်ကားမောင်းပြီဆိုတာနဲ့ ကျွန်တော် အကြောသေနေတယ်ဆိုတာကိုတောင် မေ့သလိုဖြစ်နေခဲ့တယ်။”

အလေးမ ခန်းမတွင်

YMCA တွင် ကော့တ်ကစားနေစဉ် ကလေးတစ်ယောက်က သူ့ဆီကို Flex မဂ္ဂဇင်း တစ်အုပ်နှင့် အတူ ရောက်လာသည်။ “ဒါကိုကြည့်စမ်းပါဦး” ကောင်လေးက ပြောသည်။ “ခင်ဗျား ယုံမှာတောာင်မဟုတ်ဘူး။” သူမဂ္ဂဇင်းဖွင့်သည်။ အဲသည့်အထဲမှာ Florida မှာ NPC Wheelchair Bodybuilding National Championships ကာယဗလပြိုင်ပွဲအကြောင်း ပုံနှင့်တကွ ပါလာသည်။ ထိုအချိန်မှ တပြိုင်နက် အိပ်မက်အသစ်၊ ရည်မှန်းချက်အသစ် ပေါ်ထွန်းလာသည်။ “ဟုတ်ပြီကောင်လေး” ကော့တ်က ပြောသည်။ “ဒါဟာ ငါလုပ်ရတော့မယ့် အရာပဲ။”

Midwestern USA, Indiana, Noblesville မှာ ကျင်းပမည့် ကာယဗလမောင်ပြိုင်ပွဲကို ကော့တ်တွေ့သွားသည်။ သူ့အဖေကိုလည်း သူနှင့်အတူ ၀င်ပြိုင်ဖို့ တိုက်တွန်းသည်။ “ကဲကွာ ပြီးတာပဲ လုပ်လိုက်ကြရအောင်” သူ့ဖခင် ရစ်ခ်ျက ဆိုသည်။ ထို့နောက် ၀ှီးချဲလ်ပေါ်မှ ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ၄၂နှစ်အရွယ် ဖခင်တို့ သူတို့ ပထမဆုံး ကာယဗလပြိုင်ပွဲကို ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။ ဘယ်လိုပြင်ဆင်ရမလဲ သူတို့ ဘာမှ မသိကြသေး။ Perfect Posing ဆိုသည့် ဗီဒီယိုခွေ ၀ယ်ပြီး သူတို့ ကိုယ်ဟန်ပြကွက်များအတွက် ထပ်ခါထပ်ခါ ဖွင့်ကြည့်ကာ လေ့ကျင့်ကြသည်။ အလေးတွေကို အညှိးတွေနှင့်ကစားကြသည်။ protein shakes တွေ၊ creatine တွေ ၀ယ်သောက်ကြသည်။ သူတို့အတွက် တစ်နေ့တာ ကယ်လိုရီကို အတိအကျတွက်ပြီး လုံလောက်အောင်စားကြသလို မပိုသွားအောင်လည်း ထိန်းကြသည်။ Noblesville ရောက်သည့်အချိန် ကိုယ်ပေါ်ဆေးလိမ်းသည်။ ပြီး ဆီဖြန်းသည်။ သို့မှသာ မီးရောင်အောက်မှာ သူတို့ ဗလတွေ တောက်ပြောင်နေမည်ဖြစ်သည်။ ကော့တ်က ဘောင်းဘီ အမည်းရောင် ၀တ်ထားသည်။ ထို့ကြောင့် အာရုံများသည် သူ့ကိုယ်အပေါ်ပိုင်းဆီသို့သာ ရောက်သွားမည်ဖြစ်သည်။ စင်ပေါ်တွင် ၀ှီးချဲလ်ကို ဟိုဘက်အစွန်း သည်ဘက် အစွန်း လှည့်သွားရင်းက most musculars တွေညှစ်ပြသည်။ ၀င်းထောက် ညှစ်သည်။ ဘယ်လီညှစ်ပြသည်။ နောက်ဆုံးတော့ သူသည် ၀ှီးချဲလ်အတန်းတွင် ပထမရသည်။ ရစ်ခ်ျကတော့ ကိုယ်ခန္ဓာ အဆီ ၅% နှင့် အတန်းပေါင်းစုံတွင် အနိုင်ရသည်။ ဆုပေးပွဲ၌ အဖေနှင့် သား တပြိုင်တည်းဆုယူသည်ကို ပရိတ်သတ်အကုန် မတ်တတ်ရပ်ကာ တခဲနက်အားပေးကြသည်။ Rich အတွက်တော့ ဒါသည် နောက်ဆုံးပြိုင်ပွဲဖြစ်သည်။ ကော့တ်အတွက်တော့ ထိုကဲ့သို့ မဟုတ်။ “ကျွန်တော် ဆုချိတ်သွားပြီးနောက်” သူပြောသည်။ “နောက်တစ်ပွဲဘယ်တော့လဲ၊ ဘယ်မှာရှိသေးလဲ”

နောက်တစ်ပွဲသည် Las Vegas မှာဖြစ်သည်။ USA Wheelchair Bodybuilding Championships ဖြစ်သည်။ အခုဆိုလျှင် ကော့တ်သည် အစားအသောက်အကြောင်း ပိုနားလည်လာပြီဖြစ်သည်။ Noblesville တုန်းက အဆီမရှိခြင်းဖြစ်သည်။ သည်တစ်ကြိမ်တော့ ကွဲပြားပေါ်လွင်နေခြင်းဖြစ်သည်။ သူ နေ့တိုင်းနီးပါး ရေကူးသည်။ ပြိုင်ပွဲနီးလာလေလေ ဂျင်မ်ထဲမှာ ကစားသည့် အကြိမ်ရေများတိုးလေ ဖြစ်သည်။ နေ့တိုင်းလည်း မှန်ထဲကြည့်ပြီး ကိုယ်ဟန်ပြ တစ်နာရီကျင့်သည်။ ပြိုင်ပွဲမတိုင်မီ တစ်ရက်၌ သူ့ bodyfat သည် 4.9%။ ကွဲပြဲနေပြီး နေရာတိုင်းမှာ သွေးကြောတွေ ထင်းနေသည်။ သူ ပြိုင်ပွဲအာရုံကို ဖမ်းစားတော့မည်ဖြစ်သည်။ တကယ်လည်းပဲ သူသာလျှင် ပြိုင်ပွဲဖြစ်ခဲ့သည်။ အဲသည့်မှာ ယှဉ်ပြိုင်သူဟူ၍ သူတစ်ယောက်သာ ဖြစ်သည်။ စီစဉ်သူက ပြိုင်ပွဲဝင် ၈ယောက် ကနေ ၁၀ ယောက်ရှိသည်ဟု ဆိုခဲ့သော်လည်း တကယ်တမ်း သူတစ်ယောက်တည်းသာ ပြိုင်ရသည်။

စိတ်ပျက်သွားခဲ့ပြီလား? သူ တကယ်လည်း စိတ်ပျက်ခဲ့သည်။ သူ့ဒုတိယ ပြိုင်ပွဲကို နိုင်ဖို့ နည်းလမ်းမရှိတော့ပြီ။ သို့သော်လည်း ပရိသတ်မှာ နားမလည်နိုင်လောက်အောင် အံ့အားသင့်ခဲ့ကြသည်။ “သူတို့တွေ ကျွန်တော် လုပ်ခဲ့တာကို အားကျချီးမွမ်းကြတယ်။ ပြီးတော့ အဲသည့်ပြိုင်ပွဲက သူတို့ကို စိတ်ဓာတ်မြင့်တင်ပေးတယ်လို့ ဆိုကြတယ်။” ကော့တ် ပြောသည်။ “ထိခိုက်မှုဖြစ်ပြီး ကျွန်တော် အလေးမရသည့် အကြောင်းရင်းတစ်ခုသည် ကျွန်တော်သည် ၀ှီးချဲလ်ထဲမှာ အကူအညီမဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေမည့်သူ မဟုတ်ကြောင်း လူတွေကို သက်သေပြချင်လို့ပါ။ ကျွန်တော်ဟာ တကယ့်ကို သန်မာပြီး ကိစ္စများစွာကို လုပ်နိုင်တဲ့ သူပါ။”

ဖလော်ရီဒါ West Palm ကမ်းခြေ

ကော့တ်၏ အကျပ်တည်းဆုံးဖြစ်မည့် ပြိုင်ပွဲ။ NPC Wheelchair Bodybuilding. ၀ှီးချဲလ် ကာယဗလလောကမှာ အကြီးကျယ်ဆုံးပွဲ။ Flex မဂ္ဂဇင်းမှာ စမြင်ကတည်းက သူအိပ်မက်မက်ခဲ့သော ပွဲ။

ကော့တ်သည် အသက် ၁၇ ပြည့်ပြီး နှစ်လ စွန်းစွန်းပဲ ရှိသေးသည့် အခုအချိန် – သူသည် ပရိုတိန်းများများပါသော စားသောက်နည်း၊ နေ့စဉ် protein shake၊ ပြီးတော့ creatine ပိုသုံးစွဲမှု စသည့်နည်းလမ်းဗျူဟာများနှင့် ထုထည်တော်တော်ကြီးနေပြီ ဖြစ်သည်။ ဒီတခါ သူ့အဓိက ပြိုင်ဖက်က ဘယ်သူလဲ? မနှစ် က ချန်ပီယံ အသက်သုံးဆယ်ကျော် တိကုဆရာဝန်ဖြစ်ပြီး သူနှင့် တစ်တန်းတည်း ပြိုင်ရမည်ဖြစ်သည်။ ကိစ္စတော့ မရှိ။ ကော့တ်သည် သူ့အတန်းမှာ ကြွက်သားကျယ်ပြန့်မှု၊ ထုထည်များကို ပြသနိုင်ပြီး အနိုင်ယူသွားခဲ့ပြီး အတန်းပေါင်းစုံမှာ ဒုတိယ ရခဲ့သည်။

နောက်တစ်ပွဲသည် Nationals. ဖြစ်သည်။ ကော့တ်၏ သည်နေရာမှာ ပြိုင်ဖက်ကြီးသည် ထုထည်ကြီးမားသော ဟဲဗီးဝိတ်ကြီးဖြစ်ပြီး ၎င်းသည် ကိုယ်ဟန်ပြကောင်းကောင်း မပြတတ်သလို ကော့တ်ကဲ့သို့လည်း ကြွက်သားပေါ်လွင်ခြင်းမရှိ။ ကော့တ်သည် middleweight အတန်းကို အေးအေးဆေးဆေး နိုင်သွားသည်။ ထို့နောက်မှာတော့ သူသည် အတန်းပေါင်းစုံတွင် အောင်နိုင်သွားပြီး Mr.Olympia of Wheelchair bodybuilding ဖြစ်လာသည်။ အားကစားတစ်ခုတွင် အမြင့်မားဆုံးဆုကို ဆယ်ကျော်သက်ကလေးက လေ့ကျင့်မှုကာလ နှစ်နှစ်အောက်တည်းနှင့် အနိုင်ရရှိသွားခြင်းကို မြင်ယောင်ကြည့်ပါ။

“ကြေညာတာက မကြာလိုက်ပါ။” ကော့တ်က သူ့အောင်နိုင်မှုအကြောင်း ပြန်ပြောပြသည်။  “ပြီးတဲ့နောက် ကျွန်တော် စိတ်လွတ်သွားချင်သော်လည်း တည်ငြိမ်အောင် ထိန်းထားရသည်။ အဲဒါ အရမ်းကို အံ့သြစရာ ခံစားမှုပဲ။ ကျွန်တော့်ဘ၀မှာ အကြီးကျယ်ဆုံး အချိန်ကာလလေး တစ်ခုပါပဲ။”

ဒါနဲ့ ဘာလို့ ဒီမှာ ရပ်လိုက်ရမလဲ? အသက် ၁၈နှစ်မှာ ကော့တ်သည် Nationals ကို ထပ်ပြိုင်ပြီး middleweight အတန်းကို ပြန်နိုင်ခဲ့သော်လည်း အတန်းပေါင်းစုံမှာတော့ ရှုံးသွားခဲ့သည်။ ပြီးတော့ ဧည့်သည် ကိုယ်ဟန်ပြမောင်အနေနှင့်ရော? ကော့တ်ကို သူလိုက်နိုင်တာထက်တောင် ပိုပြီး ဖိတ်ခေါ်ကြသည်။ တခါ collegiate nationals လား. သူမမှတ်မိတော့။ သူမှတ်မိသည်မှာ ရော်နီကိုးလ်မင်း၊ ဂျေးကတ်တလာ၊ ဂွန်တာ ရှလီယာကမ့်စသည့် ကမ္ဘာ့ကာယဗလ ကြယ်ပွင့်ကြီးများနှင့်အတူ ဧည့်သည် သရုပ်ပြသခြင်းဖြစ်သည်။

နောက်တစ်နှစ်မှာ ယှဉ်ပြိုင်ခြင်းမရှိပဲ ယခုနှစ်မှာ သူသည် သူ့သက်တမ်း အကြပ်တည်းဆုံး ပြိုင်ပွဲကို ၀င်ပြိုင်သည်။ အစားအသောက် ပိုဆင်ခြင်သည်။ ပြီးတော့ ပြင်းပြင်းထန်ထန် နှစ်လုံးပေါက်ကစားမှု ဒဏ်ကြောင့် သူ့နောက်ကျောထဲက သံချောင်းတစ်ချောင်း ကျိုးသွားခဲ့သည်။ သူ့ကို မပြိုင်နိုင်အောင် တားမလိုဖြစ်ခဲ့သည်။ သို့သော် သူဘာလုပ်သလဲ? Seattle က Emerald Cup မှာ ကိုယ်ဟန်သွားပြလိုက်ပြီးမှ ကျိုးသွားတဲ့ သံချောင်းကို ပြုပြင်ဖို့ ခွဲစိတ်ခန်းဝင်ရသည်။ တစ်လကြာတော့ သူ ဂျင်မ်ထဲ ပြန်ရောက်နေသည်။ သူ့ကို နောက်ထပ်အကြာကြီး နားရဖို့ ဆရာဝန်တွေ မှန်းထားကြသော်လည်း သူသည် မှန်းထားသည်ထက် လျှင်မြန်စွာ ပြန်လည် အားပြည့် ကောင်းမွန်လာသည်။ ဘာကြောင့်လဲ တွက်ကြည့်ပါ။

“ကော့တ်သည် ကျွန်တော့်ဘ၀တစ်လျှောက် သင်ယူရသမျှထက်ပိုသော သတ္တိနှင့် စိတ်ဓာတ်အကြောင်းကို ကျွန်တော့်ကို သင်ပြပေးသွားသည်။” ရစ်ခ်ျက ဆိုသည်။ “သူဟာ ကျွန်တော့်အတွက် သားတစ်ယောက်ထက် ပိုပါတယ်။ သူဟာ ကျွန်တော့် သူရဲကောင်းပါ။ သူဟာ လောကဓံ ဒုက္ခဆိုတာမျိုးကို မျက်လုံးနှင့် တည့်တည့်စိုက်ကြည့်နေပြီး မျက်တောင် မခတ်တတ်သော လူစားမျိုးဖြစ်သည်။ ကျွန်တော်သာဆို အဲသည့်နေရာမှာ အဲသည်လို သတ္တိမျိုး ရှိနိုင်လိမ့်မည်လို့မထင်။ သူအဲသည့်စိတ်ဓာတ်မျိုး ဘယ်က ရလာသလဲဆိုတာ ကျွန်တော် မသိတော့ပါ။”

သစ်ပင်ပေါ်တွင်

သစ်ပင်တစ်ခုအပေါ်တွင်။ ဤဇာတ်လမ်း စတင်ခဲ့သော နေရာ။ ကော့တ်ဝင်း၏ မထူးခြားသော နေ့တစ်နေ့တွင် သွားလေ့ရှိခဲ့သော နေရာ။ သို့သော် အခုသွားမှာ လွမ်းဖို့မဟုတ်။ ကယ်လီဖိုးနီးယားမှာ မသန်စွမ်းသော ပုဂ္ဂိုလ်တစ်ယောက် Yosemite National Park ရှိ El Capitan တောင်ကို Pulley System တစ်ခု တီထွင်ပြီး တက်ပြသွားကြောင်း သူကြားမိသည်။ El Cap တောင်ကို တက်နိုင်လျှင် သစ်ပင်တစ်ပင်ပေါ် ဘာလို့ မတက်နိုင်ရမလဲ? “ဒါဟာ စိန်ခေါ်မှုအသစ်ပဲ။” ကော့တ်ပြောသည်။ “ကျွန်တော် ကြိုးစားကြည့်ချင်တယ်။ မသန်စွမ်းသော လူတစ်ယောက် သစ်ပင်ပေါ်တက် အမဲလိုက်သည့်အကြောင်း တခါမှ မကြားဖူးသေးပါ။” သူ ထို Pulley System များကို သုံးပြီး တက်ခဲ့သည်။

“ကျွန်တော် အမဲလိုက်နေတုန်းမှာ ပြုတ်ကျသွားတာဖြစ်သည့်အတွက်ကြောင့် ကျွန်တော့် ထိခိုက်ဒဏ်ရာသည် အမဲလိုက်ခြင်းကြောင့်ဟူ၍ စွပ်စွဲလို့ မရပါ။ ကျွန်တော်သည် လုံခြုံရေးကိရိယာများ၊ ကာကွယ်ရေးပစ္စည်းများ မပါဘဲ သစ်ပင်ပေါ်  တက်ကို မတက်သင့်ပါ။ အဲသည်လိုပဲ တစ်နာရီ မိုင် ၁၀၀ နှုန်းဆိုတာမျိုးကိုလည်း လုံးဝမလုပ်သင့်ပါ။ Accidents တွေ ဖြစ်သွားခဲ့ပြီ။ ကျွန်တော့် accident မှ ကျွန်တော် အများကြီး သင်ယူတတ်မြောက်ခဲ့သည်။ ၎င်းသည် ကျွန်တော့်ကို အရာအားလုံးအား အမြင့်သစ် တစ်မျိုးဖြင့် မြင်စေခဲ့သည်။ ကျွန်တော် ဘယ်တော့မှ မလုပ်နိုင်မည့် အရာများကို လုပ်နိုင်စေခဲ့သည်။ သေချာပါတယ်။ ကျွန်တော် လမ်းပြန်လျှောက်ချင်တယ်ဆိုတာ။ ဒါပေမယ့် ကျွန်တော့် accident ကို မပြောင်းလဲချင်ပါ။ ၎င်းကြောင့် ကျွန်တော်ရခဲ့တဲ့ အတွေ့အကြုံတွေကို ဘယ်တော့မှ မပြောင်းလဲစေချင်ပါ။”

သစ်ပင်ပေါ်မှာ စခဲ့တဲ့ အဲသည့်နေ့လေးကနေဆိုလျှင် ၇နှစ် ရှိခဲ့ပြီ။ ကော့တ်သည် နောက်ထပ်ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ယူလိုဆဲပင် ဖြစ်သည်။ တနေ့နေ့၌ သူသည် international wheelchair bodybuilding division ကို တည်ထောင်နိုင်မည်ဟု ရည်မှန်းထားသည်။ သူသည် သူ့အဘိုးတည်ထောင်ခဲ့ပြီး သူ့အဖေလုပ်ကိုင်နေသော Electronic Design for Industry တွင် ပျော်ရွှင်စွာ လုပ်ကိုင်နေစဉ်တွင် သူသည် အချိန်ပြည့် personal trainer ဖြစ်ချင်သည်။ သူ့ကိုယ်ပိုင် ဂျင်မ်ကိုတောင် သူ ဖွင့်ချင်နေသည်။

“ကျွန်တော် လုပ်ရမည့်၊ ပြီးမြောက်ရမည့် ကိစ္စတွေ အများကြီး ကျန်သေးတယ်။” ကော့တ် ဆိုသည်။ “ဒါပေမယ့် ကျွန်တော် အရမ်းကံကောင်းတယ်။ ကျွန်တော် နေရာမျိုးစုံကို ရောက်ပြီးပြီ။ အမေရိက တခွင် ဧည့်သည် သရုပ်ပြနှင့် ပြိုင်ပွဲတွေ အများကြီး ၀င်ရောက်ခဲ့ပြီ။ လူတော်တော်များများမှာ အဲသည်လို အခွင့်အရေးတွေ မရကြပါ။ ကျွန်တော်ကတော့ အဲဒါတွေဖြစ်လာအောင် ပြင်းပြင်းထန်ထန်ကြိုးစားခြင်း၊ အာရုံစူးစိုက်ထားခြင်းနှင့် ရည်မှန်းချက် တစ်ခုကို နောက်တစ်ခုနှင့် အစားထိုးခြင်းတို့ဖြင့် ကြိုးပမ်းရယူခဲ့တယ်။” (hard work, staying focused and replacing one ream with another.)

ဆေးရုံပေါ်က မေးခွန်းဆီကို ပြန်သွားကြအောင်။ ဘာကြောင့် ကျွန်တော့်မှ ဖြစ်ရတာလဲ?

“ဒါဟာ ကံတရားလိုမျိုးပဲလို့ ကျွန်တော်ထင်တယ်။” သူပြောသည်။ “အဲဒါရဲ့နောက်မှာ ကျွန်တော်လုပ်နိုင်တဲ့ ကြီးကျယ်သော ကိစ္စတစ်ခုရှိနေတယ်။ ဒါကြောင့်မို့ပဲ ဒါဟာကျွန်တော့်ကိုမှ လာဖြစ်တာပါ။ တစ်စုံတစ်ယောက်ကို အဲသည့်လိုမျိုး တစ်စုံတစ်ခု ဖြစ်တော့မယ်ဆိုရင် စိတ်ဓာတ်သတ္တိနှင့် ခွန်အားရှိသော ကျွန်တော်လို လူမျိုးဆီကိုပဲ ဖြစ်သင့်ပါတယ်။”

Related posts:

  1. 3 D Bodybuilding Exercises – the Book
  2. Optimum Bodybuilding Theories – The Book
  3. 2012 SEA Bodybuilding Championship
  4. ကွန်ပျူတာနှင့် Bodybuilding Programmes များ
  5. တီထွင်ကြံဆ လေ့ကျင့်ပါ လို့ ဆိုလာတဲ့ မောင်အိုလံပီယာ(၇)ထပ်ကွမ်း အာနိုး၏ ပြောစကား